ညို မိဘနှစ်ပါးကို သူ ကျေးဇူးတင်စကားပြောပြီး ကန်တော့သည်တွင် “အေးကွာ ... မင်းတို့ကလည်း ဆက်လှုပ်ရှားနေတော့ ဒီအခြေအနေ ရောက်လာတာကိုး နေရာရွှေ့ရပြီပေါ့ကွာ ... ဘယ်ပဲရောက်ရောက် ဉာဏ်ပညာရှိရှိ နေထိုင်ပြုမူနေထိုင်ပါဟု ဦးရွှေခင်က မှာ၏။
ဒေါ်တင်တင်ကား ညိုအား ထမင်းကြော်ခိုင်းပြီး ... သြော် ငါ့မျောက်တွေ တကောင်တကွဲဖြစ်နေကြပြီပေါ့။ ဒုက္ခကို ပူးပေါင်းပြီး မရှာနိုင်ကြတော့ဘူးဟု ရေရွတ်သည်။
“မျောက်တွေက ဆော့ပေမယ့် သံယောဇဉ်တော့ ရှိတတ်ပါတယ် အဒေါ်ရယ်”
“အေးပါဟယ် ငါလည်း နားမျက်စိနောက်လွန်းလို့သာ ပြောရတာ။ တကယ်တော့ နင်တို့ဟာ ကိုခင်ရွှေသောက်တဲ့ ဆေးတံလိုပါပဲ၊ အနားမှာသောက်နေရင် ညှော်လွန်းလို့ မောင်းထုတ်ရတယ်။ သူ မရှိရင်လည်း ညှော်နံ့လေးပဲ သတိရနေပြန်ရော”
သူ ရယ်၍ “ကျနော် ညို့ကို နှုတ်ဆက်ဦးမယ်၊ ရထားလည်းလာတော့မယ်” ဆိုကာ မီးဖိုခန်းထဲ ဝင်သွားသည်။
ညိုမှာ ထမင်းကြမ်းအိုး၊ ဒယ်အိုး … မီးဖိုတို့ကြား ဆီပုလင်း ကိုင်လိုက် မီးမွှေးလိုက်ဖြင့် ယောင်နေစဉ် သူ ဝင်လာသည်ကို တွေ့၍ ခဏလေးနော်ဟု ပြောကာ ကမန်းကတန်း ယပ်ခပ်နေသည်။
“ထားလိုက်စမ်းပါ ညိုရယ် ... ဒီအချိန်မှာ ညို အလုပ်ရှုပ်ပြီး ကြော်နေတာကို ကိုယ် မစားရက်ဘူး တမျိုးကြီးပဲ”
သူ့စကားကြောင့် ညို သူ့အားလှည့်ကြည့်ပြီး
“ဟုတ်တယ် ညိုလည်း တမျိုးကြီးပဲ မလုပ်ချင်ဘူး၊ ရင်ဘတ်ထဲမှာ ပူဆာဆာကြီး” ဟု ဝန်ခံကာ လက်ထဲကိုင်ထားသမျှ လွှတ်ချလိုက်သည်။
“ညို ကိုယ့်ကို တခုခုပြောပါလား ညက စဉ်းစားထားတာ ဘာမှမရှိဘူးလား ကိုယ်တို့ အမှတ်ရနေစရာ”
ညိုသည် နောက်ဖေးဘက်သို့ ပြူကြည့်ရာ ရောင်နီသန်းနေပြီကိုမြင်၍ “လာ ... ညို ပြစရာရှိတယ်” ဟု ဆိုကာ သူ့အား မီးဖိုချောင်ထဲ ထုတ်ရေကပြင်မှ ဆင်းကာ ဘူးစင်အောက် ခေါ်သွား၏။ ဟိုမှာ ကြည့်စမ်းဟု ညွှန်ပြရာ ပုတ်၍မဲနေသော ဘူးသီးကလေးတလုံးကိုသာ တွေ့ရ၏။ သူ ညို့ မျက်နှာပြန်ကြည့်သော် ညိုက သူမ အလေးအနက် ပြောလိုသည့် အကြောင်းအရာကို လွမ်းစဖွယ်စကားသံဖြင့် ပြောပြ၏။
“တွေ့လား ဘူးသီးလေး ပုတ်သွားပြီ”
ညို့စကားသည် ထိုမျှသာဖြစ်၏။
သြော် … ဟုသာ သူ တအံ့တသြ ရေရွတ်မိပြီး အတွေးများမှာ ရင်ထဲ တိုးဝှေ့ရောက်လာသည်။ ဒါ ကိုယ် လက်ညှိုးထိုးလို့ ပုတ်တာ မဟုတ်ဘူး။ ပုတ်မယ့်အလုံးကို လက်ညှိုးထိုးမိတာ ဟု သူ ငြင်းခုံလိုစိတ် မရှိတော့။
သူ အလျင်အမြန်စဉ်းစား၍ သူ့စကားကို စောင့်စားနေသော ညိုအား ယခုလို စီကာပြောလိုက်မိသည်။
“ကိုယ် နောက်ဆိုရင် ဘယ်တော့မှ ဘူးသီးအကင်းလေးတွေကို လက်ညှိုးနဲ့မထိုးတော့ပါဘူး ညိုရယ် ... ဘူးသီးနုနုလေးကို အမွှေးမသပ်ရဘူးဆိုတာတော့ ကိုယ်ကြားဖူးလို့ မသပ်ခဲ့ပါဘူး”
သူ့စကားကြောင့် ညို စိတ်ရှုပ်သွားဟန်ဖြင့် ညို ဒါတွေ ပြောချင်တာ မဟုတ်ပါဘူး ဟုဆိုကာ ဘူးသီးအပုတ်ကလေးကို ခူးလိုက်သည်။ ပြီးနောက် ယူသွားဟု အမိန့်ပေး၏ ။ သူ အူကြောင်ကြောင်ဖြင့် ယူလိုက်ရသည်။
“ဒါ … ညို့လက်ဆောင်လား … ကိုယ် သိမ်းထားရမှာလား”
ညို မည်သို့မျှ ပြန်မဖြေ၊ နှုတ်ခမ်းကို မရယ်မပြုံးမိစေရန် သို့မဟုတ် မမဲ့မိစေရန် ခပ်တည်တည်ဖြစ်အောင် စေ့၍သာ နေနေ၏။
“ယူသွားပါမယ်လေ … ညို ဆိုတဲ့ ဘူးစင်မှာ ပျော်ရွှင်ခြင်းဘူးသီးကင်းလေးတွေ အများကြီးနဲ့ ဝေဝေဆာဆာနေခဲ့ပါ။ ကိုယ့်ကြောင့်ပုတ်သွားတဲ့ ပျော်ရွှင်ခြင်းတခုကိုတော့ ကိုယ်ကြည့်ပြီး နောင်တရနေပါမယ်” ဟု သူ သရုပ်ဆောင်တယောက် ပြဇာတ်ထဲပြောသည့် အမူအရာဖြင့်ပြောကာ ညို့ကို ကြည့်သည်။
ဘာကြောင့်ဟု သူမသိ ညို့ရှေ့မှ ခေါင်းငိုက်စိုက်ချသွားလိုစိတ်ကို အကောင်အထည်ဖော်ကာ အိမ်ရှေ့ခန်း ပြန်ရောက်လာသည် ။ သူ ဦးခင်ရွှေတို့နှင့် နှုတ်ဆက်စကား ထိုင်ပြောနေစဉ် ညို က ခန်းဆီးကြားမှ သူ့ကို ချောင်းကြည့်နေခဲ့၏။ သူ ပြန်ကြည့်သော် သူမ ထသွားကာ ကုက္ကိုပင်မှရေအိုးစင်ကို သန့်ရှင်း ရေလှယ် လုပ်နေတော့၏။
ရထားသံကြားသော် သူ အိမ်ပေါ်မှ ဆင်းလာသည်။ ညိုအား ... “ကိုယ်သွားပြီနော် … ကိုယ်ပြောတာတွေ မမေ့စေချင်ဘူး၊ ညို အိမ်ထဲဝင်နေလိုက်လေ တော်ကြာ ကိုယ့်ကိုနှုတ်ဆက်နေတာ အုန်းသိန်း တွေ့သွားဦးမယ် … မကြောက်ဘူးလား” ဟု စလိုက်သည်။
အုန်းသိန်းမကလို့ အုန်းသိန်းအဖေပဲဖြစ်ဖြစ် ညို မကြောက်ဟု ပြောချင်သော်လည်း စကားသံမထွက်ဘဲ ရေအိုးစင်ကလေးရှိရာသာ သူမ သွားရပ်နေသည်။ သူ ရထားပေါ်တက်၍ လက်ပြသော်လည်း ညိုက သည်အတိုင်းပင် ပေကပ်ကပ်ရပ်နေဆဲ။ လက်နှစ်ဖက်ကို နောက်ဘက်ကပ်၍ ကုက္ကိုပင်ကိုမှီကာ အရုပ်တရုပ်လို ကျန်ခဲ့သော ညိုမှာ ဆံပင်ဖားဖားများမှာ ရထားရှိန်ကြောင့်လားမသိ လေထဲ ဝေ့ဝဲကျန်ခဲ့သည်ကိုသာ သူကြည့်ရင်း လိုက်ပါသွားခဲ့ရတော့သည်။
မိုးဦးကျ ကျောင်းပြန်ဖွင့်သည်နှင့် သူ အိမ်ပြန်နေလိုက်သည်။ သူရတို့ထံနေရင်း ဆက်သွယ်မိသူများနှင့် ကျောင်းထဲ ပြန်ဆုံသည်တွင် တချီတမောင်းပြန်စသည့် အရေးတော်ပုံပေါ်လာ၏။ ဗိုက်ဆာနေတုန်း ကိတ်မုန့်လာပေးသည်နှင့် တူလှသည်ဟုထင်ပြီး အားပါးတရ ဝင်နွှဲလိုက်သည်။ ယခင်တခါထက် အားကောင်းလာပြီဖြစ်၍ မကျေပွဲမှာ ပိုစည်ကားလာ၏။
မခင်အေးမှာ ကြောက်ကြောက်လန့်လန့်ဖြင့် လှမ်းမျှော်ကြည့်ရင်း လူပိုစည်ကားလာ၍ အနားသို့ကပ်ရင်း ဖေသောင်းကို တွေ့အောင်ရှာရသည်။ စီးပွားရေးတက္ကသိုလ်အဝင်ဝ၌ ပိုစတာတချပ်ထူနေသော ဖေသောင်းအားတွေ့၍ ကျောကို လွယ်အိတ်ဖြင့် ပိတ်ရိုက်လိုက်မိသည်။
“ဟာ မခင်အေး ... လာလေဗျာ မိန်းကလေးတွေ အများကြီး ပါနေပြီ လန့်မနေနဲ့ ...”
ဖေသာင်း အားပါးတရပင် နံဘေးရှိ ဗလာစာအုပ်များကိုညွှန်ပြ၍ “စာအုပ်အလှူခံမလား ... ကြွေးကြော်သံတွေ ဝိုင်းရေးပေးမလား ကြိုက်တာလုပ်” ဟု ခိုင်း၏။ မခင်အေး စိတ်မရှည်တော့။
“ရှင့်ဟာတွေ ခဏထားပါဦး ရှင် ညို့သတင်းလေးဘာလေးမေးဖို့ သတိမရအောင် အလုပ်ရှုပ်နေပြီလား”
“ဟာ … ဟုတ်တယ် ညိုနေကောင်းလား” ဟု သူမေးသော်လည်း လက်ထဲ အလုပ်များကို မျက်နှာမလွှဲ။ “တော်ပြီ” ဟု ပြောကာ မခင်အေး လှည့်ထွက်သွားသည်။ “ဟာ … နေပါဦးဗျ ... ဒါလေးတွေ ယူသွားပါဦး အဆောင်မှာ လိုက်ဝေဗျာ” ဟု သူ တောင်းပန်ရင်း စာရွက်တထပ် လက်ထဲ ထိုးပေးသည်။
မခင်အေး ပို၍စိတ်တိုကာ “ရှင် ... ကိုဖေသောင်းမှ ဟုတ်သေးရဲ့လား”
ထိုစကားကြောင့် သူရ ရယ်ကာ “အေးလေဗျာ ဖေသောင်းဘဝကို ဒီကောင်စွန့်လိုက်ပြီ” ဟု ဝင်ပြော၏။
“ရှင် အူကြောင်ကြောင်လုပ်မနေနဲ့၊ ဖေသောင်းဟာ ဖေသောင်းပဲ တောဘူတာကလေးက မပြောင်းလဲသေးဘူး ရှင်ပြောင်းလဲချင်လို့ဘယ်ရမလဲ” ဟု ဆူဆူဆောင့်ဆောင့် ကြိမ်းမောင်း၏။
“ကျနော် ဘာပြောင်းလဲလို့လဲဗျာ ... မခင်အေးကလဲ”
“ရှင် စာလေးတစောင်တောင် ဘာလို့ရေးဖော်မရလဲ”
“အာ ... လိပ်စာမသိ ...”
“ဘာ ... ဘာလို့မသိရမှာလဲ သူ့အဖေ နာမည်နဲ့ ရုံပိုင်ကြီးဆိုရင် ရောက်ပြီပေါ့ ... ရှင် ကျမတို့တောဘူတာလေးကို မမှတ်မိလောက်အောင် ရူးသွားပြီလား”
“ဟာ ... ဟုတ်သားပဲဗျာ ...” ဟု သူ အရှက်ပြေရယ်နေသော်လည်း မခင်အေး ကျေနပ်မှု လုံးဝ မရပေ။
“ရှင့်ကို အုန်းသိန်းအဖေလက်ထဲ အစောကြီးထည့်အပ်လိုက်ရင် အကောင်းသား” ဟု မခင်အေး ရေရွတ်ရင်း တရှူးထိုး ထွက်သွားသည်။ ဖေသောင်းမှာ “ဟာဗျာ ... ရေးလိုက်ပါမယ် မအားသေးလို့ပါ” ဟုသာ ဆင်ခြေပေးရင်း လက်စအလုပ်များ ဆက်လုပ်ရင်း ကျန်ခဲ့၏။
xxxxx xxxxx xxxxxx
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment