နေပူထဲ ဖြတ်လာရ၍လား … မခင်အေးမျက်နှာ နီမြန်းလျှက် လက်ထဲပါလာသော ဦးထုပ်ကို ညိုထံ ပေးသည်။ ဖေသောင်းဆောင်းနေကြဖြစ်၍ ညို မှတ်မိပြီး အငမ်းမရ လှမ်းယူလိုက်သည်တွင် ရင်ထဲ နွေးထွေးစွာ ခံစားလိုက်ရ၏။
“သူ မလာဘူးလား မမအေး”
“သူလား … အေး နောက်ကြည့်မှန်မပါတဲ့ ကားတစီးပေါ် ပါသွားတယ်”
ခပ်ဆတ်ဆတ်နိုင်သော မခင်အေးစကားကို ညို မေးခွန်းပြန်မထုတ်ဝံ့။ ဦးထုပ်ဖြူကိုသာ ရင်ဝယ်ပိုက်၍ တရားပွဲဖက် အာရုံပြန်ပို့ကြည့်သော်လည်း မရ။ အတွေးစုံဖြင့် ရှုတ်ထွေးနေသည်။ မခင်အေးသည် “လာ … သွားကြမယ်” ဟုဆိုကာ ထရပ်၏။
“ဟာ … ဘာဖြစ်လို့လဲ ညို နားထောင်ချင်လို့ လာခဲ့ရတာ”
ညို့စကားကို မခင်အေး သနားသော်လည်း ဖေသောင်းကို ထုရိုက်၍ အမှုန့်ကြိတ်ပစ်ချင်စိတ်က မကုန်သေး၊ ဖေသောင်း လာရှာရင် မတွေ့ဘဲ ယောင်ချာချာဖြစ်နေအောင် လုပ်ချင်လှသည်။
“လာစမ်းပါ နင် ကလဲ့စားမချေချင်ဘူးလား ... ချေရမယ် ကလဲ့စားဆိုတာ မသိတတ်သူတွေအတွက် ချေဖို့ လိုကိုလိုတဲ့ ဆုံးမနည်းပဲ လာခဲ့”
မခင်အေး အတင်းဆွဲခေါ်ရာ ညိုပါလာခဲ့သော်လည်း မရေရာမှုတို့ကကြီးစိုးနေ၍ မျက်လုံး ကလယ်ကလယ်ဖြစ်နေသည်။
“ဦးထုပ်ဆောင်းထား နေပူတယ်။ ဒါပေမယ့် သူ့ဦးထုပ်လို့မမှတ်နဲ့” ဟု မခင်အေး အမိန့်ပေး၍ ဆောင်းလိုက်ရသော်လည်း ကိုဖေသောင်း ဦးထုပ်၊ ကိုဖေသောင်းက ငါ ဆောင်းဖို့ပေးလိုက်တာ ဟူသော နွေးထွေးကြည်နူးမှုကို သူမ မဖျောက်ချင်ပေ။
စာကြည့်တိုက်ရှေ့သို့ လှမ်းမြင်ရသည့်နေရာသို့ရွှေ့ရင်း သူမတို့ ဆက်နားထောင်ကြ၏။ ဆဲဗင်းဂျူလိုင်က စခဲ့တဲ့ စစ်အာဏာရှင်အောက်က လွတ်မြောက်ရေးလှုပ်ရှားမှုဟာ တို့ နောင်တော် အမတော်တွေရဲ့ သွေးနဲ့ ရေးခဲ့တာ။ ဘဝတွေနဲ့ရင်းပြီး အရိုးတွေနဲ့ခင်းထားခဲ့တာ ဟူသော ဟောပြောချက်ဖြင့် နောက်ကျောင်းသားတဦး တက်လာပြန်သည်။ ဦးသန့်နဲ့ မှိုင်းရာပြည့် အရေးတော်ပုံတွေနဲ့ လက်ဆင့်ကမ်းခဲ့တာ ငါတို့ရဲ့ တာဝန်ကို စက်မှုကျောင်းသား ကိုဖုန်းမော်က သွေးနဲ့ မီးရှူးဖောက်ပြီး အချက်ပေးခဲ့ပြီ ငါတို့ခေတ်မှာ အပြီးအပြတ်တိုက်ကြမယ် ဟု ဆက်လက် ဟောပြောလာသည်။
ညိုအတွက် ခံပြင်းစရာများ၊ လှုပ်ရှားစရာများ၊ ရင်နာစရာများ တခုပြီးတခု နားထောင်နေရပြီး တဖြောင်းဖြောင်း လက်ခုပ်သံများနှင့်အတူ တိုက်ပွဲဝင်ရဲမယ် မဟုတ်လား … အခု အကျဉ်းထောင်ထဲမှာရှိနေတဲ့ ငါတို့ရဲဘော် ကျောင်းသားတွေကြားအောင် လွတ်မြောက်ရေးတိုက်ပွဲတွေမှာ အသက်ပေးခဲ့တဲ့ ငါတို့ နောင်တော် အမတော်တွေရဲ့ ဝိဉာဉ်တွေကြားအောင် ကြွေးကြော်ကြမလား ... ဟူသော မေးသံ၊ စင်အောက်မှကျောင်းသားထု၏ လိုက်မယ် တိုက်ပွဲဝင်မယ် ဟူသော ကတိပေးသံများ နားထောင်ရင်း သူမပါ အားတက်လာသည်။
ရဟန်းတပါး ဟောပြောရန် တက်လာလိုက် တော်ကြာ ထပ်မံချီတက်လာသည့် ကျောင်းအသီးသီးမှ ကျောင်းသားများကို လက်ခုပ်တီးကြိုဆိုလိုက်နှင့် ကျောင်းဝင်းတခုလုံးနှင့်အတူ ညို့ရင်မှာ လှုပ်ရှားနေသည့်ကြားမှ စာကြည့်တိုက်ရှေ့သို့ ကြည့်၍ ရှာဖွေရသည်မှာ အမောသား။
xxxxx xxxxx xxxxxx
အလျင်လို အနှေးတွေ့သလို ဖြစ်နေပြီ။ လိုက်ချင်သူများကိုခေါ်ရန် ဘတ်စ်ကားငှားရသည့်တာဝန်ပါ ဖေသောင်း ယူရ၏။ လွယ်လွယ်နှင့်မရ။ နောက်ဆုံးမှ ဟီးနိုးတစီးရလာ၍ အမောတကောခေါ်ကာ တင်လာရသည်။ စိတ်ထဲ၌ အလုပ်က တဖက်၊ ညို့အတွက် အားနာရသည်က တဖက်။ ကျောင်းဝင်းထဲ ပြန်ရောက်၍ စာကြည့်တိုက်ရှေ့ပြေးမည်ကြံကာမှ ပြဿနာက ပေါ်နေသည်။
“ဟေ့ကောင် စင်ဘေးမှာ လုံခြုံရေးယူကွ၊ ပွဲဖျက်မယ့်ကောင်တွေ အားစမ်းနေပြီ” သင်္ချာမှအဖွဲ့များ အရေးတကြီး သတင်းပေး၍ သူစုံစမ်းကြည့်ရာ ကျောင်းသားရေးပဲ လုပ်မယ် … နိုင်ငံရေး မဟောပြောနဲ့ ဟုဆိုကာ သူတို့တခါမှ မမြင်ဘူးသူ တစုက စင်ကိုတက်သိမ်းရန်ကြံခြင်းပင်။
ဖေသောင်း စင်နံဘေး တင်းကျပ်သော လုံခြုံရေးစည်းမှာ လက်ချင်းချိတ်၍ ကာကွယ်ထားရသူတွေထဲ ပါဝင်နေရ၏။ ဗိုက်က တဂွီဂွီမည်လာမှ ထမင်းမစားရသေးမှန်း သိလာသည်။ စင်အောက်ရှိ ထမင်းထုပ်များမှ တွေ့ကရာအထုပ်လှမ်းဆွဲ၍ တယောက်က လိုက်ခွံ့ကျွေး၏။ ဖေသောင်းတို့ လက်တွဲမဖြုတ် ကာရံထားရင်း ပါးစပ်က ဝါး ... မျက်စိက လျင်လျင်ထားရသည်။ ဘဲဥတလုံးနှင့် ထမင်း လေးငါးလုတ်ဝင်သွားပြီ သူ ခေါင်းရမ်းပြလိုက်ရ၏။ စင်အနောက်မှာ ကြိတ်၍ဖြစ်နေသောပြဿနာကို ပရိတ်သတ် မသိရန် ဖုံးဖိလျှက် သူရတို့အဖွဲ့ ပျာယာခတ်နေသည်။
“ကြည့်စမ်း ခုနကပဲ အာစီသရီး အဖွဲ့တွေလာတာ ငါ တွေ့ပါတယ်။ ဘယ်မလဲ ကိုဖေသောင်း … စာကြည့်တိုက်ရှေ့ကို မရောက်လာဘူး၊ ဘယ်လောက် နေစိမ့်လဲဆိုတာ” အရာရာကို မျက်စိသူငယ် နားသူငယ်နှင့်ကြည့်နေရသော ညိုမှာ မခင်အေးစကားကြောင့် စိမ်းကားခြင်း ဓားပါးနှင့် သူမ ရင်တွင်း အမွှန်းခံနေရသည့်ဝေဒနာကို အသိအမှတ်မပြုချင်ဘဲ ပြုလိုက်ရပြီဖြစ်သည်။
“ငါတို့လည်း ဆာလှပြီ … လာ တခုခုသွားစားရအောင်” မခင်အေးခေါ်ရာ ညို့မှာ ဦးထုပ်ကလေးဆောင်း၍ ကုပ်ကုပ်လိုက်ခဲ့ရ၏။ စင်ပေါ်တွင် ဒိုးပတ်များတီး၍ ကျောင်းသူ သုံးယောက်ခန့်က သီချင်းများ ဆိုနေသည်။ ဟုတ်တိပတ္တိ သီချင်းမတိုက်ရဘဲ ဆိုရသည်မို့ အသံမမှန်၊ ကျောင်းသူများမှာလည်း မရဲတရဲဖြစ်နေ၍ ညို ဝိုးတဝါးသာကြားရသော်လည်း ဟယ် ... နေဝင်းရဲ့ ... ဟူသော အသံကို အတိအကျ ကြားလိုက်၍ ကျောချမ်းသလို ဖြစ်မိ၏။
xxxxx xxxxx xxxxx
“ဟိုမှာ ညို ... ညို ... မခင်အေး ... လာလာ … ဒီကိုလာ”
စင်နောက်ဘက် သူမတို့ဖြတ်လျှောက်ချိန် ရှုပ်ထွေးနေသော ကျောင်းသားအုပ်ကြားမှ ခေါ်သံကြောင့် လှည့်ကြည့်ကြသည်။ ဖေသောင်းမှ စင်နောက်ဘက်၌ အခြားကျောင်းသားများနှင့်အတူ လူတံတိုင်းသဖွယ် လက်ချင်းချိတ်ကာထားရာမှ ... သူမတို့အား မချင့်မရဲခေါ်နေခြင်းပင်။
“ရှင့်ဆီလာတာ မဟုတ်ဘူး၊ ဘာမှ မစားရသေးလို့ သွားစားမလို့” မခင်အေးပြန်အော်ပြီး ညို့လက်ကို ဆွဲခေါ်သည်။ လှည့်ကြည့် လှည့်ကြည့်နှင့် ဒရွှတ် ဒရွှတ်ပါသွားသော ညို့မျက်လုံးကလေးများကိုမြင်၍ ဖေသောင်း ရင်ထဲ လှုပ်ခါသွားသော်လည်း အခြေအနေအရ သူ တတ်နိုင်တာကိုသာ လုပ်လိုက်ရသည်။
“ဟေ့ … ဟေ့ ဒီမှာ ထမင်းနှစ်ထုပ်လောက် ပေးလိုက်ပါကွာ၊ ငါ့ညီမလေး တောကတောင် လာအားပေးတာ … ဘာမှ မစားရသေးလို့ပါ”
ထမင်းထုပ်နှင့် အနီးဆုံးကျောင်းသားက တောင်းထဲမှာပုံနေသော အထုပ်နှစ်ထုပ်ဆွဲ၍ ဘယ်မှာလဲဟု ပြန်မေးသည်။
“ဟိုမှာ ... ဟိုမှာ ... ဦးထုပ်အဖြူလေးနဲ့” ဟု မေးငေါ့သာပြနိုင်သည်။ လက် မဖြုတ်ရဲ။
မခင်အေးက “နေပါစေ ... ကျမတို့ဝယ်စားမယ်” ဟု ထိုကျောင်းသားအား ယဉ်ယဉ်ကျေးကျေး တုံ့ပြန်သော်လည်း “အမတို့ တောကတောင် လာအားပေးတာဆို စားပါ။ အများကြီးရှိပါတယ်” ဟု အတင်းပေးသည်။
မခင်အေး တွန့်ဆုတ်နေစဉ်ပင် ဖေသောင်း၏ အားတောင့်အားနာ မျက်လုံးများနှင့် ရင်ဆိုင်လိုက်ရသော ညိုမှာ လက်ထဲရောက်လာသည့် အထုတ်ကို ယူလိုက်၏။ မခင်အေးက ဖေသောင်းကို အားရအောင် မျက်စောင်းလက်နက်ဖြင့် ပစ်ခတ်ခဲ့ပြီး ပြန်ထွက်လာခဲ့သည်။
ဖေသောင်းကား “မနက်ဖြန် ကျနော် မခင်အေးအဆောင်ကို စောစောလာခဲ့မယ်၊ ညို စောင့်နေ၊ လာခေါ်မယ် စကားတွေလည်း ပြောရအောင်” ဟုသာ လှမ်းအော်ကျန်ခဲ့၏။
xxxxx xxxxx xxxxx
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment