ကိုဖေသောင်းကိုလေ ညို အရမ်းစိတ်ကုန်နေတာ သိလား၊ ဘာမှလည်း ညို့အပေါ်မှာ မခင်တတ်ဘူး ညို့ကို နေပူခံဆောင်းတဲ့ ဦးထုပ်လောက်တောင် အလေးမထားဘူး။ ဦးထုပ်ကိုတောင် ညစ်ပေနေရင် သန့်စင်ဖို့ သတိရချင်ရမယ် ညို့ကိုတော့ တွေ့တုန်းက ပြောချင်တာပြောလုပ်ခဲ့ပြီး ညို လိုက်လာတာတောင် ဂရုစိုက်ဖော်မရဘူးလို့ ညို စဉ်းစားပြီး ဝမ်းနည်းနေတာ။ ဒါပေမယ့် ကိုဖေသောင်းက ညို့ကိုမြင်တော့ မလာနိုင်ပေမယ့် ‘ငါ့ညီမလေး တောကတောင် လိုက်လာ အားပေးတာကွာ ထမင်းထုပ်ပေးလိုက်ပါလို့’ ပြောလိုက်တဲ့မျက်နှာလေး ညို မြင်လိုက်ရလို့ အားလုံး အရည်ပျော်သွားရော ဟု သူမ ဝန်ခံရန် ဆုံးဖြတ်ထားသည်။
ဟောပြောစင်မြင့်နှင့် မလှမ်းမကမ်းသစ်ပင်ရင်းတွင် ထမင်းထုပ်ကို ဖြည်စားရင်း ဟောပြောချက်များ နားထောင်လိုက် ဖေသောင်းထံ လှမ်းကြည့်လိုက်လုပ်နေသော ညို အား မခင်အေးက မသက်မသာ မျက်နှာဖြင့်ကြည့်ကာ
“နင် ဒီလို ထိုင်စားနေတာ ငါမြင်ရတာ ဝမ်းနည်းသလိုကြီး” ပြောသည်။ သူမတို့နည်းတူ ကြုံရာနေရာ ထမင်းထုပ် ဖြည်စားနေသူ အများကြီးရှိပါလျက် ဘာကြောင့် ထိုသို့ပြောသည် မသိ။ အဝေးကလာတဲ့သူတွေကို ကျွေးကြပါကွာ တို့က ကျောင်းခံတွေ ကိစ္စမရှိပါဘူးဟူသော ပြောသံများဖြင့် ဝေငှပေးနေသည်ကိုလည်း မြင်ပါလျက် ...
“ငါ ပြောချင်တာက နင်ဟာ ကိုဖေသောင်းဆီကရတာဆို ဘာမဆိုနဲ့ ကျေနပ်လိုက်တာပဲ ရောင့်ရဲလိုက်တာပဲ ငါ့မျက်စိထဲမှာ နင် ထမင်းစားနေတာဟာ ကလေးလေးတယောက် အရိုက်ခံရပြီး မျက်ရည်စက်လက်နဲ့ စားနေတာ ကြည့်ရသလိုပဲ ငါ စိတ်မကောင်းဘူး”
မခင်အေးစကားကြောင့် ညို့ ရင်ထဲ ဇွတ်နှစ်ထားရသော အရာတခု ဘွားခနဲပေါ်လာသည်။ ထိုအရာသည် စိမ်းကားခြင်း ကြိမ်လုံးဖြင့် နာနာနက်ခံထားရသော သံယောဇဉ်ကလေးပင် ကလေးငယ်၏ မျက်ရည်စို မျက်နှာ၊ တိုးတိမ်တိမ် ရှိုက်သံပင်ဖြစ်သည်ဟုလည်း သူမဖာသာ သိခဲ့ပြီးသားပင်ဖြစ်သည်။
ညို ဘာမှ ပြန်မပြောဖြစ်၊ သူမ မကြိုက်သော ငါးတတုံးနှင့် ဟင်းရည်ကျဲသာ ပါသော ထမင်းထုပ်ထဲမှ အရွက်အဖတ်များကိုသာ ဝါးစားရင်း အစာလွန်နေသည့်ပြဿနာကို ရှင်းနေလိုက်သည်။
“တကယ်တော့ သံယောဇဉ်အစစ်မှာ ကလဲ့စားမရှိဘူးဆိုတာ ငါ သဘောပေါက်သွားပြီ၊ အာဃာတ မရှိဘဲ ဂလဲ့စား ဘယ်လိုရှိပါ့မလဲဆိုတာ ငါ မစဉ်းစားခဲ့ဘူး ညိုရေ ...”
မခင်အေးသည် ဝင်္ကဘာတခု၏ ထွက်ပေါက်ကိုမြင်၍ ထွက်သွားသူတဦးနှယ် ထိုသို့ရေရွတ်၏။ ညိုကား ဝင်္ကဘာထဲ မျက်စိလည်ကောင်းတုန်းဆိုတာ ညိုသာ သိပါသည်။
xxxxx xxxxx xxxxxx
မနက်လင်း၍ မခင်အေးကို မျှော်သော်လည်း ရောက်မလာ၊ ညို့ဖာသာ သွားရန်လည်း ဒေါ်လေးတို့က မလွှတ်ရဲ။ နေမြင့်သည်နှင့်အမျှ သတင်းစုံရောက်လာသည်။ ကျောင်းပိတ်လိုက်ပြီ၊ ကျောင်းသားများ အပြင်သို့ချီတက်ကုန်ပြီ၊ မြေနီကုန်းမှာ ပွဲကြမ်းကုန်ပြီ စသည် ...။
ညို့မှာ ဘုရားစင်ရှေ့ ခေါင်းစိုက်၍ ဆုတောင်းရုံသာ။ ညနေမှ မခင်အေး အငှားကားတစီးဖြင့် မျက်ပြူးဆန်ပြာ ရောက်ချလာပြီး …
“ဟေ့ ... ညိုရေ လစ်ကြမယ် အခြေအနေမကောင်းဘူး၊ နင့်အိမ်ရော ငါ့အိမ်ပါ အကြီးအကျယ် စိတ်ပူကုန်တော့မယ်” ဟု ခေါ်တော့သည်။ ညို့မျှော်လင့်ချက်အားလုံးကို မစွန့်ချင်ဘဲ စွန့်လိုက်ရပြီ။ ဖေသောင်း ဦးထုပ်လေးကိုသာ အိတ်ထဲသိပ်ထည့်၍ ဘူတာသို့ ဆင်းခဲ့ရသည်။ တမြို့လုံးကား ပရွက်ဆိတ်အုံကို မီးနှင့်မြိုက်လိုက်သလို အုံကြွကျန်ရစ်ခဲ့၏။
xxxxx xxxxx xxxxx
ရထားပေါ်၌လည်း ဒီအကြောင်းကိုသာ လူအများ လှုပ်လှုပ်ရွရွပြောနေကြဆဲ။ ညိုလည်း နားထောင်ရင်း အိတ်တွင်းမှ ဦးထုပ်ကို စမ်းကြည့်ကာ ဦးထုပ်ပိုင်ရှင်အတွက် နောက်ဆံတငင်ငင်။ မြေနီကုန်းမှာ လုံထိန်းများနှင့် တိုက်ခိုက်သည့်ပွဲကို အသဲတယားယား ကြားရသမျှ ညို မခင်အေးပေါင်ကိုထု၍ “ကိုဖေသောင်းတို့ပါမှာ သေချာတယ်” ဟု တိုးတိုးပြော၏။
မခင်အေးမှာ “ဒီတခါတော့ မလွယ်ဘူးထင်တယ်” ဟုသာ စိုးရိမ်မကင်း တုံ့ပြန်၏။ ညို ငိုမဲ့မဲ့ဖြစ်နေသည်။
“ဘာမဲ့နေတာလဲ၊ မလွယ်ဘူးဆိုတာ အခြေအနေတွေထိန်းဖို့ မလွယ်တာပြောတာ။ ကျောင်းသားတွေက အရမ်းစုမိပြီး အရှိန်ရနေပြီ၊ နောက်ဆုတ်ကြတော့မှာ မဟုတ်ဘူး”
ညိုတို့အိမ်ရှေ့ ဘူတာလေးမှာ ရထားဆိုက်သည်နှင့် မခင်အေးပြန်အလာကို မျှော်နေကြသူများထဲတွင် မိသားစုများသာမက ရပ်ထဲရွာထဲမှ အတော်များများကပါ ဝိုင်းအုံရောက်နေပြီး အလုအယက် သတင်းမေး၊ အတူဆင်းလာသော ညိုအားတွေ့၍ မခင်အေးနှင့် ပေါင်းမိနေပြီဟု တွက်ချက်နားလည်သူများက နားလည်သွားကြလေပြီ။ ထိုအထဲ အုန်းသိန်းလည်း အပါအဝင်။
xxxxx xxxxx xxxxx
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment