လူစားပြောင်းမှန်းမသိ …
နွားစားပြောင်းမှန်းမသိ..
စဉ်းရိုးပါ ထည့်ဝါးမိတဲ့အဖြစ်…။
ကျနော် မောင်ဘညွှန့်တို့ နာနာရိုက်ခဲ့ရတဲ့ မြေပေါ်မှာ … ပန်းမာလာမျိုးစုံထက် အသီးမာလာက ပိုမျိုးစုံပါတယ် …။ ကန်းစွန်း …။ ချဉ်ပေါင်၊ ပင်စိမ်း၊ ဗူး၊ ပြောင်းပေါ့ …။ တခြားအပင်တွေလည်း ရှိပါတယ်။ ကန်စွန်းဆို လက်မလည်အောင်ကို ရိတ်ရပါတယ်။ ကန်စွန်းကလည်း ရိတ်လေ ထလေပဲ ...။
ကန်စွန်းဆိုမှ အဲ့တုန်းက ဝန်ကြီးဦးသန်းစိုးမှာ သား ၂ ယောက်ရှိတယ်…။ မောင်ဘညွှန့်တို့ဆီမှာက အလှည့်ကျ ထမင်းဟင်းချက်ရတယ် ...။ ကိုယ်ချက်တဲ့ရက်မှာ ဘာဟင်းချက်မယ်ဆိုတာ ရှာဖွေ ကြံဖန်ရပါတယ် …။ ဝန်ကြီးသား ၂ ယောက်က အဲ့ကန်စွန်းတွေကို တံဇဉ်နဲ့ မြက်ရိတ်သလိုရိတ်လာပြီး … ဓားနဲ့ လှီး .. ရေဆေးပြီး ကြော်ပါတယ်။ လူများတော့ ကန်စွန်းကို ထွင်နေရင် ပြီးမှာမဟုတ်တော့ပါဘူး …။
ထမင်းစားချိန်ရောက်တော့ … ကန်စွန်းနဲ့ထမင်းပေါ့ .. အဲ့မှာ စတာပဲ .. ရွေးထွင်ထားတာမဟုတ်တော့ .. ကန်စွန်းထဲမှာ မြက်လည်းပါတယ် …။ ပိုဆိုးတာက သဲပေါ့ …။ သဲတရှပ်ရှပ်နဲ့ ကန်စွန်းရွက် …။ ဝန်ကြီးသား ၂ ယောက်က ကြော်ပြီးသား ကန်စွန်းကို ရေပြန်ဆေးပြီး .. ပြန်ကြော်ကျွေးပါတယ် ..။ မောင်ဘညွှန့်တို့တွေကလည်း ပြန်စားတာပါပဲ …။
ဒီမှာ နောက်တမျိုးက ပြောင်း …။ ပြောင်းဆိုတာ ဟိုပြုတ်စား၊ လှော်စားတဲ့ ပြောင်းမဟုတ်ပါဘူး ..။ နောက် ကော်လုပ်တဲ့ ပြောင်းလဲ မဟုတ်ဘူး …။ အဖိုးတန် .. ဘေဘီကွမ်းလေးတွေပါပဲ …။ ဘေဘီကွမ်းဆိုတော့ သိတယ်မလား .. လက်ညှိုးလောက် လက်မလောက်လေးတွေကို ဟင်းရွက်စုံတွေထဲမှာ ထည့်ကြော်တာ … စားကောင်းပါတယ်။
ဒီနေရာမှာ နောက် စိုက်ပျိုးရေးဝန်ကြီးပေါက်စ လက်ထောက်တယောက်ရှိတယ် … ယုံတဲ့သူကလည်း ယုံပါတယ်။ မောင်ဘညွှန့်တို့လည်း ယုံပါတယ် .. အားလည်းကိုးပါတယ် .. မကိုးလို့လည်း မရဘူးလေ .. လယ်ယာကိုင်းကျွန်းအလုပ်ဆိုတာ လွယ်တာမှတ်လို့ .. ဟဲဟဲ …။
သူက အောင်ဘညို (ကဗျာဆရာ အောင်ဘညို မဟုတ်ပါ) … ။ မအေးအေးမွန် (နော်ဝေ)၊ မအေးအေးအောင် (အမေရိကား) တို့ရဲ့မောင် ..။
ဘေဘီကွမ်းတွေကိုကြည့် .. ပြောင်းဖူးလေးတွေက လက်တောက်လောက်လေးတွေဆိုတာ့ မရသေးဘူး … နည်းနည်းကြီးအောင်စောင့်ပေါ့ … စောင့်ရင်းနဲ့ ဘေဘီကွန်းက အရိုးလေးတွေတွန်ပြီး ရင့်သံလေးပေးလာတယ် ...။ မောင်ဘညွှန့်တို့လည်း .. ဘေဘီကွမ်းမှန်း ဘာမှန်း သိတာမဟုတ်ဘူး …။
(မှားချက်က နောင်များမှာလည်း မုန့်လာဥနီပင်တွေကို နံနံပင်အောက်မေ့ပြီး စိုက် …။ ဝိုင်းပြောတဲ့သူတွေကလည်း ဒါ ရှမ်းမျိုးဆိုတော့ အဟုတ်မှတ်တာကိုး …။ ဥတွေက အောက်က မတက်သေးဘူး … နံနံရွက်နဲ့တူတဲ့ မုန်လာဥနီရွက်တွေကို … ငါးဟင်းထဲ ထည့်ချက်လိုက် .. ပဲဟင်းထဲ ထည့်ချက်လိုက်နဲ့ … မသေကြတာပဲ ကံအလွန်ကောင်း)
အဲ့ .. ခုန ဘေဘီကွမ်းတွေပေါ့ … အဲ့ဒီ ဝန်ကြီးပေါက်စလက်ထောက်က ရင့်နေတဲ့ စဉ်းရိုးတွေရော အကုန် ပါးပါးလှီးပြီး ကြော်တာပေါ့ …။ ဘေဘီကွမ်းဆိုတာ စဉ်းရိုးပါမကျန် စားရတဲ့အမျိုးကိုး …။ မောင်ဘညွှန့်တို့လည်း စားကြပါတယ် …။ ဒါပေမယ့် ခိုးလို့ ခုလုပေါ့ …။
…......................
အသားနံ့ ကင်းတဲ့နေတွေမှာ
တစ်ဗူး (၁၀) ဘတ်တန် ရေသန့်ဗူးထဲက
ပိုးလောက်လန်းတွေခမျာ ...
မနေတတ် မထိုင်တတ်နဲ့
မချိတင်ကဲ
စိတ်ဓာတ်တွေကို ကျလို့ …။
မောင်ဘညွှန့်တို့ဆီက လူလည်းများတယ် …။ နွေဘက်ဆို အရမ်းပူ ... ရေကလည်း အရမ်းငတ်ပေါ့ …။ လူများတော့ ရေသန့်ဖိုး မတတ်နိုင်တော့ဘူး …။ နောက်ဆုံး ဘယ်သူကကြံလိုက်တယ် မသိဘူး …။
ကျနော်ထင် ကိုစောထူး (သူက ဆွီဒင်မှာ ... ဆံထုံးနောက် ယောင်ပါသွားတာ။ ဒီမှာတုန်းကတော့ သူ့ညီ ဒီထူးနဲ့ မောင်ဘညွှန့်ကို တနေ့ ၁၀ ဘတ် အားလေး လျှာလေးဆေး ပေးခဲ့သူပေါ့) … မောင်ဝေယံလား (သူက အမေရိကားမှာ .. ခု သားလေးတယောက်နဲ့ ဆူရှီသူဌေးလုပ်နေတယ်။ နောက် မောင်ဘညွှန့်ရဲ့ ဂရပ်ဖစ်ဆရာရင်းပေါ့။ နောက် အာလေး လျှာလေးဆေးများလေးလည်း ဝယ်တိုက်ရှာပါတယ်) … နောက် ကိုငြိမ်းချမ်းလား …(သူလည်း အခု အမေရိကားမှာ … လေးအောက်အတွက် ကိုယ်ဖိရင်ဖိ ဆဲပြီး ၂ ရက်တာ သင်ပေးသွားခဲ့သူ ...။ လက်ဦးဆရာတဦးပဲ) …
သူတို့ထဲက တယောက်ယောက် စလိုက်ပုံရတယ် …။ ရေသန့်တွေနေရာမှာ မိုးရေတွေ ဝင်လာတာ … မောင်ဘညွှန့်တို့လည်း မသိပါဘူး ..။ ရွာက သူကြီးအဘိုးကြီးကလည်း စိတ်ကောင်းတယ် …။ လူတွေက များ .. စားစရာကမရှိဆိုတော့ … သနားတယ်ထင်ပါတယ် .. သူ့အိမ်မှာလှောင်ထားတဲ့ ရေအိုးကြီးထဲက မိုးရေတွေကို … အခမဲ့ သောက်ရေအဖြစ် ပေးသနားလိုက်တယ် …။ လာထားပေါ့ ...။
ပင်တိုင်ရေထမ်းသမားတွေကတော့ .. ကိုငြိမ်းချမ်း၊ ဒီထူးနဲ့ ကျနော် မောင်ဘညွှန့်တို့ပါပဲ …။ လူတော်တော်များများကလည်း ပထမ မသိပါဘူး ..။ ရေသန့်ပဲ ထင်တာကိုး ...။ နောက်ပိုင်း .. မိုးရေဆိုတော့ သိတဲ့အတိုင်း .. သွပ်တံစက်မြိတ်က လာရတာလေ ...။ ဝါကျင့်ကျင့်အရောင်လေး စပြောင်းလာတယ် ...။ ဗူးကြောင့်ပေါ့ .. ဗူးမသန့်တာ ...။ နောက် ၁ ရက်လောက်နေတော့ .. ပိုးလောက်လန်းလေးတွေ ရေကူးနေတယ်ဗျာ ...။ အဲ့နေ့က တော်တော်များများ .. ဗိုက်အောင့်ကုန်ကြတယ် ...။
…......................
ဟေ့ ..ပုလင်းတွေသာကုန်သွားမယ်
လေးဖက်မြင်မျက်လုံးနဲ့
အိမ်ပြေးတစ်ယောက်ရဲ့
အာခိလိ ပုံပြင်ကတော့
ဘယ်တော့မှဆုံးမှာ မဟုတ်ဘူး …။
ဖနောင့်မှာ အားနည်းချက်ရှိတယ်ဆိုလို့
ကိုယ့်ဖနောင့်ကိုယ်တောင်
ဒီမြေကြီးပေါ် ရဲရဲ မနင်းရဲဘူး …။
တကယ်ပဲ ပုလင်းတွေသာ ကုန်သွားစေရမယ် .. လူကတော့ဗျာ ... ပုံ့ပုံ့လေး .. ငုတ်တုတ်လေး ...။ ကိုဖေသက်နီ .. (ခုက နော်ဝေးမှာ) ...။ အိမ်ပြေးမင်းသား ...။ ဇော်မိုးဝေက ဒိုင်ခံလာပို့တယ် ...။ ဇော်မိုးဝေဆိုတာ မမော် (မမော်ဆိုတာလည်း မောင်ဘညွှန့်တို့ရုံးနဲ့ သိပ်မစိမ်းဘူး … သူတို့ကောင်းမှုကြောင့်သာ .. အသားတွေ ငါးတွေ စားရတာ) တူ ..။ အဲ့တုန်းက အပေါင်းအသင်းက (အမှန်က ငယ်သေးတဲ့အချိန်ဆိုတော့ ဘယ်သူမှာ မောင်ဘညွှန့်တို့နဲ့ တွဲမသောက်ဘူး။ နောက်ပိုင်းမှသာ) လေးယောက်ပဲ .. ဒီထူး (နယူးဇီလန်)၊ သန်းထွန်းအောင် (အမေရိကား .. အဲန်အယ်လ်ဒီ အယ်လ်အေ ဥက္ကဋ္ဌ ဦးတင်အောင်သား အလတ်)၊ ဇော်မိုးဝေ (ခု နော်ဝေဂျီယံ)၊ နောက် မောင်ဘညွှန့် (ဗမာနိုင်ငံသား .. လောလောဆယ်လည်း ဗမာမှတ်ပုံတင်တခုပဲရှိလို့ပါ)...။
ကိုဖေသက်နီရောက်တဲ့ အဲ့ညကတော့ ဘာပြောကောင်းမလဲ ...။ တာဝန်ခံအယ်ဒီတာ ဦးခင်လွန်းတို့ .. ဒီဇိုင်နာ ကိုမောင်မောင်ဦးတို့နဲ့ တပွဲတလမ်း သွားနွှဲလိုက်သေးတယ်ထင်တယ်။
အရင် မောင်ဘညွှန့်တို့လို ချာတိတ်တွေနဲ့ အတူတူသောက်ခဲပါတယ်။ ဒါပေမယ့် အဲ့ည ဘယ်လိုဖြစ်တယ်မသိဘူး ...။ ပြန်လာတော့ ဆက်ဝိုင်းဖွဲ့နေကြတာ ..။ အပေါ်ထပ်က ဦးဖုန်းခေါ် ဦးအောင်ဖုန်းမြင့် (ခုတော့ အမေရိကား ထင်တယ်) .. သူ့အိပ်ရာဘေးလေးမှာ ...။
ဝိုင်းဖွဲ့နေတာက ကျနော် မောင်ဘညွှန့်ရယ် ... သန်းထွန်းအောင်ရယ် ... ကိုကျော်ဇင်ဦး (ဦးတင်အောင် သားအကြီး) သူတို့နဲ့ … နောက် ကိုဖေသက်နီ ...။ အရက်ကလည်းကုန် .. ကိုဖေသက်နီရဲ့ အာခိလိပုံပြင်ကလည်း လိပ်ပတ်တွေကိုလည်လို့ .. ကျနော်တို့လည်း ကွဲကွဲလေးတွေ .. ငေးငေးငူငူလေးတွေပေါ့ … အသံကလည်း တိုးတိုးပြောရတာ .. မတော် ညကြီးမင်းကြီး မိုးကြိုးတွေပစ်မှာ စိုးရသေးတယ် ...။
လိပ်ပတ်တွေလည်ရင်း ထပ်သောက်ချင် … ထပ်သောက်ချင်တော့ သန်းထွန်းအောင်ကို ဆိုင်ကယ ခိုးခိုင်းရတယ် ...။ ဆိုင်ကယ်သော့တွေမှန်သမျှက အယ်ချုပ်ကြီးရဲ့ ခြင်ထောင်ကြိုးအောက်မှာ ...။(သော့ ခိုးပုံခိုးနည်း နောက်မှပြောပြတော့မယ်) အဲ့အချိန်က ဆိုင်ကယ် ၂ စီးပဲရှိတယ် .. တစီးက လယ်ထဲဆင်းဖို့ .. တစီးက မြို့ထဲသွားဖို့ပေါ့ ...။ မြို့ထဲသွားတဲ့ဆိုင်ကယ်ကို ခိုး .. ရပြီဆိုတော့ ၂ ယောက်သား ရှာပုံတော်ဖွင့်ပေါ့ .. အာခိလိပုံပြင်ကိုလည်း ဒါနဲ့မှ အဆုံးသတ်လို့ရမှာကိုး ...။
မြို့ထဲရေးရာကျွမ်းကျင်သူ ... သန်းထွန်းအောင် (အဲ့အချိန် ဒီကောင်က အယ်ချုပ်ရဲ့ ညာလက်ရုံးလား ဘယ်လက်ရုံးလား မသိဘူး) နောက်မှာ အရက်ဖိုးလေးကိုင်ပြီး .. ယောင်တောင်တောင် ပေါင်တောင်တောင်နဲ့ … ကိုဖေသက်နီရဲ့ အာခိလိပုံပြင်ကို ဆက်နားထောင်လိုက်ဦးမယ်ပေါ့ … သူရောက်တုန်းခဏ .. အနီလေး ဘာလေးဆွဲရတာဆိုတော့ ...။ ဝီရိယတွေ ကောင်းနေကြတာ ...။
နောက်နေ့မနက် … ဖနောင့်နဲ့ အပေါက်မခံရဖို့ကိုလည်း လုပ်ရဦးမယ် ...။ ဘာပဲပြောပြော အယ်ချုပ် နားစွင့်နေမှာတော့ ကျိန်းသေတယ် ...။ မသိချင်ယောင်ဆောင်နေတာ ဖြစ်ဖို့များတယ် ...။
ဆက်လက်ရေးပါဦးမည် ...။
No comments:
Post a Comment