ဦးကျော်ဇံသာ ။ ။ ဆရာကြီး Silverstein ခင်ဗျာ။ မြန်မာနိုင်ငံရဲ့ အမျိုးသားရေးစိတ်ဓာတ်မှာ ဗုဒ္ဓဘာသာဟာ ဘယ်လောက် အရေးပါ ပါသလဲ။ ဆိုတာက မြန်မာ့အမျိုးသားစိတ်ဓာတ်သည် Secular Nationalism လို့ခေါ်တဲ့ ဘာသာရေးနှင့် ကင်းလွတ်သော အမျိုးသားရေး စိတ်ဓာတ်လား။ သို့မဟုတ် ဗုဒ္ဓဘာသာနဲ့ ဆက်စပ်မှုရှိနေပါသလား ဆရာကြီး ဘယ်လိုသဘောရပါသလဲ။
Josef Silverstein ။ ။ ဗုဒ္ဓဘာသာနဲ့ အမျိုးသားရေး ဆက်စပ်နေပါသလား။ တခုနှင့်တခု ဆက်စပ်နေပါတယ်။ အတူတူတော့ မဟုတ်ပါဘူး။ ဒါပေမယ့် လူတစ်ယောက်ဟာ အမျိုးသားရေးဝါဒီကော ဗုဒ္ဓဘာသာဝင်ကော အတူတူဖြစ်နိုင်ပါတယ်။ တခုနှင့်တခုဟာ ဖီလာဆန့်ကျင် မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ မြန်မာ့အမျိုးသားရေးစိတ်ဓာတ်ဟာ Secular Nationalism လို့ခေါ်တဲ့ ဘာသာရေးနဲ့ ကင်းလွတ်သော အမျိုးသားရေးဝါဒ မဟုတ်ဘူးပေါ့။
Josef Silverstein ။ ။ ဗုဒ္ဓဘာသာဟာ ဘဝနေရေးအတွက် သိပ်အရေးပါတဲ့ နည်းလမ်းတရပ် ဖြစ်ပါတယ်။ ဒါဟာ အတွေးအခေါ် ယုံကြည်မှုတရပ်သာမကပါဘူး။ လူတွေဟာ တစ်ဦးနဲ့တစ်ဦး ဘယ်လို ဆက်ဆံနေထိုင်ရမလဲဆိုတဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ဘဝလမ်းညွှန်ပါ။ ဒီအတိုင်းလိုက်နာမယ်ဆိုရင် ဘယ်သူမဆို ဘယ်သူနဲ့မဆို နေထိုင်နိုင်တဲ့ တစ်ယောက်နဲ့တစ်ယောက် ပဋိပက္ခမဖြစ်ဘဲ နေထိုင်ကြရမှာ ဖြစ်ပါတယ်။ တဖက်ကို တဖက်က လေးစားရမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုလိုတာက ဘာသာခြားတွေနဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အတူတူယှဉ်တွဲ နေထိုင်နိုင်တဲ့လမ်းစဉ်ဆိုတဲ့ သဘောပေါ့။
Josef Silverstein ။ ။ လုံးဝ မှန်ကန်ပါတယ်။ ဒါဟာ မြန်မာ့သမိုင်းရဲ့ တစိတ်တဒေသလည်း ဖြစ်ပါတယ်။ ဒီကနေ့ ပြဿနာတခုကတော့ လူတွေဟာသမိုင်းကို ပြန်မဖတ်ကြတော့သာ ဖြစ်ပါတယ်။ လူတွေဟာ မြန်မာနိုင်ငံမှာ လာရောက်ပြီး စတင်အခြေကျနေထိုင်ခဲ့ကြတာ အဲဒီအထဲမှာ မတူကွဲပြားတဲ့ လူမျိုးတွေ၊ ဘာသာတရားတွေ၊ လူမှုအသိုင်းအဝိုင်းတွေ အမျိုးမျိုး ရှိခဲ့ပါတယ်။ သူတို့တွေဟာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လာခဲ့ကြပါတယ်။ ပျော်ပျော်ရွှင်ရွှင် နေထိုင်လာခဲ့ကြပါတယ်။ တမျိုးနဲ့တမျိုး ဝင်ရောက်ဖက်စွက်တာလည်း မရှိခဲ့ကြပါဘူး။ ဘာသာအယူဝါဒ မတူသူတွေကို အတင်း ဘာသာပြောင်းစေဖို့ ကြိုးပမ်းခဲ့တာမျိုးလည်း မရှိခဲ့ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုရင် ဒီကနေ့ဖြစ်လာတဲ့ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေကြတော့ ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခမျိုးတွေ ဖြစ်နေတယ်ပေါ့ ဆရာကြီး။
Josef Silverstein ။ ။ အကြမ်းဖက်မှုတွေဟာလည်း ရေရှည်ဖြစ်ထွန်းလာခဲ့တဲ့ ကိစ္စတရပ်ပါပဲ။ တနည်းပြောရရင် အခုနောက်ဆုံး ရာစုနှစ်မှာပါ။ ဒါကိုလည်း နိုင်ငံတော်ဖြစ်ထွန်း ရပ်တည်လာမှုနဲ့ ယှဉ်ပြီးတော့ ရှုမြင်ကြရမှာ ဖြစ်ပါတယ်။ သမိုင်းကို နည်းနည်းပြန်ကောက်ရမယ်ဆိုရင် ဗမာတွေ မြန်မာအလယ်ပိုင်းတခွင်ကို အုပ်စိုးထားခဲ့စဉ်တုန်းက ဒေသ တနံတလျားက လူမျိုးစုတွေ ဘာသာရေး အသိုင်းအဝိုင်းတွေ လူမှုဝန်းကျင်တွေကို သူတို့ဟာ သူတို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားခဲ့ပါတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ဘောင်အတွင်း နေထိုင်သမျှကာလပတ်လုံး ဒီလိုပဲခွင့်ပြုထားခဲ့တာပါ။ ဒါဟာ ၂၀ ရာစုအစပိုင်းမှာ တစုနဲ့တစု သဘောထား မတူညီမှုတွေဖြစ်လာပြီး စတင် ယိုင်နဲ့လာခဲ့ပါတယ်။ တကယ်တော့ အိမ်နီးချင်းတွေ အချင်းချင်းရန်ဖြစ်တာ စစ်တိုက်တာဟာ ဗုဒ္ဓဘာသာ အစဉ်အလာ၊ အစ္စလာမ်အစဉ်အလာ မဟုတ်ပါဘူး။ အိမ်နီးချင်းတွေကြား ပျော်ရွှင်ငြိမ်းချမ်းစွာနဲ့ လွတ်လွတ်လပ်လပ် နေထိုင်ခဲ့တဲ့ အစဉ်အလာတွေသာ ရှိခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာကြီးက ဘာသာတရားနှစ်ခုစလုံးဟာ ပျော်ပျော်ရွှင်ရွှင်၊ ငြိမ်းငြိမ်းချမ်းချမ်း ယှဉ်တွဲနေထိုင်တဲ့ အစဉ်အလာရှိတယ်ဆိုတော့ အခု ပြဿနာတွေ ဖြစ်လာတာကြတော့ကော။ အဲဒီတုန်းက ကောင်းခဲ့တဲ့ အစဉ်အလာတွေ အခုဆိတ်သုဉ်းသွားခဲ့ပြီလား သို့မဟုတ် အခုအခါမှ တဖက်ကိုတဖက် လွှမ်းမိုးချင်တဲ့ စိတ်တွေများ ပိုမိုပေါ်လွင်လာလို့လားဆိုတာ ဘယ်လိုပြောမလဲ ခင်ဗျာ။
Josef Silverstein ။ ။ အခုအခါ ကျနော်တို့တွေ့ကြုံလာရတဲ့ပြဿနာတွေ တိုက်ခိုက်မှုတွေ သဘောကွဲလွဲမှုတွေဟာ အဓိကအားဖြင့် ဗမာတွေအနေနဲ့ သြဇာအာဏာကို လူထုအသိုင်းအဝိုင်းတခုလုံးအတွက် မျှမျှတတ ခွဲဝေကျင့်သုံးဖို့ ပျက်ကွက်ရာကတဆင့် ပေါက်ဖွားလာတာပါ။ သမိုင်းမှာလည်း အုပ်စိုးသူ ဘုရင်မရှိတဲ့အခါ ဒါမှမဟုတ် အုပ်စိုးတဲ့ဘုရင် အင်အားပျော့ညံ့တဲ့အခါမှာ လူတွေဟာ အုပ်စုလိုက် တခြားအုပ်စုတွေ လာရောက်တိုက်ခိုက်မှာစိုးလို့ ကာကွယ် ခုခံလာကြပါတယ်။ ဆိုတော့ ဒီကနေ့အခါမှာ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ စိတ်ဝမ်းကွဲပြားမှုတွေ လူမှုဒုက္ခတွေဟာ ကောင်းမွန်တဲ့ အုပ်စိုးမှုစနစ်တရပ်ကို မျိုးဆက်တခုက တခုကို နည်းလမ်းတကျ လွဲပြောင်းချမှတ်ပေးနိုင်ခြင်းမရှိတဲ့ ရလဒ်တွေလို့ ကျနော် ထင်ပါတယ်။ ဒါကြောင့် မြန်မာ့လူ့အဖွဲ့အစည်းဟာ ငြိမ်းချမ်းသော လူ့အဖွဲ့အစည်းတရပ် ဖြစ်မလာဘဲ တစ်ယောက်လည်ပင်းကို တစ်ယောက်ညစ်ဖို့ ကြိုးစားတဲ့ လူ့အဖွဲ့အစည်း ဖြစ်နေရတာပါ။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီပဋိပက္ခတွေဟာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲလာကြသူတွေအထဲက ပြောင်းလဲပေါ်ထွန်းလာတဲ့ သဘောပေါ့။ တနည်းပြောရရင် ငြိမ်းချမ်းရေးကတဆင့် ပေါက်ဖွားလာတဲ့ အကြမ်းဖက်မှုတွေလို့ ဆိုရမှာပေါ့။
Josef Silverstein ။ ။ မြန်မာနိုင်ငံမှာ ကွဲပြားတဲ့လူမျိုးစုတွေအကြား ငြိမ်းချမ်းရေး မတည်တံ့နိုင်ဘူးဆိုတဲ့ အခြေအနေတွေ အယူအဆတွေကတော့ မရှိခဲ့ဘူးလို့ ထင်ပါတယ်။ စိန်ခေါ်မှု တစုံတရာမရှိဘဲ ငြိမ်းချမ်းရေး တည်တံ့ခဲ့တဲ့ကာလလည်း ရှည်ရှည်လျားလျား ရှိခဲ့ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ အရင်က မရှိခဲ့ဘဲ အခုရှိလာတာကျတော့ကော ဆရာကြီး။
Josef Silverstein ။ ။ အခုတော့ အယူဆသစ်တွေကို ပြင်ပကလူတွေကနေတဆင့် တင်သွင်းလာတာ တွေ့မြင်နေရပါတယ်။ ပြင်ပက ဝင်ရောက်လာသူတွေဟာ သူတို့နဲ့အတူ စိတ်မချမ်းသာစရာတွေ၊ မုန်းတီးစိတ်တွေ၊ သဘောထားကွဲလွဲမှုတွေကို သယ်ဆောင်လာပြီး ပြည်တွင်းမှာ ကာလရှည်ကြာစွာ ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်လာသူတွေဆီ သွတ်သွင်းပေးနေကြတာ တွေ့ရပါတယ်။ အဲဒီလိုနဲ့ နှစ်ပေါင်းများစွာတည်ရှိလာခဲ့တဲ့ ငြိမ်းချမ်းမှု ပျက်ပြားစရာတွေ ဖြစ်လာရတယ်လို့ ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက ဖဆပလခေတ်တုန်းကလည်း ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဌာန်းဖို့ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ ပြဿနာတက်ခဲ့ရတယ်လို့ ဖတ်ရပါတယ်။ ဒါပေမယ့် ဒီလိုအထိ ဆိုးတဲ့ အကြမ်းဖက်မှုတွေတော့ မဖြစ်ခဲ့ဘူးပေါ့ ခင်ဗျာ။
Josef Silverstein ။ ။ ဒီလို အယူအဆမျိုးနဲ့ပတ်သက်ပြီးတော့ ကျနော် စိုးရိမ်ပါတယ်။ နိုင်ငံတော် ဘာသာဆိုတဲ့ အယူအဆဟာ အတော်လေး နောက်ပိုင်းကျမှ ပေါ်ထွက်လာတဲ့ အယူအဆ ဖြစ်ပါတယ်။ အတိတ်ကာလ ၁၉ ရာစု၊ ၁၈ ရာစုကို ပြန်ကြည့်မယ်ဆိုရင် ဘာသာကိုးကွယ်မှု မတူညီတူတွေဟာ နီးနီးကပ်ကပ် နေထိုင်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ ခေါင်းဆောင်မှုနဲ့ သူတို့နည်းနဲ့ သူတို့ နေထိုင်ခဲ့ကြတာပါ။ တစ်ယောက်အရေး တစ်ယောက် ဝင်စွက်ဖက်တာလည်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ခေတ်သစ်ရောက်လာတော့ အထူးသဖြင့် ဗုဒ္ဓဘာသာဝင်တချို့က ဗုဒ္ဓဘာသာသည် နိုင်ငံတော်ဘာသာဖြစ်ရမည်လို့ တောင်းဆိုလာကြပါတယ်။ တကယ်တော့ နိုင်ငံတော်ဘာသာဆိုတာ မရှိပါဘူး။ လူအများစုက ဗုဒ္ဓဘာသာကိုးကွယ်ကြတော့ သူတို့ဟာသူတို့ ကျင့်ကြံလိုက်နာကြဖို့ပဲ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ အခုလိုဆိုတော့ ရှေးတုန်းက ဘာသာကွဲ လူမျိးကွဲ ပြဿနာမရှိဘဲ အတူယှဉ်တွဲ နေထိုင်လာကြတယ်။ အခုနောက်ပိုင်းကျတော့ ဘာသာရေး လူမျိုးရေး ပဋိပက္ခတွေဖြစ်လာတယ်ဆိုတော့ မြန်မာနိုင်ငံသမိုင်းက ခေတ်သစ်ကျမှ တိုးတက်မလာဘဲ နောက်ပြန်ဆုတ်နေတယ်ဆိုတဲ့သဘောပေါ့ ဆရာကြီး ခင်ဗျ။
Josef Silverstein ။ ။ ကျနော် အပြည့်အဝ သဘောတူပါတယ်။ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေဟာ သူတို့အုပ်ချုပ်ရေးနဲ့သူတို့ အတူယှဉ်တွဲ နေထိုင်ခဲ့ကြပါတယ်။ ဗမာဘုရင်ကို အကြီးအမှူးအဖြစ် အသိအမှတ်ပြု လက်ခံထားကြပြီး အချင်းချင်း သဟဇာတရှိ နေထိုင်ခဲ့ကြပါတယ်။ ဗမာဘုရင်ကလည်း သူတို့နည်းနဲ့သူတို့ နေခွင့်ပြုထားခဲ့ကြပါတယ်။ သူတို့ကိစ္စကို ဝင်မစွက်ခဲ့ပါဘူး။ ဒါကြောင့် မြန်မာ့သမိုင်းမှာ ငြိမ်းချမ်းရေး ရှိခဲ့ပါတယ်။ လူမှုစစ်ပွဲတွေ မရှိခဲ့ပါဘူး။ ပြည်ပတိုင်းပြည်တွေနဲ့တော့ စစ်ပွဲတွေ အများကြီး ဖြစ်ပွားခဲ့ပါတယ်။ ဥပမာ ထိုင်းနဲ့ဗမာ စစ်ပွဲတွေ အများကြီးဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာလည်း ဘာသာကိုးကွယ်မှု ကွဲပြားခြားနားလို့ ဖြစ်ပွားခဲ့တဲ့စစ်ပွဲတွေ မဟုတ်ပါဘူး။
ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ဆရာကြီး။ အဲဒီတော့ ရှေ့ကို မျှော်ပြီးကြည့်မယ်ဆိုရင် ဒီလို သဟဇာတရှိရှိ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ မတူကွဲပြားမှုတွေအကြား ငြိမ်းချမ်းစွာနေထိုင်နိုင်တဲ့စနစ်ကို ပြန်သွားဖို့အတွက် အဲဒီစနစ်မျိုးကိုဖန်တီးဖို့အတွက် ဘာတွေကို ကျနော်တို့ ပြုပြင်ကြရမလဲ။ စနစ်ကို ပြုပြင်ရမလား။ နိုင်ငံတော်ကို ပြောင်းလဲရမလား။ သို့မဟုတ် လူ့အဖွဲ့အစည်း လူတွေရဲ့ စိတ်နေသဘောသဘာဝကို ပြောင်းလဲရမလား။
Josef Silverstein ။ ။ ဒါကိုလည်း နောက်ပြန်လှည့်ကြည့်ရမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းကို တွေ့ရပါလိမ့်မယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်သူတွေကို ဦးဆောင်ပြီး ပင်လုံညီလာခံလုပ်စဉ်တုန်းက လူမျိုးစုတွေ သူတို့ဟာသူတို့ လွတ်လွတ်လပ်လပ် စီမံအုပ်ချုပ်နေထိုင်ပိုင်ခွင့်ကို ပြောကြားခဲ့ပါတယ်။ မူစလင်တွေကိုသော်လည်းကောင်း တခြားအုပ်စုတွေကိုသော်လည်းကောင်း ပြောင်းလဲဖို့ သူ မလုပ်ခဲ့၊ မပြောခဲ့ပါဘူး။ ငြိမ်းချမ်းပြေပြစ်မှု ရှိနေသမျှ သူတို့ဘာသာ သူတို့နေကြဖို့သာ ပြောခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ Federal ပြည်ထောင်စု ဖွဲ့အစည်းရေးကို လိုလားပါတယ်။ လူမျိုးစုတွေ တစုကိုတစု ဝင်မစွက်ဖက်ဘဲ ကိုယ့်ဘာသာကိုယ် နေထိုင်ရေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီဇစ်မြစ်ကို အခု ပြန်မသွားကြတော့ပါဘူး။ နိုင်ငံတော်ဘာသာဆိုတာမျိုးတွေ လုပ်ချင်လာပါတယ်။ ကျန်လူမျိုးစုအပေါ် ကြီးစိုးချယ်လှယ်လာချင်ကြပါတယ်။ ဆိုတော့ ကျနော့်သဘောပြောရရင် သမိုင်းကို ပြန်ကြည့်ကြပါ။ လေ့လာကြပါ။ အဲဒီမှာ မြန်မာလူမျိုးတွေ သဟဇာတရှိရှိ ပျော်ပျော်ရွှင်ရွှင် နေထိုင်ခဲ့ကြတာကို တွေ့ကြရပါလိမ့်မယ်။ ။
ဗွီအိုအေ (မြန်မာပိုင်း) အစီအစဉ်မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment