အဖေ့ကို သတင်းစုံ မြင်ကွင်းစုံ သူမ ဖောက်သည်ချပြီး အိပ်ခန်းထဲဝင်နားတော့မယ် ဟုဆိုကာ အရင်ဆုံးလုပ်မိသော အလုပ်မှာ အိတ်ထဲမှ ဦးထုပ်ကိုထုတ်၍ ဆောင်းကြည့်ပြီး မှန်ထဲပြန်ကြည့်သည့် အလုပ်ပင်ဖြစ်တော့သည်။ သူမ မျက်နှာအစား ဦးထုပ်ပိုင်ရှင်၏ ကံကြမ္မာကို မှန်ထဲမြင်ရလျှင် ကောင်းပေစွ ဟု တမ်းတမိသော်လည်း သောကခိုးရိုက်၍ ညှိုးနေသော သူမ မျက်နှာကိုပင် ညို မြင်ရသည်သာ။
xxxxx xxxxxx xxxxxx
ငှက်ပစ်ယောင်ဆောင်၍ အုန်းသိန်း ညိုတို့ခြံနောက် စည်းရိုးနား ကပ်ချောင်းသည်။ ရေကပြင်တွင် ခြေချထိုင်ရင်း ညို့လက်ထဲ လှည့်ပတ်ကြည့်နေသည်မှာ ဖေသောင်းဦးထုပ်မှန်း အုန်းသိန်း ချက်ချင်းမှတ်မိသွားပြီး စိတ်ထဲ ဖျဉ်းခနဲဖြစ်ကာ ဖေသောင်းပုံကို ပြန်မြင်ယောင်လာ၏။
ဒီဇာတ်လမ်းက မပြီးသေးဘူးလား။ ရန်ကုန်သွားပြီး မခင်အေးနဲ့ပေါင်းပြီး ဘာတွေလုပ်ခဲ့လဲ၊ ဒီ ဦးထုပ်က ဘယ်လို ရလာသလဲ ... အုန်းသိန်း တသီတတန်းကြီးတွေးရင်း ခြေလှမ်းပြန်ရွှေ့၊ ဂျွတ်ခနဲ သစ်ကိုင်းခြောက်ကို နင်းချမိသည်။
‘ဖေသောင်း ဘယ်မလဲ’
xxxxxx xxxxx xxxxxx
နေစောင်းရင် ဖေသောင်း မနေတတ်ဘူး ဟု ညနေတိုင်း သူ အော်ခဲ့ပြီးပြီ။ ယခု ညနေလည်း ထိုသို့အော်ပြီးမှ ရင်ထဲ ရောက်လာသော အတွေးကို စကားလုံးများဖြင့် ဖွဲ့ကြည့်နေမိ၏။
‘သံယောဇဉ်စကားကို သယ်သွားမယ့် ငှက်တကောင်
အမွှေးအရောင် လှပသား၊
သူ့အတောင် ဖြတ်ခံထားတော့
ပျံလျှက်မသွား’
လက်တဆစ်ခန့်သာကျန်သော ဆေးလိပ်တိုကို ကောက်ကိုက်ပြီး မီးသွေးခဲဖြင့် နံရံအကွယ်တွင် ထိုသို့ ရေးခြစ်လိုက်သည်။ လောလောဆယ်တော့ အိပ်ချိန်ဟု အော်သံကြားလျှင် ပုဆိုးခြုံ၍ ကွေးရုံသာ။ ညနေက မျိုချခဲ့သော ထမင်းက ရေဖြင့်ပွ၍ ဗိုက်ထဲမှာ ကျွမ်းထိုးနေသံ ကြားရသည်။
သားစားကျားမှန်းသိပါလျှက် ဖက်လုံးမိခဲ့ပြီ။ ခြေကပဲ စဝါးဝါး ... ခေါင်းကပဲ စကိုက်ကိုက် မသေမချင်းတော့ မလျှော့တမ်း သတ်ပုံရုံသာဟု နှလုံးပိုက်ပြီး သံတိုင်ကိုခေါင်းပြု နံရံလေးဘက်ကို ခြင်တောင်မှတ်ကာ ကြိုမမြင်နိုင်သော အိမ်မက်ကို ဆုတောင်းခြင်းကင်းကင်းဖြင့် ကြိုဆိုလိုက်၏။
မိုးတပေါက်ပေါက် ခြင်တစီစီဖြင့် အိမ်မက်သံစဉ် နိဒါန်းချီပြီဖြစ်သည်။
xxxxx xxxxx xxxxx
“ဈေးကြီးပိုင်းက ခင်မောင်လတ်ကို သိလား ... သူလည်း ပြန်မရောက်တော့ဘူး သူ့မိဘတွေလည်း သနားပါတယ်။ လမ်းပေါ်မှာတင် ပျောက်သွားတာထက်စာရင် အုတ်နံရံကြား ပုံစံထမင်းစားနေရတာမှ တော်ပါသေးတယ်လို့ပဲ ဆုတောင်းရမလို ဖြစ်နေတယ်”
မခင်အေး ရောက်လာပြီပေးသောသတင်းကြောင့် ညို ဆေးမလိမ်းဘဲထားသောအနာကို လက်ဖြင့်လာဖိသလို ဖြစ်လာသည်။ ဖေသောင်း နာမည်ကို ညို မခေါ်ဝံ့ဘဲ “ဟိုတယောက်လည်း ဦးထုပ်လေးပေးလိုက်ပြီး ဘာမှ မသိရတော့ဘူးနော်” ဟု မဝံ့မရဲပြောမိ၏။
“တော်စမ်းပါဟယ် ... သူ လွတ်သွားလည်း စာလေးရေးပြီး စိတ်ပူသက်သာအောင် အကြောင်းကြားဖို့ စဉ်းစားတတ်တာမျိုး မဟုတ်ဘူး ... ငှက်ပျောသီးပေါ်ရာမှာ ပျော်နေတဲ့မျောက်လိုပဲ”
ထိုသို့မေးပြီးမှ သူ့ဦးထုပ်ရောဟု ညိုအား မေးသည်။ စိတ်ပေါက်ပေါက်နှင့် ဓားဖြင့် နုတ်နုတ်စင်းပစ်မည်ထင်၍ “ရှိပါတယ် ဘာလုပ်မလို့လဲ သူ့ကို ထိခိုက်သွားပါမယ်” ဟု တောင်းပန်၏။
“ဘာလုပ်ရမလဲဟ ငါက လူကို ပဲထုရိုက်ချင်နေတာ” မမအေးဆန္ဒ မကြာခင် တလုံးတဝထဲ ပြည့်ပါစေဟုသာ ညို ဆုတောင်းလိုက်ရသည်။
“မမအေးတို့ ဒီလိုပဲ နေတော့မှာလား” ဟု ညို မချင့်မရဲ မေးသည်။
“ငါ ဘာလုပ်ရမလဲ ငါ့သတ္တိလည်း နင်သိသားနဲ့ ဘဲဥပြုတ်အခွံနွာဖို့ ခွဲရင်တောင် လန့်နေတာ” ဟု မခင်အေး တုံ့ပြန်၏။ ညို ခြေဆင်းထိုင်နေရာမှ ကြမ်းပေါ်လှဲချလိုက်ပြီး “အလကားပဲ” ဟု အလိုမကျစွာ မြည်တမ်းနေသည်။
“နင် ဘယ်သူ့မှ လျှောက်မပြောနဲ့နော်” မခင်အေးက မရဲတရဲလေသံဖြင့် နိဒါန်းပျိုးသဖြင့် ညို ခေါင်းပြန်ထောင်လာသည်။
“ကားဂိတ်ဘက်မှာ တို့ကျောင်းကအဖွဲ့တွေ စုစုပြီး တွေ့နေကြတယ်။ ငါ့ကိုတောင် လာခေါ်သေးတယ်။ ငါ သိပ်ထင်ထင်ပေါ်ပေါ် မလုပ်ရဲသေးဘူးလို့ ငြင်းထားလို့၊ သူတို့ အချိန်တန်ရင် ထပ်လုပ်ကြဦးမှာ သေချာတယ်”
ညို့မှာ နွားနို့ပူလေးတခွက် သောက်လိုက်ရသလို အားရှိသွား၏။ လုပ်ကြပါ၊ လုပ်ကြပါ၊ ထောင်အထဲက လူတွေကို ငဲ့ကြပါဦး ထွက်လာအောင် လုပ်ကြပါဦးဟု တဖွဖွတိုက်တွန်းနေတော့သည်။
xxxxx xxxxx xxxxx
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment