ကျုပ်အသက်ကလည်း မသေးတော့ဘူးဗျ။ တဲခေါင်မိုးထိုးနေပြီ။ အာကာသထဲ ဖောက်ထွက်သွားမယ့်အချိန်က တယ်မဝေးလှတော့ဘူး ထင်ပါရဲ့ဗျာ။ လူကသာ သင်္ချိုင်းကုန်း ခြေတစ်ဖက်လှမ်းနေတာ၊ ခါးကတော့ လိမ်ခွေခေါက်ချိုး ဇောက်ထိုးပြာကပ် ဖြစ်နေပြီဗျ။ မနိုင်ဝန်တွေ ပိတာ၊ ဖိတာကိုး။ အလုပ်တွေက လူကိုသာ ဖိတာ၊ ထောင်းတာ မဟုတ်ဘူး။ စိတ်ကိုပါ စီးတာ၊ မောင်းတာဗျို့။
နေပါဦး။ ခင်ဗျားကြီးက သေခါနီးအထိ အလုပ်လုပ်တုန်းလားလို့ မမေးပါနဲ့။ ကျုပ်က နိုင်ငံရေးနောက်လိုက်ဆိုတော့ ပါတီ ထမင်းအိုးထမ်း၊ ဟင်းအိုးထမ်း အလုပ်တွေလောက်တော့ ရှုပ်ပွေနောက်အောင် လုပ်နေရတာပေါ့။ ကုလားထိုင်ဖက် သေမဟဲ့ အိုနာကျိုးကန်မျိုး မဟုတ်ပေတာတော့ မှန်ရဲ့။ ဒါပေမယ့် ဖွဲတစ်ဆုပ်နိုင်တုန်း ရုန်းလိုက်ဦးမဟဲ့ဆိုတဲ့ ဟို ရှေးရှေး နိုင်ငံရေးဘဘကြီးတို့ရဲ့ ခေတ်ထုံးကို နှလုံးမူမိဆဲတော့ ဖြစ်ပေသဗျာ။ မတတ်နိုင်ဘူး။ တစ်နေ့တစ်နေ့ မနက် ၈ နာရီ ဝတ်သွားတဲ့ အပြာ (ထောင်ရောင်) ဝတ်စုံဟာ ည ၁၀ နာရီမှ ချွတ်ရတဲ့အဖြစ်မျိုး ဆိုက်နေသဗျ။ အလုပ်က ငရဲမီးလိုက်သလို အမြဲကြီး ကိုက်ခဲနေတော့လည်း အဲဒီလိုဖြစ်နေရတာပေါ့ဗျာ။ ကျုပ် ငုတ်တုတ်မေ့နေတတ်တာကလည်း တမှောင့်ပေါ့။
ငုတ်တုတ်မေ့ဆိုလို့ ဟိုတစ်နေ့က မေ့မြောမောကြောင် ဖြစ်ရပုံလေး ပြောရဦးမယ်။
အဲဒီနေ့ညက ကျုပ်နေတဲ့အိမ်ဝင်းအပြင်က သစ်ပင်တွေ ရောရှုပ်နေတဲ့ တောအုပ်လိုနေရာ လှမ်းကြည့်လိုက်တယ်။ မီးတွေ ထိန်ထိန်လင်းလို့ပါကလား။ လန်ဒန် အိုလံပစ်ကစားပွဲကြီး ဖွင့်နေသလား ထင်ရတယ်။ သစ်ပင်တွေကြားမှာ ပြည်ဖုံးကာကြီးတွေချလို့ဗျ။ တခမ်းတနားပဲ။ လူတွေကလည်း ပျားပန်းခပ်နေကြလေရဲ့။
အောင်မယ် တစ်ပါတီအာဏာရှင်ခေတ်တွေ၊ စစ်အာဏာရှင်ခေတ်တွေက လူကြီးလူငယ် လူကြွယ် လူထောကြီးတွေပါကလား။ သူတို့ကို ဝိုင်းဝိုင်းလည်နေကြတာက အာဏာကပ်ပါး စီးပွားဓားပြတွေပါကလား။ အိပ်မက် မဟုတ်ဘူးဗျ။ ကျုပ် နိုးနေတယ်။ သိသိကြီးထိုင်၊ ငိုင်ငိုင်ကြီး ငေးကြည့်နေတာပဲဗျာ။ အင်္ဂလိပ်စကားရှိတယ်လေ။ Hallucination တဲ့။ ဝိပဿနာစကားလည်း ရှိတယ်။ စိတ္တ ဝိပ္ပလ္လာသတို့၊ သညာဝိပ္ပလ္လာသတို့ ဆိုတာလေ။ အသိဖောက်ပြန်မှု၊ အမှတ်ဖောက်ပြန်မှုတွေပေါ့။
ဒါတွေထားပါ။ ကျုပ် မျက်ဝါးထင်ထင် မြင်ခဲ့ရပုံတွေ ပြောပြမယ်။
အခမ်းအနားမှူးလား မသိပါဘူး။ မောင့်ကျက်သရေခေါင်းပေါင်းစ တလူလူတစ်ယောက် ကြေညာတယ်။ “လက်ဆုပ်ဖြေပွဲကြီး ဖွင့်ပါဦးခင်ဗျား” တဲ့။ မျက်နှာပက်ပြဲ ပုမည်းသဲလူ တက်လာတယ်။ ပြုံးရွှင်မြူးထူး မျက်နှာမူးလူ တက်လာတယ်။ အမောက်ထောင်ထောင် မျက်နှာပြောင်လူ တက်လာတယ်။ မှုန်တေပုပ်သိုး မျက်နှာဆိုးလူ တက်လာတယ်။ ....... အများကြီးပဲဗျာ။ အများကြီးပဲ။
တိုတိုပြောရရင် အဲဒီအားလုံးက ဟိုတုန်းက (ဟိုတုန်းကဆိုတာ ဟိုးရှေးရှေး ပဝေဏီတုန်းက) သူတို့ ခိုးထား ဝှက်ထား၊ သိမ်းထားဆည်းထား၊ တောင်းထား ရမ်းထား၊ စားထား ဝါးထား၊ လာဘ်စားထား၊ ကပ်ပါးထား၊ အပြိုင်လှီးထား၊ အပိုင်စီးထား၊ အကန်တော့ ခံထား၊ အပျော့နှံထားတာတွေကို ပြည်သူ့ထံ လက်လွှဲအပ်နှံပွဲလုပ်ပါသတဲ့။ အဲ တော်ပါတော့။ မောလိုက်တာ။ စုံရောဆိုပါတော့။ အာဏာတစ်သက်တာမှာ ဆယ်သက်စာ ရှာမှီးသိုလှောင် မောင်ပိုင်လုပ်ထားတာတွေကို အိတ်သွန် ဖာမှောက်၊ ဒူးထောက် ဦးလှန်၊ ဝန်ခံသံဝေစကားတွေ ပြောရှာကြသဗျ။ သူတို့သယ်လာခဲ့သမျှ ဥစ္စာဓန ကျောက်သံပတ္တမြားတစ်ပြားတစ်ချပ်မကျန်အောင် ပြည်သူလူထုကြီးထံ အပ်နှံပါကြောင်း ကောင်းသောစကားတွေ ရွတ်ဖတ်သရဇ္ဈာယ် သွားရှာကြသဗျ။
သာဓု... သာဓု... သာဓု။ ကျုပ်ကလည်း နှစ်ပြားတစ်ပဲ၊ စွန်ကြဲပေးကမ်းခံရင်း နှုတ်ကျိုးနေတဲ့၊ စကားလုံးနဲ့ ကောင်းချီးပေးလိုက်တယ်။
“ဘာတွေ သာဓုခေါ်နေတာတုံး အဘရဲ့”။ အနားထိုင်နေတဲ့ကောင်လေးက မေးတယ်။
“သြော်ကွယ်... နိုင်ငံရေးဗျသနတရားနဲ့ မညားချင်တဲ့ သံဝေဂ တရားရှင်ကြီးတွေက သူတို့ရဲ့ ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်း၊ အကျိုးစီးပွားအားလုံးကို ပြည်သူတွေထံ ပြန်လည်အပ်နှံ ဆလံမာလေးကွန်း၊ အောင်စည်ယွန်းသံ တညံညံ၊ ကန်တော့ပွဲပြောင်းပြန် လုပ်တာကိုကြည့်၊ ပီတိဖြစ်လွန်းလို့ပါကွယ်။ သာဓု ခေါ်မိတာပေါ့”
“အဘကတော့ ရေဝေးလမ်းကျော်၊ တံတားလေးပေါ်ရောက်တော့မယ် ထင်တယ်။ နေပြည်တော်မှာဖြင့် အဲဒီကိစ္စအဆိုကြီး ဟက်တက်ပြဲ ဝက်ဝက်ကွဲ အရှုံးမဲသရဖူးကြီး ဆွတ်ခူးသွားပါပကော”
“ဟိတ်ကောင် ပစ္စည်းတွေပြန်အပ်တာ ငါ့မျက်စိနဲ့ အတိုင်းသားမြင်တာကွ”
“အဘမြင်ချင်တာ မြင်နေ။ ဒီချုပ်အမတ်တင်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ ၎င်းတို့၏ ပစ္စည်းများနှင့် အကျိုးစီးပွားများကို ထုတ်ဖော်ကြေညာ မှတ်ပုံတင်ရန်အဆို ရှုံးသွားပြီဗျ”
“ဟိတ်ကောင် ပစ္စည်းတွေပြန်အပ်တာ ငါ့မျက်စိနဲ့ အတိုင်းသားမြင်တာကွ”
“အဘမြင်ချင်တာ မြင်နေ။ မဲစာရင်း အတိအကျ သိချင်သေးလား။ ထောက်ခံမဲ ၆၈၊ ကန့်ကွက်မဲ ၂၇၁ မဲတဲ့။ ကြားနေမဲ ၁၅ မဲ တဲ့”
“ဟိတ်ကောင် ပစ္စည်းတွေပြန်အပ်တာ ငါ့မျက်စိနဲ့ အတိုင်းသားမြင်တာကွ”
“အပြတ်အသတ်ပဲဗျ။ ဒါတောင် ကြိုတင်မဲ မပါသေးဘူးတဲ့”
“ဟိတ်ကောင် ပစ္စည်းတွေပြန်အပ်တာ ငါ့မျက်စိနဲ့ အတိုင်းသားမြင်တာကွ”
“တပ်မတော်သား ကိုယ်စားလှယ်ကြီးတွေက အဆိုကို ပြန်သုံးသပ်ဖို့ အကြံကောင်းတောင် ထပ်ဆောင်းပေးသွားသေးသတဲ့ဗျ”
“ဟိတ်ကောင် ပစ္စည်းတွေပြန်အပ်တာ ငါ့မျက်စိနဲ့ အတိုင်းသားမြင်တာကွ”
“ဟလို... ဟလို... ဆရာနီလုံရေ့။ ဒီလှိုင်းလား၊ ဆူနာမီလားတော့ မသိဘူး။ ဟံသာကလောင်ကြမ်းတော့ ကယောင်ကတမ်းဖြစ်နေပြီ။ တက္ကစီ ခေါ်ခဲ့ဗျို့။ ရေဝေးအလွန် တစ်ဘူတာ၊ တံတားကလေးရိပ်သာ သွားကြရအောင်”
“သာဓု... သာဓု... သာဓု...”
“ခေါ်... ခေါ်။ သာဓုတွေ ခေါ်ချင်သလောက် ခေါ်ထား။ အဘကြီးရေ့.....။ တံတားပေါ်ရောက်ရင်သာ အော်ချင်းမချနဲ့”။ ။
ဟံသာဝတီ ဦးဝင်းတင်
ဒီလှိုင်းဂျာနယ်။ အတွဲ (၁)၊ အမှတ် (၃၁)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment