အပိုင်း(၁)
နွားသူတောင်းစား၊ စာနာတဲ့ကုလားနဲ့ နိဗ္ဗာန်ရပ်ကွက်က ကျောင်းသားသူပုန်တွေ
“ဒုန်း… ဒုန်း… ဒုန်း… ဒုန်း” စောစောစီးစီး၊ ချမ်းချမ်းစိမ့်စိမ့်မှာ စည်းချက်မှန်မှန်နဲ့ အိမ်ရှေ့တံခါးကိုခေါက်နေတဲ့အသံကြောင့် ကျနော်တို့အားလုံး နိုးနေပေမယ့် စောင်ခေါင်းမြီးခြုံထဲက ကွေးအိပ်နေရတဲ့အရသာကိုနှမြောပြီး တယောက်မှ မထချင်ကြ။ မသိချင်ယောင်ဆောင်ပြီး ဆက်ကွေးနေကြတယ်။
“ဒုန်း… ဒုန်း… ဒုန်း ...ဒုန်း” အသံက ရပ်မသွား၊ ပိုတောင်ကျယ်လာတယ်။ မနက် ၆ နာရီ၊ ဒီအချိန်ကြီး ဘယ်ဧည့်သည်များပါလိမ့်၊ အလိုက်မသိလိုက်တာ။ ၁၀×၈ ပေလောက်သာရှိတဲ့ အခန်းကျဉ်းလေးထဲ လူ ၇ ယောက် မဆန့်ဆန့်အောင် တယောက်ခေါင်းရင်းဘက် တယောက်ခြေရင်းထားပြီး အိပ်နေကြတဲ့အထဲမှာ ကိုယ်က ကျောတခင်းစာလွတ်တဲ့ မီးဖိုလေးထဲအိပ်တာမို့ အိမ်ရှေ့တံခါးဝက ကိုယ်နဲ့အနီးဆုံးဖြစ်နေတယ်။ စိတ်ထဲမှာ မကျေမနပ်နဲ့ ခြုံစောင်ကို ကိုယ်မှာပတ်ရက်နဲ့ပဲ အိပ်ချင်မူးတူး ထလိုက်တယ်။ ကုလားဧည့်သည်တယောက်ယောက်ဆိုရင်တော့ ... ခဏနေမှ ပြန်လာခဲ့ဗျာ၊ ညနက်မှ အိပ်ရလို့ ဘယ်သူမှ မထကြသေးဘူး ဆိုတဲ့... တောင်းပန်ဖို့ဆင်ခြေကိုပါ တခါထဲ တွေးထားပြီး တံခါးကိုထဖွင့်လိုက်တယ်။
ဘယ်သူမှ မမြင်ဘူး။ ဘေးဘီကိုကြည့်တော့လည်း ဘယ်သူမှမရှိ။ တံခါးဝရှေ့မှာ ခေါင်းတဆတ်ဆတ် ညိတ်ပြနေတဲ့ အရပ် ၅ ပေနီးပါး ဘို့ကြီးကြီး ဂျိုကားကား နွားကြီးတကောင်ပဲ တွေ့ရတယ်။ မနက်စောစောစီးစီး အိမ်ပေါက်စေ့ တံခါးခေါက်ပြီး အစာတောင်းလေ့ရှိတဲ့နွားတွေ ဒီနိုင်ငံမှာရှိတယ်ဆိုတာ နောက်မှသိရတယ်။ အစာမရှိလို့ ဂျောင်း… ဂျောင်း လို့ မောင်းထုတ်ရင်လည်း ငြိမ်ငြိမ်လေးထွက်ခွာပြီး နောက်ထပ်တအိမ်ရဲ့ အိမ်တံခါးရှေ့ရပ်ပြီး ခေါင်းနဲ့ တွန်းခေါက်တော့တာပဲ...။
ကျွဲပါးစောင်းတီးဆိုတာနဲ့တူတဲ့ စကားပုံတခုရှိတယ်။ ကျနော်တို့ကျောင်းသားဘဝက မကြာခဏ သုံးလေ့ရှိတယ်။ “နွား ပလာတာ ကျွေးရသလိုပဲ” ဆိုတဲ့စကားဟာ နွားတွေ ပလာတာ မစားတဲ့ ဗမာပြည်မှာတော့ အဓိပ္ပာယ်ရှိချင်ရှိမယ်၊ အိန္ဒိယမှာတော့ အဲလို အိမ်ရှေ့ရပ်ပြီး အစာလာတောင်းတဲ့နွားတွေကို ဂျုံနဲ့လုပ်ထားတဲ့ ရိုတီးဖြစ်ဖြစ် ပလာတာဖြစ်ဖြစ် ပစ်ကျွေးလိုက်ရင် ကောက်ဝါးတော့တာပဲ...။ ပြီးရင် ကျေကျေနပ်နပ် လှည့်ပြန်သွားတယ်။
ကျနော်တို့နေတဲ့ ရပ်ကွက်နာမည်ကို ဂျနတ်ပူရီ(Janak Puri) လို့ ခေါ်တယ်။ ဟိန္ဒူလို ဂျနတ်ဆိုတာ နိဗ္ဗာန်၊ ပူရီဆိုတာ အရပ်၊ ဒီတော့ နိဗ္ဗာန်အရပ်ပေါ့။ ပြူတင်းပေါက်မရှိ၊ အဝင်အထွက်တံခါးတပေါက်ထဲရှိတဲ့ တဝဂူလိုလို၊ မီးခြစ်ဘူးခွံတွေ ထောင်ထားတာနဲ့တူတဲ့ ပြွတ်ကြပ်သိပ်နေတဲ့ အိမ်ခန်းကျဉ်းကျဉ်း တိုက်ခန်းတွေရယ်၊ ဝင်္ကဘာလို လမ်းကြားတွေနဲ့ ဘုစုခရု ကလေးပေါက်စနတွေ ပေါများလွန်းတဲ့ ကျနော်တို့နေထိုင်ရာရပ်ကွက်မှာ မနက်အာရုံတက်တာနဲ့ ဟင်းသီးဟင်းရွက်တွေတင်ပြီး တွန်းလှည်းတွန်းဈေးရောင်းတဲ့ “ဆပ်ပ်ဂျီး ... ဆပ်ပ် ဂျီး” နဲ့ ခုနစ်သံချီဟစ်ကြွေးသံ၊ သံပုရာခွံ ဦးထုပ်ဆောင်းပြီး မုတ်ဆိတ်ရှည်နဲ့ အော်ဟစ်တောင်းရမ်းနေတဲ့ သူတောင်းစားအသံ၊ တခြားလမ်းက တစိမ်းခွေးတွေဝင်လာရင် မာန်ဖီပြီး ရန်လိုတတ်တဲ့ ဟောင်သံတွေ၊ ကလေးငိုသံတွေ၊ ကုလားတွေရဲ့ ဆူပူကြိမ်းမောင်း အော်ဟစ်သံ စတဲ့ စတဲ့ အသံဗလံပေါင်းမျိုးစုံဟာ အာရုံဦးဂီတသံတွေ ဖြစ်လာတယ်။ ဒီလောက်ချို့တဲ့၊ ရုန်းကန်နေရတဲ့ ဂျနတ်ပူရီက ရပ်ကွက်သားတွေဟာ မနက်စောစော သူတောင်းစားလာရင်လည်း မညီးမညူ ပေးကမ်းလှူဒါန်းလိုက်ကြတာပဲ။
“မနက်စောစောလာတဲ့ သူတောင်းစားတွေဆိုတာ... လူတွေရဲ့ စိတ်နှလုံးသားကို လေ့လာစမ်းသပ်ဖို့ ကောင်းကင်ဘုံက ဗြဟ္မာနတ်မင်းကြီးက အသွင်အမျိုးမျိုးနဲ့ အယောင်ဆောင်ပြီးလာတာလို့ ကျမတို့ ဟိန္ဒူတွေက ယူဆကြတယ်” ကျနော်တို့ကို မိဘလို အမြဲစောင့်ရှောက်တဲ့ အမ ရမ်းပရသီး က ကျနော်တို့သိလိုတာတွေ စိတ်ရှည်ရှည် ရှင်းပြတတ်တယ်။ အသိဗဟုသုတအဖြစ် အိန္ဒိယနိုင်ငံရဲ့ လူတွေအကြောင်း၊ ယဉ်ကျေးမှုနဲ့ ဓလေ့စရိုက်တွေကို သူတို့ရှင်းပြလို့ သိရတယ်။
ကျနော်တို့ ဒီရပ်ကွက်ထဲ ရွှေ့ပြောင်းလာတာကလည်း အမ ရမ်းပရသီးတို့လို ဗမာစကားပြောပြီး၊ မြန်မာမှုကိုချစ်တဲ့ မြန်မာပြည်ပြန် အိန္ဒိယအနွယ်ဘွားတွေ အားကိုးနဲ့ပါ။ ဈေးသက်သက်သာသာနဲ့ အိမ်ခန်းလေးတွေရအောင်၊ အိမ်တွင်း အသုံးအဆောင်ပစ္စည်းတွေ၊ စောင်၊ အနွေးထည်၊ အဝတ်အထည်လေးတွေနဲ့ ရေနံဆီမီးဖိုး၊ ရေနံဆီနဲ့ ဆန်၊ ဆီထုတ်နိုင်တဲ့ ရာရှင်ကဒ်တွေအပြင် Black & White ရုပ်မြင်သံကြားအဟောင်းလေးတွေကအစ လာပေးတတ်လို့ တီဗွီအစုတ်လေးနဲ့ နိုင်ငံတကာသတင်း အဆက်မပြတ်တတ်သလို အိန္ဒိယဇာတ်ကားတွေနဲ့ အပျင်းပြေခဲ့ကြတယ်။ သူတို့ကြောင့် တစိမ်းနယ်ပယ်က ကျနော်တို့ဘဝတွေ လုံခြုံခဲ့တယ်၊ နွေးထွေးခဲ့တယ်။ သူတို့လည်း မြန်မာစကား၊ မြန်မာဓလေ့ကို မမေ့ကြဘူး၊ သူတို့ကိုယ်သူတို့ မြန်မာနာမည်နဲ့ မိတ်ဆက်ကြပြီး မြန်မာနာမည်ခေါ်မှလည်း သဘောကျတယ်။ ကိုလှထွန်း(ပရင်လားလ်) ကိုဇော်ဝင်း(ရာမူးလ်)နဲ့ ကိုချစ်ခင်(ကီရှိုး)တို့ဟာ အိမ်ထောင်ကျပြီး သားသမီး ၂ ယောက် ၃ ယောက် ကိုယ်စီရှိနေပေမယ့် ဗမာစာတွေ မမေ့သေးဘူး။ ဗမာစာ ရေးတတ် ဖတ်တတ်သလို ဗမာရည် အတော်လည်သူတွေဖြစ်တယ်။ တခါတလေ ဗမာပြည်ပြန် အိန္ဒိယနွယ်ဘွား သားသမီးတွေရဲ့မင်္ဂလာပွဲ၊ မွေးနေ့ပွဲတွေ ဖိတ်ကြားပြီး ကျနော်တို့ကို ခေါ်သွားလေ့ရှိတယ်။ အဲဒီလိုပွဲတွေကျရင် ကုလားစကား မပြောတော့ဘူး၊ ဗမာစကားတွေ အားရပါးရပြောတော့တာပဲ။ ဗမာပြည်ပြန်အများစုဟာ အရေးကြီးတဲ့ တိုးတိုးကြိတ်ကြိတ် လျှို့ဝှက်စကားတွေဆို ဗမာစကားသုံးပြီး စကားဝှက်အသွင် ပြောတတ်ကြတယ်။ ဂျနတ်ပူရီက ကျနော်တို့မိတ်ဆွေတွေ မနက်စောစော ဈေးကပြန်လာရင် ကျနော်တို့အတွက် ကြက်ဥ၊ နွားနို့နဲ့ ဟင်းသီးဟင်းရွက်တွေ အပိုဝယ်လာပြီး လာပို့တတ်တယ်။
အဲလို လူမှုအကူတွေသာမက ကျနော်တို့ရဲ့ နိုင်ငံရေးယုံကြည်မှုတွေနဲ့ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး လှုပ်ရှားမှုတွေကိုပါ အားပေးထောက်ခံကြတယ်။ နှစ်စဉ် အထိမ်းအမှတ်နေ့တွေ(ပြည်ထောင်စုနေ့၊ လွတ်လပ်ရေးနေ့၊ ၈ လေးလုံး နှစ်ပတ်လည်၊ အာဏာသိမ်းမှု နှစ်ပတ်လည်နေ့နဲ့ အာဇာနည်နေ့တွေ)မှာ ကျနော်တို့ ၈ လေးလုံးမျိုးဆက်တွေ မြို့ထဲက မြန်မာသံရုံးရှေ့ ဆန္ဒပြလေ့ရှိတယ်။ ဆန္ဒမပြခင် ညကတည်းက ကြွေးကြော်သံတွေ၊ တောင်းဆိုချက်တွေကို ကဒ်ထူကြီးတွေပေါ်မှာ မြန်မာလို၊ အင်္ဂလိပ်လိုအပြင် ဟိန္ဒူလိုလည်း ရေးကြတယ်။ အဲဒီအခါ သူတို့တတွေက လာပြီး ရေးပေးတယ်၊ သူတို့သားသမီးတွေပါမကျန် ကျနော်တို့အလုပ်ကို လာရောက်ပူးပေါင်းတယ်။ ဆန္ဒပြမယ့်မနက်ဆို ကျနော်တို့တတွေ စောစော အိပ်ရာထ၊ ခွပ်ဒေါင်းအလံတွေ၊ ပိုစတာနဲ့ Banner တွေကိုကိုင်ပြီး ဘတ်စ်ကားကြီးတွေစီးပြီး သွားတယ်။ ပြီးရင် ရဲစခန်းက လုံခြုံရေးအဖွဲ့တွေခြံရံပြီး မြို့လယ်က ချန်နကရာပူရီ သံရုံးတွေရှိရာရပ်ကွက်ကို ချီတက်သွားကြတယ်။ အဲဒီတုန်းက (၁၉၉၁-၉၂) မြန်မာသံရုံးနားအထိ ချီတက်ဆန္ဒပြလို့ရတယ်။ နောက်ပိုင်း တရုတ်သံရုံးရှေ့ဆန္ဒပြတဲ့ တိဘက်ကျောင်းသားလူငယ်တွေ သံရုံးထဲကျော်ဝင်ရာကစပြီး အဲဒီ နိုင်ငံခြားသံရုံးတွေရှိရာဧရိယာကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒပြတာ၊ လူ ၅ ယောက်ထက်ပိုပြီး ဖြတ်သန်းသွားတာမျိုးတွေ မလုပ်ရတော့ဘူး။ စောစောက ကျနော်တို့မိတ်ဆွေ ဂျနတ်ပူရီက မြန်မာပြည်ပြန်တွေဟာ ကျနော်တို့အင်အားတွေပဲ။ ဆန္ဒပြလည်း တက်တက်ကြွကြွနဲ့ ပါဝင်ကြတယ်။ ကူညီကြတယ်။ ဆန္ဒပြပွဲမှမဟုတ်၊ ဂျနတ်ပူရီမှာလုပ်တဲ့ အခမ်းအနားပွဲတွေ၊ မြန်မာ့ရိုးရာ သင်္ကြန်ပွဲ၊ တန်ဆောင်တိုင်နဲ့ တခြား ပွဲလမ်းသဘင်တွေဆိုရင်လည်း ဂျနတ်ပူရီရပ်ကွက် ဟိန္ဒူဘုရားကျောင်းထဲမှ ပန်းခြံမြေမှာ အခမဲ့လုပ်ခွင့်ပေးတယ်။ မဏ္ဍပ်ဆောက်ဖို့နဲ့ အိုးခွက်ပန်းကန် မီးဖိုကအစ ငှားရမ်းပေးကြတယ်။ လိုအပ်တဲ့ ချက်ပြုတ်ရေးကအစ ကူကြသေးတယ်။ ကျနော်တို့အလုပ်တွေကို အားပေးတယ်၊ ပံ့ပိုးတယ်၊ စောင့်ရှောက်တယ်။
ကျနော်တို့တတွေ အဲဒီရပ်ကွက်ထဲမှာနေရတာ သိပ်လုံခြုံတယ်။ လူတိုင်းကလည်း သိနေတယ်။ ဂျန်တာကွားတားထဲက ကုန်စုံဆိုင်တွေမှာ အကြွေးဝယ်လို့ရအောင်လည်း စောစောက ပြန်တော်ပြန် မိတ်ဆွေတွေကပဲ အာမခံပေးထားတာ။ ကျနော်တို့က UNHCR အစောင့်အရှောက်ခံနဲ့နေကြတာ... လစာ ရူပီး ၈၀၀ ကျော် အထောက်အပံ့ရတယ်။ ဘယ်လောက်မှာလဲ...။ လစာငွေတွေပေါင်းပြီး လူအနည်းဆုံး ၅ ယောက်တစု၊ ၃ ယောက်တစု အိမ်တလုံးပေါင်းငှား နေကြရတာ။ ဒီတော့ အရေးပေါ် သောက်စားချင်လို့ ငွေလိုတယ်ဆို စောစောက အကြွေးဆိုင်ကနေ အရောင်းသွက်ပြီး ငွေအမြန်ပေါ် ပြန်ရောင်းနိုင်တဲ့ ပစ္စည်းတခုခုကို အကြွေးနဲ့ဝယ်၊ တခြားဆိုင်တဆိုင်မှာ မူလတန်ဖိုးထက် လျှော့ရောင်းလိုက်တော့ သုံးစရာငွေ ပြန်ပေါ်တယ်။ ဥပမာ အကြွေးဆိုင်က ဆီဘူးကြီးတဘူးကို ၂၅ ရူးပီးနဲ့ဝယ်ပြီး တခြား အပြင်ဆိုင်တဆိုင်မှာ ၁၅ ရူးပီး ၂၀ ရူပီးနဲ့ အရှုံးခံပြီး ပြန်ရောင်းတာမျိုးပေါ့။ လကုန်တော့ အကြွေးပြန်ဆပ်ပေါ့။ (ဒီနည်းလမ်းကို အခု ကနေဒါရောက်နေတဲ့ ကျနော်တို့ထဲက မော်ကျွန်းက ရှာဖွေတွေ့ရှိထားတာပါ)
ဗမာတွေခေါ်တော့ ကုလား၊ အိန္ဒိယကခေါ်တော့ ဗမာ
အဲဒီ ဂျနတ်ပူရီ နိဗ္ဗာန်ရပ်ကွက်က မြန်မာပြည်ဖွား အိန္ဒိယသားတွေဟာ မြန်မာပြည်မှာမွေးခဲ့သူ အများစုဖြစ်ပြီး သူတို့ မိဘ အဖိုးအဖွားတွေက အင်္ဂလိပ်ကိုလိုနီခေတ်ကတည်းက မြန်မာပြည်မှာ အလုပ်လုပ်ဖို့ရောက်သွားသူတွေပါ။ အဲဒီတုန်းက ဗမာပြည်ကို အိန္ဒိယရဲ့ပြည်နယ်ခွဲတခုအနေနဲ့ သဘောထား အုပ်ချုပ်ခံခဲ့ရတာဖြစ်တယ်။ ဗမာပြည်မှာ စက်ရုံတွေ တည်ဆောက်ရင်းနှီးမြှုပ်နှံတော့ ကိုလိုနီအရင်းရှင်တွေက အိန္ဒိယတောင်ပိုင်း မဒရပ် နဲ့ ဘီဟားပြည်နယ်၊ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘုံဘေနယ်က ကုလားတွေကို လုပ်အားခပေါပေါနဲ့ရလို့ မြန်မာပြည် ခေါ်ဆောင်သွားပါတယ်။ အဲဒီမှာ လယ်ယာမြေရိုင်းတွေဖော် စက်ရုံတွေမှာလုပ်ရင်း အခြေချနေထိုင်ကြတယ်။ လွတ်လပ်ရေးရပြီးခေတ်ထိ သူတို့ဟာ မြန်မာပြည်မှာ အေးအေးချမ်းချမ်း လုပ်ကိုင်နေကြပေမယ့် ၁၉၆၂ ဗိုလ်ချုပ်နေဝင်း အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တိုင်းပြည်ရဲ့ စီးပွားရေးလုပ်ငန်းအများစုကို အိန္ဒိယနွယ်ဘွားတွေက ဦးဆောင်နေတာတွေလို့ ဗမာ့စီးပွား ဗမာပိုင်ရမယ်ဆိုပြီး ကျူလီယာ ဆိုင်သေးသေးမွှားမွှားပါမကျန် ပြည်သူပိုင်သိမ်းတော့တာကိုး...။ အိန္ဒိယနွယ်ဖွားတွေကိုလည်း တိုင်းပြည်က အလိုမရှိတော့တာကြောင့် ၁၉၆၃ ကနေ ၁၉၆၇ ထိ အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် အင်ဒရာဂန္ဒီက သဘောင်္တွေ လေယဉ်တွေနဲ့ ပြန်လည်ခေါ်ယူပြီး နေရာချပေးတယ်။
စောစောက ဂျနတ်ပူရီရပ်ကွက်ဟာ အဲဒီတုန်းက မြန်မာပြည်ပြန် ဒုက္ခသည်တွေနေထိုင်ဖို့ ယခင်က နယူးဒေလီ အနောက်ပိုင်းမှာရှိတဲ့ လယ်ကွင်းတွေနဲ့ မြေလွတ်မြေရိုင်းတွေကို အကွက်ဖော်ပြီး တိုက်ခန်းတွေဆောက်ပေး နေထိုင်စေတာဖြစ်တယ်။ အရင်က ရူပီး ၅ ထောင်နဲ့ တသောင်းကြား တန်ဖိုးရှိတိုက်တွေကို အရစ်ကျ လစာပေးပြီး နေလာကြတာ အခုဆို သူတို့လည်း ကိုယ်ပိုင်တိုက်ခန်းတွေနဲ့ ဖြစ်ကုန်ကြပြီ။ (၁၉၉၁ ခု ကျနော်တို့ နယူးဒေလီရောက်စက ၈×၁၀ ပေ အခန်းတခန်းနဲ့ ရေချိုးခန်း၊ အိမ်သာသေးသေးလေးပါတဲ့ တဝဂူ တိုက်ခန်းလေးကို တလ ရူပီး ၅၀၀ နဲ့ ၈၀၀ ကြားသာပေးရပေမယ့် ဒီကနေ့ များပြားလာတဲ့ မြန်မာဒုက္ခသည်တွေကြောင့် တခန်း အနည်းဆုံး ရူပီး ငါးထောင်ကနေ တသောင်းကြား ပေးနေရပါတယ်) ဒါက နယူးဒေလီမှာပါ။ အလားတူ မြန်မာပြည်ပြန် အိန္ဒိယအနွယ်တွေကို တောင်ပိုင်းမဒရပ်၊ ကလကတ္တား၊ ဘုံဘေ၊ အာသံနယ်တွေမှာ နေရာချပေးပါတယ်။ အခုထိ အဲဒီဒေသတွေက ရပ်ကွက်တချို့ကို ဘားမားကိုလိုနီဆိုပြီး ခေါ်ကြသေးတယ်။
ဦးနေဝင်းလက်ထက် မြန်မာပြည်က အလိုမရှိတဲ့ အိန္ဒိယနွယ်ဖွား ထောင်နဲ့သောင်းနဲ့ချီပြီး အိန္ဒိယကို ပြန်ပို့လိုက်ပေမယ့် ပဲခူး၊ ပြည်၊ ပျဉ်းမနား၊ တောင်ငူ၊ ဖြူး ဇေယျဝတီနယ်မှာတော့ အိန္ဒိယနွယ်ဖွားတွေ အမြောက်အများ ကျန်နေပါသေးတယ်။ သူတို့ကိုတော့ လိုအပ်နေလို့ ပြန်မပို့ကြတာပါ။ ဟိုတုန်းက မြေလွတ်မြေရိုင်းတွေ ဖော်ထုတ်တူးဆွပြီး စပါး၊ ကြံ၊ မြေပဲနဲ့ လယ်ယာကုန်ထုတ်လုပ်ငန်းတွေမှာ အဲဒီ အိန္ဒိယနွယ်ဖွား လယ်သမားတွေရဲ့လုပ်အားကလည်း မရှိမဖြစ် ပါဝင်နေတယ်။ သူတို့အားလုံးကို မောင်းထုတ်လို့ မဖြစ်ဘူး။ သူတို့လုပ်အားတွေ လိုအပ်နေသေးတယ်။ ဒါကြောင့် သူတို့တတွေ ဒီနေအထိ လယ်ယာမြေ ပိုင်ဆိုင်ခွင့်မရှိပေမယ့် လယ်ကူလီတွေအသွင်နဲ့ အခုထိ လုပ်နေကြရပါတယ်။
ပဲခူးတိုင်း၊ တောင်ငူနယ်နဲ့ ဖြူး၊ ဇေယျဝတီဒေသတွေမှာ ဒီနေ့အထိ ဗမာစကားမတတ်၊ ဗမာစာမတတ်တဲ့ အိန္ဒိယနွယ်ဖွား လယ်သမားတွေ ထောင်နဲ့ချီပြီး ရှိနေပါတယ်။ သူတို့ဟာ မြန်မာပြည်ရဲ့ လယ်ယာကုန်ထုတ်လုပ်ငန်းကို မြန်မာတောင်သူတွေနဲ့မခြား ဆင်းရဲချို့တဲ့စွာနဲ့ လုပ်ကိုင်နေထိုင်နေရပေမယ့် သူတို့အတွက် အခွင့်အရေးတွေကတော့ လုံးဝ မမြင်ရဘူး။ အစိုးရအဆက်ဆက်က ဒါ မစိုက်နဲ့ စီမံကိန်းသီးနှံစိုက်ဆိုလည်း ကြောက်ရွံ့ပြီး စိုက်လိုက်ရတာပဲ။ လယ်ခွန်ပေး၊ တာဝန်ကျေ စပါးပေး၊ တာဝန်ကျေ သီးနှံသွင်းရမယ်ဆိုလည်း သွင်းလိုက်ကြတာပါပဲ။ သူတို့ဘဝကို သူတို့ ချစ်တီးဝဋ်လည်တယ်လို့ပဲ ကြိတ်ပြီးစိတ်ဖြေနေကြသလား မသိပါ။ ပညာလည်း မတတ်၊ ကမ္ဘာကြီးမှာ ဘာဖြစ်နေမှန်းလည်း မသိဘဲ ကိုယ့်ရွာလေး ကိုယ့်အသိုင်းအဝိုင်းလေး ကျဉ်းကျဉ်းလေးထဲမှာ ပဲဟင်းကျဲကျဲ၊ သရက်သီးသနပ် တဖဲ့၊ မဆလာနံ့သင်းသင်း အာလူးဟင်းတခွက်နဲ့ ဘဝအမောတွေကို ဖြေလျှော့နေကြတာ ဆယ်စုနှစ် ၆ ခု မျိုးဆက် ၂ ဆက်လောက် ကြာမြင့်နေပါပြီ။
ဒီနေ့အထိ ဗမာစကား ကောင်းကောင်းမတတ်၊ ဗမာစာမတတ်လို့ ဟဲ့ ကုလား၊ ဟိတ် ကုလားစုတ်နဲ့ ကလေးတွေကအစ ဟိန်းလား ဟောက်လား အဆင့်အတန်းခွဲခြားတဲ့ အနှိမ်ခံဘဝကနေ မလွတ်မြောက်သေးဘူး။ သူတို့ဟာ အခုထိ ဧည့်နိုင်ငံသားတွေဖြစ်နေပြီး နိုင်ငံခြားသားနေထိုင်ခွင့်ကဒ်ပြားနဲ့ပဲ နေရတယ်။ သူတို့သားသမီးတွေ ဘယ်လောက် ဗမာစာ ဗမာစကားတတ်ပြီး ဗမာပြည်ကို ချစ်နေပါစေ၊ ဉာဏ်ရည်ထက်မြက်ပြီး ပညာထူးချွန်နေပါစေ အဆင့်မြင့် အသက်မွေးပညာရပ်တွေ (ဆေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်) စတဲ့ တက္ကသိုလ်ပညာတွေကို ဆည်းပူးတက်ရောက် သင်ကြားခွင့်မရှိကြပါဘူး။ သူတို့အတွက် အခြေခံအခွင့်အရေး ကာကွယ်ပေးမယ့်သူကို သူတို့ မျှော်လင့်နေကြတယ်။ သူတို့တတွေဟာ ဗုဒ္ဓဘာသာဝင် သာကီနွယ်မျိုးရိုး ဘုန်းတေဇာထွန်းတောက်တဲ့ မြန်မာလူမျိုးတွေရဲ့ အနှိမ်အဟောက်ကို ခံနေကြရပေမယ့် သူတို့ဆီရောက်လာတဲ့ ကျနော်တို့လို ဗမာကျောင်းသားလူငယ်တွေကိုတော့ ပျူပျူငှာငှာရှိကြတယ်။ မိသားစုနဲ့မခြား လူရာသွင်းပြီး အားပေးကူညီတယ်။
ရပ်ကွက်ထဲက တစိမ်းအိန္ဒိယသားတွေနဲ့ ကျနော်တို့ ခိုက်ရန်ဖြစ်ပွားရင်တောင်… ကျနော်တို့ဘက်က ရပ်တည်တုံ့ပြန်တယ်။ သူတို့ကိုယ်သူတို့လည်း ဗမာလူမျိုးလို့ ခံယူကြတယ်။ “ဒီ ကုလားတွေ သိပ်လူပါးဝတယ်” “ဒီကုလားတွေကို ကျနော် ကြည့်လို့ မရဘူး” နဲ့ ကျနော်တို့ကို တိုင်တည်ပြောနေသူက ကျနော်တို့က ကုလား ကုလားနဲ့ ပြောနေတဲ့ ဗမာပြည်ပြန် ကုလား (အိန္ဒိယနွယ်ဘွား)တွေပါ။ “ဗမာပြည်မှာတော့ ကျမတို့ကို ကုလား ကုလားလို့ ခေါ်တယ်၊ ဒီမှာကျတော့ ဒီက ကုလားတွေက ကျမတို့ကို ဗမာ ဗမာတွေလို့ ခေါ်ပြန်တယ်” လို့ ရန်ကုန်ဇာတိ အိန္ဒိယနွယ်ဖွား အမကြီးက ရီစရာတခုလို ပြန်ပြောရှာတယ်။ သူက အခုထိ အိမ်မှာနေရင် ထမီဝတ်လေ့ရှိတယ်။ မုန့်ဟင်းခါး၊ အသုတ်၊ ကြာဇံကျော် ကောင်းကောင်း ချက်တတ်ပြုတ်တတ်သေးတယ်။ အိန္ဒိယရောက် မြန်မာပြည်ပြန်ကုလားတွေက အိန္ဒိယက ကုလားတွေနဲ့ ဆက်ဆံရေး အဆင်မပြေတတ်ဘဲ ကျနော်တို့လို ဗမာစိတ်ရှိနေတာကိုက နွေးထွေးကြည်နူးဖွယ်အလှတခုပါ။
မြန်မာမှုကိုချစ်တတ်တဲ့ စိတ်လေးကို သူတို့ မြန်မာပြည်က အမွေရလိုက်ကြတယ်။
အမိနိုင်ငံကြီးဟာ လူမျိုးတွေ ဘယ်လိုကွဲနေပစေ၊ သူ့ဆီမှာ ခိုလှုံနေထိုင်သွားကြသူအားလုံးကို နိုင်ငံချစ်စိတ်နဲ့ မြန်မာမှုအပေါ်မြတ်နိုးစေတဲ့ စိတ်ဓာတ်အမွေတွေ ပေးခဲ့တယ်။
ဂျနတ်ပူရီက မြန်မာပြည်ပြန် အိန္ဒိယအနွယ်တွေဆီက ကျနော်တို့လို ၈၈ လူငယ်တွေဟာ စာနာမှုတရားတွေ၊ မေတ္တာတွေနဲ့ နှစ်လိုဖွယ် အကူအညီတွေရခဲ့တယ်။ ကိုယ့်နေရပ်ရင်းပြန်ရောက်သလို နွေးထွေးတဲ့ အကြင်နာတွေ ခံစားရတယ်။ သူတို့ကျေးဇူး သိပ်ကြီးတယ်။ အခုလိုအချိန် သူတို့အတွက် ကိုယ်က ဘာတခုမှပြန်လုပ်မပေးနိုင်တဲ့ဘဝမှာ သိပ်ပြီး အားတုံ့အားနာ ဖြစ်ရတယ်၊ ရှက်လည်း ရှက်မိပါတယ်။ ဒါပေမယ့် သူတို့တတွေကတော့ ကျနော်တို့ကို အမြဲခွင့်လွှတ်နေမှာပါပဲ…။ ကျနော်တို့ဆီက ဘာတခုမှလည်း မျှော်လင့်နေမှာ မဟုတ်ပါဘူး။
ကိုညို (အော်စလို)
၁၅ ဇူလိုင် ၂၀၁၃။
No comments:
Post a Comment