Wednesday, May 8, 2013

၁၅ -၂၄ လူငယ်တွေ နိုင်ငံရေးလုပ်သင့်သလား (မောင်ဝံသ)


လူငယ်တွေ နိုင်ငံရေး လုပ်သင့်သလား 

တချို့က လူငယ်တွေဟာ ပညာဆည်းပူးခြင်းနဲ့ အသက်မွေးဝမ်းကျောင်းအလုပ် လုပ်ခြင်းမှာပဲ အာရုံစိုက်သင့်တယ်လို့ ပြောခဲ့ကြဖူးတယ်။ ထင်ရှားတဲ့ အဆိုရှင် နှစ်ယောက်ကတော့ စစ်ဗိုလ်ချုပ်ဟောင်း နိုင်ငံရေးသမားကြီး သခင်အောင်ကြီး (ပေါင်းတည်) နဲ့ စာရေးဆရာကြီး ဦးအောင်သင်းတို့ ဖြစ်ပါတယ်။ သူတို့က အသက်အရွယ်အပိုင်းအခြားမပါဘဲ လူငယ်တွေလို့ပဲ ပြောခဲ့တာဆိုတော့ နိုင်ငံရေးကို ဘယ်အချိန်အခါမှာ လုပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက် မတွေ့ရပါဘူး။ 

တစ်မျိုးသားလုံးဆိုင်ရာ နိုင်ငံရေး 

ကျွန်တော်ကတော့ လူငယ်ပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ်၊ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ နိုင်ငံရေးဖြစ်ရပ်ကြီးတွေဖြစ်ပွားလာရင် နိုင်ငံသားတိုင်း ကျရာနေရာက ပါဝင်ထမ်းဆောင်သင့်တယ်လို့ ယုံကြည်ပါတယ်။ ဥပမာ နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေးတွေမှာ အသက် ၁၄-၅ နှစ်သားအရွယ်လောက်နဲ့ သခင် အသင်းဝင်ပြီး ပါဝင်ထမ်းဆောင်ခဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်။ ရှစ်လေးလုံး အရေးတော်ပုံကြီးတုန်းကလည်း အလယ်တန်းကျောင်းသားလေးတွေကအစ ပါဝင်ခဲ့ကြတာ မှတ်မိပါသေးတယ်။ ခုချိန်ကျတော့ သူတို့တွေထဲက တချို့ဆိုရင် လက်နက်ကိုင်တော်လှန်ရေးသမား ဖြစ်နေသူတွေ၊ ပြည်ပတက္ကသိုလ်တွေမှာ ဘွဲ့လွန်တွေရပြီး အမိနိုင်ငံပြန်လာသူတွေ၊ ပြည်တွင်း ပြန်ဝင်လာပြီး နိုင်ငံရေးဆက်လုပ်နေသူတွေ၊ ပြည်ပမှာပဲ အခြေစိုက်ပြီး နိုင်ငံရေးဆက်လုပ်နေသူတွေစသည်ဖြင့် ဘဝအသီးသီးမှာ ကျင်လည်နေ ကြတာ တွေ့ရပါတယ်။ 


တိုင်းပြည်ရဲ့ အနာဂတ်နိုင်ငံရေး 

တိုင်းပြည်တစ်ပြည်ရဲ့နိုင်ငံရေးမှာ လူငယ်တွေရဲ့ နိုင်ငံရေး နိုးကြားမှု၊ နိုင်ငံရေးမှာ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်မှုဟာ အနာဂတ်အတွက် အလွန်အရေးကြီးပါတယ်။ "ယနေ့ လူငယ် နောင်ဝယ်လူကြီး" ဆိုတဲ့စကား ရှိတယ်။ တစ်နေ့ သူတို့လူကြီးတွေ ဖြစ်လာမှာ၊ လူကြီးနေရာတွေမှာ တာဝန်ယူကြရမှာ။ လူငယ်တွေကို အနာဂတ်ရဲ့ ခေါင်းဆောင်လောင်းတွေလို့ တင်စားပြီး ပြောကြတာ အပိုတွေပြောနေတာ မဟုတ်ဘူး။ ဒီနေ့ တိုင်းပြည်မှာ နိုင်ငံရေးလုပ်နေကြတဲ့ အသက် ငါးဆယ်ကျော် ခြောက်ဆယ်ကျော် လူကြီးတွေ နောင် အနှစ် သုံးလေးဆယ်ဆိုရင် ဒီနေရာတွေမှာ မရှိကြတော့ဘူး။ ဒီနေ့ အသက် နှစ်ဆယ် အစိတ် အရွယ်တွေက အဲဒီအချိန်မှာ အစားထိုး တာဝန်ယူကြရတော့မှာ။ သည်တော့ လူငယ်တွေဟာ ရှောင်လို့ကို မလွတ်ဘူး။ နိုင်ငံရေးနဲ့ပတ်သက်ရတော့မှာပဲ။ 

လုပ်သင့် မလုပ်သင့် 

ဒီနေရာမှာ နှစ်ပိုင်းခွဲပြီး ပြောဖို့တော့ လိုမယ်ထင်တယ်။ လူငယ်တွေ နိုင်ငံရေးလေ့လာသင့်တဲ့အပိုင်းရယ်၊ နိုင်ငံရေးလုပ်သင့် မသင့် အပိုင်းရယ်။ လူငယ်တွေ နိုင်ငံရေးလေ့လာဆည်းပူးသင့်တယ်ဆိုတာကိုတော့ အချိန်မရွေးမျက်စိမှိတ်ပြောလို့ ဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ လူငယ်တွေဟာ တစ်သက်လုံး မိဖလုပ်စာ ထိုင်စားနေကြမှာ မဟုတ်ဘူး။ တစ်သက်လုံး လူငယ်ဘဝက မကြီးပြင်းဘဲ နေမှာမဟုတ်ဘူး။ သူတို့ဟာ ရပ်ရေးရွာရေးတွေမှာ နောက်လိုက်နေရာကဖြစ်ဖြစ်၊ ခေါင်းဆောင်နေရာက ဖြစ်ဖြစ် ပါဝင်ကြရမယ်။ ရွေးကောက်ပွဲတွေမှာ အရွေးခံသူမဟုတ်ရင်တောင် မဲပေးသူတွေ ဖြစ်လာမယ်။ အရွေးခံတာပဲဖြစ်ဖြစ်၊ မဲပေးတာပဲဖြစ်ဖြစ် နိုင်ငံရေးပဲ။ နိုင်ငံရေးကို သာမန်အသိနဲ့ကို အထိုက်အလျောက် နားလည်နေမှ မဲဆန္ဒပေးတဲ့အခါ မှန်မှန်ကန်ကန် မဲပေးတတ်မှာဖြစ်တယ်။ နိုင်ငံရေးဆိုတာ တိုင်းရေးပြည်ရေးပဲ။ လွတ်လပ် မျှတ ရွေးကောက်ပွဲတွေရှိလာချိန်မှာ မှန်မှန်ကန်ကန် မဲပေးခြင်းဟာ နိုင်ငံရေးပဲ။ လူငယ်ဆိုတာ အဲဒီအလုပ်တွေကို တစ်နေ့မှာ သူတို့ကိုယ်တိုင် လုပ်ကို လုပ်လာကြရမယ်။

ခြေစုံပစ် ဝင်လုပ်ကြရင် 

နိုင်ငံရေးဆိုတာ နာမည်ကိုက ရှင်းနေတယ်။ ကိုယ့်အရေးထက် နိုင်ငံ့အရေးကို ဦးစားပေးလုပ်နိုင်မှ နိုင်ငံရေးလုပ်တယ်လို့ ပြောနိုင်တယ်။ သည်တော့ လူငယ်တွေ နိုင်ငံရေးကို ကာယကံမြောက်ဝင်လုပ်ကြရင် သူတို့ဟာ ကိုယ့်အရေးထက် နိုင်ငံ့အရေးကို အာရုံစိုက်ကြရမယ်။ တစ်ဖက်ကလည်း ပညာသင်ကြားရေးကိုလုပ်ရဦးမယ်။ ပညာရေးပြီးဆုံးရင် အလုပ်အကိုင် လုပ်ကြရဦးမယ်။ ဘယ်လမ်းကိုရွေးမလဲ။ လူငယ်တွေ ပညာမသင်လို့ မဖြစ်ဘူး။ အလုပ်မလုပ်လို့ မဖြစ်ဘူး။ လူငယ်အများစုကြီးသာ အသက်မွေးဝမ်းကျောင်းအလုပ်မလုပ်ဘဲ နိုင်ငံရေးကို ခြေစုံပစ် ဝင်လုပ်ကုန်ကြရင် ဘယ်လိုနေမလဲ၊ စဉ်းစားကြည့်လိုက်ရုံနဲ့ မြင်သာပါတယ်။ ဒါကြောင့် လူငယ်တွေ နိုင်ငံရေးလုပ်သင့်မသင့်ကို စဉ်းစားရင် အတော်သိမ်မွေ့နက်နဲတဲ့ ခေါင်းစဉ်တစ်ခုအဖြစ် စဉ်းစားဖို့လိုတယ်။ 

အရင်လုပ်ရမှာနဲ့ နောက်လုပ်ရမှာ 

နိုင်ငံရေးလုပ်သူဟာ မိသားစု စားဝတ်နေရေးကို တာဝန်ယူနေရရင် နိုင်ငံရေးလုပ်ရတာ စိတ်ဖြောင့်မှာ မဟုတ်ဘူး။ ဒါကြောင့် သခင်အောင်ဆန်းတို့ နိုင်ငံရေးလုပ်ကြတော့ နိုင်ငံရေးကို စိတ်ဖြောင့်ဖြောင့် လုပ်နိုင်အောင် သူဌေးသမီးတွေရှာယူကြရင် ကောင်းမယ်လို့ ရယ်စရာအဖြစ်ပဲဖြစ်ဖြစ် စဉ်းစားခဲ့ကြဖူးတယ်လို့ စာထဲမှာ ဖတ်ဖူးတယ်။ ဒါဟာ တကယ်ကတော့ လူ့ကျင့်ဝတ်ဆိုင်ရာ ပြဿနာတစ်ခုလည်း ဖြစ်တယ်။ မိသားစုတာဝန်ယူခြင်းဟာ မလွှဲမသွေ ထမ်းဆောင်ရမယ့် လူ့တာဝန်ဆိုတာကို မငြင်းနိုင်ဘူး။ တိုင်းပြည်အကျိုးကို ကိုယ်ကျိုးစွန့်ပြီး ဆောင်ရွက်ခြင်းဟာလည်း မွန်မြတ်တဲ့အလုပ်လို့ ဆိုတယ်။ ဒါကိုလည်း မငြင်းနိုင်ဘူး။ လူငယ်တွေဟာ အမှန်တရားနှစ်ခုရှိရာမှာ နှစ်ခုစလုံးကိုတော့ တစ်ပြိုင်တည်း ရွက်ဆောင်နိုင်ကြမှာ မဟုတ်ပါဘူး။ အရင်လုပ်ရမှာနဲ့ နောက်လုပ်ရမှာ ရွေးကြရလိမ့်မယ်။ 

၂၂ နှစ်သား နိုင်ငံရေးသမား 

ကျာင်းသားခေါင်းဆောင် ကိုအောင်ဆန်း သခင်အသင်းဝင်ပြီး နိုင်ငံရေးကို ခြေစုံပစ်ဝင်လုပ်တဲ့ ၁၉၃၇-၃၈ လောက်က သခင်အောင်ဆန်းဟာ အသက် ၂၂ နှစ်သား၊ လူငယ်တစ်ယောက်ပဲ။ သခင်အောင်ဆန်းနဲ့ ခေတ်ပြိုင်လူငယ်တွေဟာ ဗြိတိသျှလက်အောက် ကျရောက်နေတဲ့ မြန်မာပြည်ကို လွတ်လပ်ရေးရအောင် တိုက်ပွဲဝင်ရမယ်ဆိုတဲ့ အရေးတော် (national cause) တစ်ခုကို ဦးလည်မသုံ သတ်မှတ်ချက်ရှိတယ်။ ဖက်ဆစ်ဂျပန်လက်အောက် ကျရောက်ခဲ့ချိန်ကျတော့ အဲဒီခေတ်လူငယ်တွေမှာ ဖက်ဆစ်တွေကို မောင်းထုတ်ရေးဆိုတဲ့ အရေးတော် ရှိနေပြန်တယ်။ အဲဒီ အရေးတော်ရဲ့ လှုံ့ဆော်မှု စေ့ဆော်မှုနဲ့ လူငယ်တွေ နိုင်ငံရေးလုပ်ကြတာပဲ။ 

နောက်တွန့်နေခဲ့ကြသူတွေ 

မျက်မှောက်ကာလမှာ တိုင်းပြည်ကို ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးဆိုတဲ့ အရေးတော်ရှိပေမယ့် လူငယ်အတော်များများဟာ ပညာရေးလုံးပမ်းနေရတာနဲ့၊ စားဝတ်နေရေးလုံးပမ်းနေရတာနဲ့၊ နိုင်ငံရေးမှာ ပါဝင်ပတ်သက်မိသူတွေရဲ့ ကြေကွဲစရာအဖြစ်တွေကို တွေ့နေရတာနဲ့ နောက်တွန့်နေခဲ့ကြတယ်။ ယနေ့လူငယ်အများစုဟာ နိုင်ငံရေးကို စိတ်ဝင်စားမှုတော့ ရှိကောင်းရှိနိုင်တယ်။ ကာယကံမြောက် နိုင်ငံရေးလုပ်ဖို့တော့ စိတ်မကူးရဲကြဘူးလို့ ထင်ပါတယ်။ 

ပညာရေး ထူးချွန်ပေါက်မြောက်ဖို့ 

ဘယ်အကြောင်းကြောင့်ဖြစ်ဖြစ်၊ နိုင်ငံရေးကို ကာယကံမြောက် ဝင်မလုပ်နိုင်သေးတဲ့တိုင်အောင် လူငယ်တွေ နိုင်ငံရေးကို စိတ်ဝင်စားသင့်တယ်။ နိုင်ငံရေးကို လေ့လာဆည်းပူးသင့်တယ်။ နိုင်ငံရေးကို နားလည်နေသင့်တယ်။ ဒါတော့ အတိအကျ ပြောလို့ရတယ်။ လူငယ် YOUTH ဆိုတဲ့ အသက်အရွယ်အပိုင်းအခြားကို ၁၉၈၅ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂက အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်ကြားလို့ သတ်မှတ်ခဲ့တယ်။ ကျွန်တော့်သဘောကတော့ သခင်အောင်ဆန်းတို့ နိုင်ငံရေးလုပ်တဲ့ခေတ်ကလို နယ်ချဲ့တော်လှန်ရေး၊ ဖက်ဆစ်တော်လှန်ရေး စတာမျိုးတွေမှာ ပါဝင်ထမ်းဆောင်စရာ မလိုတဲ့အချိန်ကာလဆိုရင် လူငယ်အများစုဟာ ပညာရေးမှာ ထူးချွန်ပေါက်မြောက်ဖို့ ပထမ ကြိုးစားသင့်တယ်။ ပြီးတော့ အလုပ်ခွင်မှာ တီထွင်ကြံဆ သုတေသနပြုပြီး ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးနိုင်သူတွေ ဖြစ်လာဖို့ ကြိုးစားသင့်တယ်။ အဲဒီနောက် မိမိတို့ရဲ့ သားသမီးတွေကို ပညာရေးတာဝန်ယူရတာ ပြီးဆုံးလောက်တဲ့အချိန်၊ မိမိရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းမှာလည်း စားဝတ်နေရေးအတွက် အထိုက်အလျောက် အာမခံချက်ရှိတဲ့အချိန်ကျတော့မှ နိုင်ငံရေးကို အချိန်များများပေးပြီး လုပ်သင့်တယ်လို့ ယူဆပါတယ်။ 

ခေါင်းဆောင်မျိုးဆက်သစ် 

ဒီမိုကရေစီပန်းတိုင် မရောက်သေးချိန်မှာ လူငယ်တွေတင်မက နိုင်ငံသားတိုင်း နိုင်ငံရေးကို စိတ်ဝင်စားသင့်ပါတယ်။ လက်တွေ့နိုင်ငံရေးဝင်လုပ်ဖို့ကတော့ မိမိကိုယ်ကိုယ် ဝမ်းစာပြည့်အောင်ဖြည့်ပြီးမှ နိုင်ငံရေးဝင်လုပ်ကြစေချင်တယ်။ သို့မှသာ တိုင်းပြည်အနေနဲ့ အရည်အချင်းပြည့်မီတဲ့ ခေါင်းဆောင်မျိုးဆက်သစ်ကိုရမယ်လို့ ယုံကြည်တယ်။ နို့မို့ဆိုရင်ဖြင့် ခုတလော လွှတ်တော်ထဲ အိပ်ငိုက်နေတဲ့လူတွေလို အလှောင်အပြောင်ခံရတဲ့ ဝေလလေအဆင့်တွေပဲ များနေပါလိမ့်မယ်။ 

၀၄၊ ၀၅၊ ၁၃ 
maungwuntha@gmail.com

ပည်သူ့ခေတ်ဂျာနယ် ၀၈၊ ၀၅ ၂၀၁၃ ထုတ်ပါ မောင်ဝံသ ရဲ့ ပြောချင်လွန်းလို့ ဆောင်းပါး


 

No comments: