“ဝေး ... ဟေး ... ရွှေဝါဖူး ... ရေသဘင်မဏ္ဍပ်ကြီးက ကြိုဆိုပါတယ် … ပွမ် ... ပွမ် ... ရှေ့က ကားလမ်းတွေ မပိတ်ဆို့ပါနဲ့”
“မီးသတ်ပိုက်နဲ့ ပက်တာလောက်တော့ ... ရီတာပေါ့ ... ရီတာပေါ့”
“မြနန္ဒာ ... ရေညိုညို ရစ်ခတ်သမ်းတယ် ရွှေမန်းတောင်ရိပ် ... အတူတူခိုသူ ... ပျိုဖြူတွေရယ်”
“ပက်ကြဟေ့ ... ပက်ကြဟေ့ ... ဟိုကောင်မလေး မလွတ်စေနဲ့”
ဝါးတောကြီးတခုလုံး ကျနော်တို့အသံတွေ ဟိန်းနေတယ်။ ချောင်းရေတွေကို လက်ဝါးနဲ့ခတ်ပက်သူတွေ၊ ခြေကန်ပက်သူတွေနဲ့ ရေစက်ရေမွှားတွေက ဝါးကွပ်ပျစ်တွေကို ရွှဲရွှဲစိုလို့ ...။
“ပွမ်ပွမ်ပွမ် ... သင်္ကြန်ကားကြီးလာနေပြီ ... သင်္ကြန်အလှပြကားကြီး လာနေပြီ”
အောင်ဆန်းလင်းနဲ့ ဝင်းကိုတို့ ချောင်းအလယ်က ကျောက်တုံးမဲကြီးပေါ်ထိုင်ပြီး သင်္ကြန်ကားပုံစံ မောင်းနေတယ်၊ ပါးစပ်ကလည်း သင်္ကြန်သီချင်းတွေဆိုလို့ ...။ အားလုံးက သင်္ကြန်ထဲ ရောက်ကုန်တယ်၊ တခဏအတွင်း အကုန်လုံး ရူးသွပ်ကုန်တယ်၊ စိတ်ကိုလွှတ်ထားကြတယ်၊ ပြီးတော့ လူသူကင်းမဲ့တဲ့ တောထဲက သင်္ကြန်။ မိမိဖာသာ စိတ်ထင်ရာအော်ဟစ်ပြီး သင်္ကြန်အိပ်မက်ကို ကိုယ်စီမက်နေကြတယ်။ ကျနော်တို့ရဲ့ တောကြီးမျက်မဲ ဝါးပင်တွေယှက်နွယ်နေတဲ့တောထဲက သင်္ကြန်ကို အခုထိ လွမ်းနေတုံး။
အဲဒီနေ့က သင်္ကြန်အတက်နေ့။ တချို့ကပျော် တချို့က လွမ်း၊ တချို့က ငိုနဲ့။ အဲဒီတုန်းက သင်္ကြန်ကိုလွမ်းပြီး စိတ်မထိမ်းနိုင်တော့တဲ့ ကျနော်တို့ထဲက ကိုညွန့်ကြိုင်၊ လူမင်းရှိန်၊ စစ်ကိုင်း ကိုမြင့်အေးနဲ့ မောင်မောင်မြင့်၊ ဝဏ္ဏတို့ကတော့ အားလုံးကိုနှုတ်ဆက်ပြီး ‘ဟိုဘက်ကမ်းက မဏ္ဍပ်ကို သွားလိုက်အုံးမယ်ဟေ့လို့ လက်ကလေးပြပြီး ပြည်တော်ပြန်ဝင်သွားတာ မှတ်မိသေးတယ်။
ကျနော်တို့လည်း ရင်ဘတ်ထဲက သင်္ကြန်ကို အလွမ်းတွေနဲ့ သရပ်ဖော်ပြီးတော့ ချောင်းရေကိုကန့်ပြီး ငါးဖမ်းကြတယ်။ အဲဒီနေ့က ငါးခုံးမလေးတွေ၊ ကျောက်ငါးသေးသေးတွေအပြင် ကျောက်တုန်းအောက်က ငါးခူနဲ့ ငါးရံ့ ၃-၄ ကောင်တောင် ဖမ်းမိကြသေးတယ်။ အဲဒီနေ့ ငါးပြုတ်၊ ဂဏန်းလုံးနဲ့ ယာခင်းထဲက ရွှေဖရုံသီး ချင်းငြုတ်စပ်စပ်နဲ့ သင်္ကြန်ထမင်းဝိုင်းလေး အခုထိ လွမ်းကောင်းတုံး ...။
ကျနော်တို့ ဘုံရမ်ရွာကိုရောက်ပြီး နောက် ၂ ရက်အကြာ မိုးရေးကိုလွှတ်လိုက်တဲ့ ဦးအာလောက၊ ပူစီ(မုံရွာ)နဲ့အတူ ထိန်လင်း(ပန်းချီ) နဲ့ ဆရာမန်း( ဒေါက်တာ မန်းမြင့်ဆိုင်)တို့ ရောက်လာတယ်။ သူတို့နဲ့အတူ ကုလားပဲ၊ ငါးပိ ရိက္ခာတွေ ပါလာတယ်။ ဆရာမန်းကိုမြင်တော့ ကျနော်တို့ ပျော်သွားတယ်။ ကိုယ့်ခေါင်းဆောင်ကို အခုမှမြင်ဖူးတာ။
ဆရာမန်းရဲ့မျက်နှာမှာ အထင်ရှားဆုံးက မျက်လုံးနဲ့ မျက်ခုံးပဲ။ ဟင်္သာတက သပိတ်ခေါင်းဆောင်၊ ပြည်ချစ်တော်လှန်ရေးကာလ မြွေဟောက်တပ်ရင်းရဲ့ တပ်မှူးရဲ့ မျက်လုံးက နည်းနည်းပြူးပြီး စူးရဲတယ်၊ မျက်ခုံးကထူပြီး အဖျားတွေက အပေါ်ကိုကော့နေတယ်။ ဇာတ်ထဲက ဘီလူးမျက်ခုံး၊ ဘီလူးမျက်လုံးမျိုး။ ကြမ်းတမ်းမယ့် ရက်စက်မယ့်ပုံပဲ။
ဒါပေမယ့် သူရဲ့ ကြမ်းတမ်းခက်ထန်တဲ့ အမူအရာနဲ့ ဒေါသထွက်တဲ့ဟန်ကို ကျနော်တော့ တခါမှ မတွေ့လိုက်ဘူး။ မတွေ့ဖူးဘူး။ သူ လေသံအေးအေးနဲ့ပြောတာ၊ သဘောကျပြီး ကျယ်ကျယ်လောင်လောင် ရယ်မောတာတွေပဲ တွေ့ဖူးတယ်။ ဆရာမန်းက ကျနော့်ကို မောင်ညို လို့ခေါ်တယ်။ “မင်းက မျက်မှန်ပုလင်းဖင်ကြီးနဲ့ဆိုတော့ သေနတ်ကိုင်ပြီး စစ်တိုက်နိုင်မယ့်ကောင် မဟုတ်ပါဘူး၊ ရေဒီယိုအော်ပရေတာပဲလုပ် ဒါမှမဟုတ်ရင် ဝါဒဖြန့်ချိရေးပဲလုပ်” လို့ ပြောဖူးတယ်။ ကျနော်ကလည်း အဟုတ်ကြီးထင်ပြီး အတော်ကျေနပ်ခဲ့တယ်။ မနှစ်က ဆရာမန်း အမေရိကားမှာ ကျောက်ကပ် ၂ လုံးစလုံး မကောင်းလို့ ကျောက်ကပ်အလှူခံတဲ့ သတင်းတော့ကြားမိတယ်။ သူ့ကို ကြိုးစားဆက်သွယ်သေးတယ်၊ မရဘူး။
ဆရာမန်းက ဘုံရမ်ရွာက ကျနော်တို့တည်းခိုရာ သူကြီးအိမ်မှာပဲ အခြေအနေကိုရှင်းပြတယ်။ စခန်းကတော့ ပျက်တဲ့သဘောဖြစ်နေပြီ၊ လူတွေလည်း ဟိုတဖွဲ့ ဒီတဖွဲ့ ကောက်သင်းကောက် စုနေရတဲ့အကြောင်း၊ တချို့ ဗမာပြည်ထဲပြန်ဝင်ကုန်ပြီ၊ စစ်တပ်ကလည်း သတင်းရလို့ စောင့်ဖမ်းနေတယ်၊ စခန်းမှာ ဒေါက်တာအောင်ကျော်ဦးတို့နဲ့ တခြားရဲဘော် ၄-၅ ဆယ်ပဲ ကျန်တယ်။ ပြည်တွင်းက ရဲဘော်တချို့လည်း ရောက်နေပြီ၊ (အဲဒီအချိန် ကျောက်ဆည်က ကိုသံဒုတ် (မဲဆောက်)နဲ့ ကိုသံခဲ (ဥက္ကဋ္ဌ-ABSDF) တို့ မိုးရေးကို ရောက်နေတယ်) အထဲက ဒီဘက်လာချင်တဲ့ ကျောင်းသားတွေရှိနေပေမယ့် လောလောဆယ်မလာဖို့ အကြောင်းကြားထားတယ်လို့ ရှင်းပြတယ်။
အခုခေတ်လို ဆက်သွယ်ရေးက မကောင်း၊ တယ်လီဖုန်းတောင် ဆက်ရခက်တော့ တနေရာနဲ့ တနေရာ လူကြုံ ဆက်သားလွှတ်ပြီး ဆက်သွယ်ရတာမို့ သိပ်လည်းအန္တရာယ်များပါတယ်။ နောက်ဆုံး ဆရာမန်းပြောတာကတော့ ဒီမှာဆက်ပြီး တော်လှန်ရေးလုပ်မယ်၊ နေမယ်ဆို သူ ဆက်ပြီးဦးဆောင်မယ်၊ မနေချင်လို့ ဗမာပြည်ပြန်ချင်တယ်ဆိုလည်း ပြန်လို့ရတယ် ဆိုတာပါပဲ။ အဲဒါ အမြန်ဆုံး ဆုံးဖြတ်ပြီးရင် မိုးရေးကိုလာခဲ့ဖို့ အဲဒီကနေ ပြန်နိုင်အောင် သူ စီစဉ်ပေးမယ့်အကြောင်း ပြောပါတယ်။
နောက်နေ့ ဆရာမန်းပြန်သွားတယ်။ သူ့လက်စွပ်လေးရောင်းပြီး ဝယ်လာတဲ့ ကုလားပဲ၊ ငပိနဲ့ လိုအပ်တဲ့ ဆေးဝါးတွေတော့ ကျနော်တို့အတွက် ထားခဲ့ပါတယ်။
ကျနော်တို့ ရွာရောက်ပြီး နောက်တရက်မှာ ဒုက္ခသည်စခန်းက ဒုတိယသုတ်အနေနဲ့ တောထဲပို့ခံရတဲ့ လူ ၇၀ ကျော် အုပ်စုထဲက ကိုကျော်သန်းတို့အုပ်စု ၁၀ ယောက်လောက် ကျနော်တို့ရွာ ရောက်လာကြတယ်။ သူတို့ကိုလည်း နယ်စပ်တနေရာ (ကျနော်တို့နဲ့မတူတဲ့နေရာ)ကို ပို့လိုက်တာပဲ။
သူတို့ထဲက ကိုသူရိန်(ဗကသ) တို့ကတော့ ဗမာပြည်ပြန်ဝင်သွားကြတယ်။ တသုတ်ပြီးတသုတ် အထဲပြန်ဝင်သွားတာ သူတို့ ၁၀ ယောက်ပဲ ကျန်တော့တယ်။ ကျနော်တို့ ဖြတ်လာတုန်း နီနီသိန်း ချန်နေခဲ့တဲ့ရွာလေးမှာ ကိုကျော်သန်းတို့အဖွဲ့နဲ့ နီနီသိန်းတွေ့ပြီး ဒီရွာမှာ ကျနော်တို့ရှိတဲ့အကြောင်း သိရတာလို့ ပြောပြတယ်။ သူတို့ပြောပြတဲ့ အတွေ့အကြုံတခုက စိတ်ဝင်စားဖို့ကောင်းတယ်။
သူတို့ ကျနော်တို့ဆီအလာ ဝါးတောတခုက ချောင်းလေးမှာ ခဏနားနေတုန်း စစ်ဂျာကင်ဝတ် လူ ၃ ယောက်ကို တွေ့တဲ့အကြောင်း၊ အဲဒီ ၃ ယောက်ထဲကတယောက်က လာမိတ်ဆက်တော့ ကိုယ့်ထဲက လူငယ်လေးတွေက တောခိုဖို့ထွက်လာတဲ့ ရန်ကုန်က ကျောင်းသားတွေဖြစ်တဲ့အကြောင်း၊ စစ်အစိုးရကို လက်နက်နဲ့ ပြန်တိုက်ဖို့ အိန္ဒိယကို လာအကူအညီတောင်းတာဖြစ်တယ်လို့ အာဘောင်အာရင်းသန်သန်နဲ့ ပြောတော့တာပေါ့။
လူစိမ်း ၃ ယောက်ထဲက ဖြူဖြူနွဲ့နွဲ့နဲ့ အသက် ၄၀ အရွယ်တယောက်က ထလာပြီး သူတို့က ဝါးကုန်သည်တွေဖြစ်တဲ့အကြောင်းရှင်းပြပြီး သူတို့ကို ၉၀ ကျပ်တန် ၂ ရွက်ပေးသွားတယ်လို့ သိရတယ်။ နောက်မှပြန်သိရတာ အဲဒီလူတွေက တမူးနဲ့ကလေး-ကလေးဝတဝိုက် နာမည်ကြီး ဓားပြမောင်ရွှေ တို့ဆိုတာပဲ။
ဓားပြက ငွေလှူသွားတယ်ဆိုတော့ အဲဒီကာလက ကျနော်တို့ ကျောင်းသားတွေအပေါ် ပြည်သူက ဘယ်လောက်ထိ မေတ္တာထားပြီး ကူညီစောင့်ရှောက်သလဲ၊ အုပ်ချုပ်သူတွေကို ဘယ်လောက် မုန်းတီးရွံရှာသလဲဆိုတာ သက်သေပြနေတာပေါ့။ ဓားပြဆိုလို့ ကျနော်တို့အဖွဲ့ထဲက ဂိုင်စီ(အောင်သန့်မင်း-ကနေဒါ) တို့ အတွေ့အကြုံလေးကလည်း အဲဒီခေတ်ကာလအခြေအနေတခုမို့ ဒီနေရာမှာ ပြောပြချင်သေးတယ်။
ဂိုင်စီတို့က ၈၈ အာဏာသိမ်းပြီး ၃ ပတ်လောက်အကြာ လမ်းကြောင်းရှာရင်း ကလေးဝဘက် ကားနဲ့တက်အလာကြုံရတဲ့အဖြစ်အပျက်ပါ။ တနေရာရောက်တော့ သူတို့ကားကို ဓားလွတ်တွေကိုင်ထားတဲ့ လူတစု လမ်းကဖြတ်တားတယ်။ ဓားပြခေါင်းဆောင်က တူမီးသေနတ်နဲ့ ကားပေါ်မှာ ဆန်ပါလားလို့ ရေးကြီးသုတ်ပြာနဲ့မေးသတဲ့။ ကားပေါ်မှာပါတဲ့လူတွေက သူတို့ပါလာတဲ့ ပိုက်ဆံတွေ လက်စွပ်၊ လက်ကောက်တွေကိုပေးဖို့ ချွတ်နေပြီ။ ကားသမားက ဆန်တအိတ်ပါလာတယ်ဆိုတာနဲ့ အဲဒီဆန်အိတ်ကို ဆွဲထုတ်ပြီး ထမ်းသွားကြတယ်။ ဘာပိုက်ဆံ၊ လက်ဝတ်လက်စားမှ မယူသွားဘူး။ ဓားပြတွေက ဖိနပ်တောင် မပါဘူး။ တကယ်တော့ ဓားပြအစစ်တွေ မှုတ်ဘူး၊ အနီးအနားရွာက လယ်သမားတွေ၊ စားစရာဆန်ပြတ်လို့ ဆန်အိတ် ဓားပြတိုက်တာဖြစ်တယ်။
ဂိုင်စီပြောပြတာ ခုထိ စိတ်ထဲမကောင်းတာရှိသေးတယ်။ “ဓားပြတွေက ကျနော် လက်ပတ်နာရီလေးချွတ်ပေးတာလည်း မယူသွားဘူး၊ ပြောသွားသေးတယ်၊ ကျေးဇူးတင်ပါတယ်ဗျာ၊ကျနော်တို့က ဆန်ပဲလိုတာပါ၊ ရွာမှာ ကလေးတွေနဲ့ မိန်းမတွေ အခုထိဘာမှ မစားရသေးဘူး၊ သာဓုပါဗျာ ... တဲ့” ကျနော် အဲဒီအဖြစ်အပျက်လေးအပေါ် သိပခံစားရလွန်းလို့ ရေဒီယိုဇာတ်လမ်းလေးတောင် ရေးဖြစ်ခဲ့သေးတယ်။
ဘုံရမ်ရွာမှာ ၃ ရက်လောက်ကြာတော့ ကျနော်တို့ကို ဒီမှာဆက်နေဖို့မကောင်းတဲ့အကြောင်း၊ မဏိပူရ စစ်တပ်ကလည်း နောက်ကလိုက်ရှာနေတဲ့အကြောင်း ရွာသူကြီးက ပြောတယ်။ သူကြီးက ရွာနဲ့အလှမ်းဝေးပြီး အန္တရာယ်ကင်းတဲ့ လျှိုကြီးတခုမှာ ယာယီသွားခိုနေဖို့၊ အဲဒီမှာ တောင်ယာခင်းတွေလည်းရှိတာမို့ အဆင်ပြေကြောင်း၊ အမျိုးသမီး ၂ ယောက်ကိုတော့ (မအိ၊ မစန်းပွီး) ရွာမှာပဲနေခဲ့စေလိုတဲ့အကြောင်း ပြောပါတယ်။
ကျနော့်သူငယ်ချင်း ဂျိုကာ နဲ့ ရဲဘော်တချို့လည်း ပြည်တော်ပြန်ဝင်သွားတယ်။ အခုချိန်ထိ သူတို့နဲ့ အဆက်ပြတ်သွားတယ်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က မန္တလေးက ကျနော့်သူငယ်ချင်းဂျိုကာရဲ့ ကာတွန်းလက်ရာလေးတွေ မဂ္ဂဇင်း၊ ဂျာနယ်တချို့မှာတွေ့ရတော့ အတော်ပီတိဖြစ်မိတယ်။ တော်လှန်သူဆိုတာ ဘယ်နေရာရောက်ရောက် ပြည်သူတွေ အကျိုးရှိစေဖို့၊ ပြည်သူတွေကို မျက်နှာမူတဲ့ ကိုယ်တတ်နိုင်တဲ့အလုပ် (သေးသည်ဖြစ်စေ အကျိုးသက်ရောက်မှု နည်းသည်ဖြစ်စေ) ဘာပဲဖြစ်ဖြစ် ဆက်လုပ်နေရမယ် မဟုတ်လား။
“ငါတို့နိုင်သလောက် လုပ်ပြီးပြီ၊ တော်ပြီ၊ နောက်လူတွေ ဆက်လုပ်လိမ့်မယ်” ဆိုပြီး ထိုင်နေလည်း ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ပေါ့။ ဒါပေမယ့် ကျနော်တို့ကတော့ တော်လှန်သူတိုင်းကို အဲလိုမနေစေချင်ဘူး။ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ်စေ ပြီးဆုံးတဲ့အထိ၊ မရောက်သေးလည်း ရောက်တဲ့အထိ ဇွဲနဲ့ မလျှော့တမ်း ဝိရိယနဲ့ သွားဖို့လိုတယ်လို့ ဗိုလ်ချုပ်အောင်ဆန်းလည်း ပြောဖူးတယ်။
တောင်တွေ တတောင်ပြီးတတောင်၊ လျှိုတွေ တမြောင်ပြီးတမြောင် ကျနော်တို့ ကျော်ဖြတ်ပြီးသွားကြတယ်။ စိတ်ထဲတော့ ကြေကွဲစိတ်တွေနဲ့။
ထိုင်းနယ်စပ်သွားရတာမှ လက်နက်လေး ကိုင်ရအုံးမယ်၊ အခုတော့ လက်နက် မကိုင်ရယုံမက လူလည်း ခွေးနေရာမရ ဟိုပြေးဒီပြေးနဲ့ဆိုတော့ ဘာကိုဒေါသထွက်ရမှန်းလည်း မသိ။ တကယ်တော့ အဲဒီကာလတွေက မဏိပူရမှာ ခွဲထွက်ရေးလက်နက်ကိုင် သူပုန်အဖွဲ့တွေ အများကြီးရှိနေတယ်။ ဇိုမီးသူပုန်၊ နာဂသူပုန်၊ ကူကီးသူပုန်၊ ကသည်းသူပုန်တွေခြေချင်းလိမ်နေတာ။
မဏိပူရ အာဏာပိုင်တွေက အစောပိုင်းမှာ ကျနော်တို့တတွေ စခန်းကိုလာတဲ့ သတင်းထောက် တယောက်စ နှစ်ယောက်စနဲ့ တွေ့တိုင်း “ကျနော်တို့လက်နက်ကိုင် တော်လှန်ရေးလုပ်ဖို့ အပြင်ထွက်လာတာဖြစ်တယ်၊ လက်နက်အားကိုးတဲ့ အစိုးရ ကြောက်တဲ့အရာဟာ လက်နက်ပဲဖြစ်တယ်” ဆိုတဲ့အယူအဆကို ထုတ်ပြောလေ့ရှိတယ်။ ဒါကို မဏိပူရအာဏာပိုင်တွေက စိုးရိမ်တယ်။ လက်နက်ကိုင်ချင်နေသူတွေ သူတို့ဆီက သူပုန်အဖွဲ့တွေနဲ့ ပူးပေါင်းသွားမှာ စိုးရိမ်တယ်။ ရှုပ်ကုန်မှာကို မလိုလားဟန်တူတယ်။
တကယ်တော့ မဏိပူရက အင်အားကြီးတဲ့ ခွဲထွက်ရေး လက်နက်ကိုင်တွေဆိုတာကလည်း ကချင်ပြည်နယ်သွားပြီး KIA ထံက သင်တန်းသွားတက်ကြရတာဖြစ်တယ်။ နောက်ပိုင်း ကျနော်နဲ့ မဏိပူရထောင်ထဲမှာတွေ့ခဲ့တဲ့ ကသဲမြေအောက်သူပုန်တွေဟာ မြန်မာစကားကို ပြောတတ်လို့ စပ်စုကြည့်တော့ အားလုံးလိုလိုက KIA သင်တန်းဆင်းတွေ။
ကျနော်တို့တတွေကို နယ်စပ်က မြန်မာပြည်ထဲမောင်းတာ မပြန်ဘဲ မဏိပူနယ်မြေထဲရှိနေတာဟာ မဏိပူရ အာဏာပိုင်တွေအတွက် စိုးရိမ်စရာဖြစ်တယ်။ ဒီတော့ မဏိပူရရိုင်ဖယ်တပ်က ကျနော်တို့ကို ပြန်ပြီးခြေရာခံတယ်။ ကျနော်တို့ဘယ်ရောက်နေသလဲဆိုပြီး လိုက်ရှာတယ်။ သူတို့ရှာတဲ့သတင်းကို ရွာသူကြီးကကြားလို့ ကျနော်တို့ကို တောထဲသွားခိုခိုင်းတာ ဖြစ်တယ်။
ကျနော်တို့အားလုံး ဧပြီလပထမပတ် (သင်္ကြန်မတိုင်ခင် တပတ်ကျော်မှာ) တောထဲပြောင်းနေကြတယ်။
ဘုံရမ်ရွာ လမ်းပြတယောက် အကူအညီနဲ့ပဲ ကျနော်တို့ခိုလှုံရမယ့် လျှိုတခုကို ရောက်တယ်။ နေရာလေးက ကောင်းတယ်။ တောင်ယာတောလေးနဲ့လည်း နီးတယ်။ ချောင်းလေးတခုလည်းဖြတ်စီးနေတယ်။ ထူထဲတဲ့ ဝါးတောကြီးပဲ။ နည်းနည်းတော့ စိမ့်တယ်။ အေးတယ်။ စခန်းချမယ့်လျှိုထဲ ကျနော်တို့ရောက်တော့ မိုးမချုပ်သေးပေမယ့် တောင်တွေနဲ့ကွယ်လို့ နေရောင်မရတော့ဘူး။ ထမင်းအိုး မရှိဘူး၊ ဝါးဆစ်ပိတ်ခုထဲ ဆန်နဲ့ ရေရောထည့်ပြီး ကောက်ညှင်းကျည်တောက်လိုမျိုး မီးမြိုက်တယ်။ ကျနော့်ဝါးကတော့ မီးတူး ထမင်းတပိုင်း၊ မနပ်တာ တပိုင်း၊ ဆန်တပိုင်းပဲ ရတယ်။ ကိုယ့်ဝါးကျည်တောက်နဲ့ကိုယ်ပေါ့၊ ကျနော် မီးကျွမ်းထမင်းတွေစားတာမြင်တော့ ကလေးမြို့ကရဲဘော်တွေက သူတို့ထမင်း မျှကျွေးတယ်။
ညကျတော့ အဲဒီဝါးတောထဲမှာပဲ အိပ်ဖို့ပြင်တယ်။ မြေကိုယက်ပြီး ကျင်းနည်းနည်းတူးတော့ အောက်ကမြေက နွေးတေးလေး။ လုံခြည်အဟောင်းတထည်ကိုခင်းပြီး ပါလာတဲ့ စောင်ပါးလေးခြုံပြီး အိပ်လိုက်တယ်။ ပင်ပမ်းတော့ အိပ်လို့လည်းကောင်း။ တောထဲက ကျေးငှက်တွေရဲ့အသံနဲ့အတူ နိုးလာတယ်။ မနက် ၅ ခွဲလောက်မှာ အားလုံးထပြီး ချောင်းမှာ မျက်နှာသစ်တယ်။
“ကိုညို ခင်ဗျားမျက်နှာတွ ရောင်နေတယ်၊ ဘာဖြစ်တာလဲ” လို့ ကလေးက ကိုထွန်းကြည်က မေးတယ်၊ ကျနော် ရေငြိမ်နေတဲ့ ချောင်းရေစပ်ဘက် ကိုယ့်ရုပ်သွင် ကိုယ်ပြန်ကြည့်ပြီး အံ့သြသွားတယ်။ ကျနော့်မျက်နှာတွေ ခပ်အမ်းအမ်းဖြစ်နေတယ်၊ ဖောယောင်နေတယ်။
“မြေကိုင်တာနေမှာပေါ့၊ အောက်က ဝါးကပ်ခင်းမအိပ်ဖူးလား” လို့ တောတွင်း အတွေ့အကြုံရှိတဲ့ ကလေးနယ်က ကိုစိန်အေးပြောမှ ကျနော် သဘောပေါက်သွားတယ်။ မြေကြီးမှာ တညလုံး အခင်းမပါဘဲအိပ်ရင် အခုလိုဖြစ်တတ်တာကို သတိထားမိတယ်။ နောက်တနေ့တော့ ကျနော်တို့ ချောင်းတဖက် ဝါးတော ခပ်စိတ်စိတ်ရှိပြီး တောင်ကုန်းတွေနဲ့ လေကွယ်တဲ့နေရာကို အားလုံးကို ရွှေ့တယ်။ ကျနော်တို့အားလုံးလည်း အင်အား ၃၀ ကျော်ပဲရှိတော့တာ။
တရက် ညမိုးချုပ်ခါနီးရွာထဲကို ရိက္ခာဆန်သွားသယ်တဲ့ ကိုအဲကြီးနဲ့ ကိုထွန်းကြည်တို့ ဆန်အိတ်သယ်ပြီး ရေးကြီးသုတ်ဖြာနဲ့ အားလုံး လူစုကြဟေ့၊ မြန်မြန်၊ မြန်မြန် လို့ ဆော်သြတယ်။ ကျနော်တို့လည်း ဘာများအရေးသလဲဆိုပြီး စိတ်တထင့်ထင့်နဲ့ပေါ့။ ကိုအဲကြီး က ကျနော်တို့ ဒီကနေ့ သတိနဲ့ နေကြဖို့၊ မနေ့ညက ရွာထဲကို ကသဲစစ်သားတွေရောက်လာပြီး မစန်းပွီးနဲ့ မအိတို့ ၂ ယောက်လုံးကို ရိုက်နှက်ပြီး ဖမ်းဆီးသွားတဲ့အကြောင်း၊ ရွာသူကြီးက သတိနဲ့နေထိုင်ဖို့ ရွာထဲပြန်မလာကြဖို့ သတိပေးတယ်လို့ ပြန်ရှင်းပြတယ်။ ကျနော်တို့နေတဲ့ ဝါးတောစခန်းဟာ ရွာနဲ့ အတော်ဝေးတဲ့ လျှိုကြီးထဲမှာမို့ စိတ်မပူရပေမယ့် အဲဒီညက စိတ်တထင့်ထင့်နဲ့ အိပ်ရေးပျက်ခဲ့တယ်။
သိပ်မကြာဘူး၊ မိုးရေးက ဆရာမန်းကလည်း အားလုံး မိုးရေးမြို့ပေါ်လာခဲ့ဖို့ ခေါ်လိုက်တယ်။ ကျနော်တို့လည်း တလနီးပါး ခိုလှုံခဲ့တဲ့ ဝါးတောကြီးကို လွမ်းလွမ်းဆွတ်ဆွတ် နှုတ်ဆက်ပြီး မိုးရေးမြို့ကို ပြန်ချီတက်လာကြတယ်။ ကိုယ့်ကိုယ်ကို သတိထားမိတာတခုက စိတ်ခံစားမှုက ထုံတုံတုံ ဖြစ်နေတယ်။ စက်ရုပ်တခုလိုပဲ ဘာမှလည်း လေးလေးနက်နက် မစဉ်းစားချင်တော့ဘူး။
မိုးရေးကိုသွားနိုင်ဖို့ ကျနော်တို့ဒုက္ခသည်စခန်းမှာ တောင်းဆိုသပိတ်မှောက်ခဲ့တယ်။ နယ်စပ်ကို ပို့ပြီးမောင်းနှင်ခံရတယ်၊ တောထဲမှာ ပြေးလွှားနေထိုင်ရတယ်။ အမျိုးမတူ၊ ဘာသာမတူ၊ စကားလည်းမတူတဲ့ တိုင်းတပါးက တောင်ပေါ်တိုင်းရင်းတွေက ကျနော်တို့ကို မိသားစုလို ကူညီစောင့်ရှောက်ခဲ့တယ်။ မေတ္တာတွေပြခဲ့တယ်။ ကျနော်တို့ သိပ်ကိုလုံခြုံခဲ့တယ်၊ လွတ်လပ်ခဲ့တယ်။ အခု ကျနော်တို့ ကိုယ့်ဇာတိနိုင်ငံနဲ့ ပိုပြီးနီးတဲ့အရပ်ဒေသကို သွားရတော့မယ်။ စိတ်ထဲ လေးလံနေတယ်။ မတက်ကြွဘူး၊ မပျော်ရွှင်ဘူး။
ဘယ်လောက်များ သဘာဝမကျလိုက်သလဲဆို ကိုယ့်နိုင်ငံနဲ့ဝေးလံပြီး တောကြီးမျက်မည်းထဲနေရတာက လွတ်လပ်တယ်၊ အန္တရာယ်ကင်းတယ်၊ ပျော်ရွှင်တယ်လို့ ခံစားနေရပြီး ကိုယ့်မွေးရပ်နိုင်ငံနဲ့ အနီးဆုံးကို ပြန်သွားမှာကိုတော့ သားရဲတွင်းထဲ ခုန်ဆင်းရတော့မလို ကြောက်ရွံ့နေရတယ်။ မပျော်ဘူး၊ ပူပန် စိုးရိမ်စိတ် ရှိနေတယ်။ တခါတခါ လောကကြီးဟာ ဟားတိုက်ရီမောလိုက်ဖို့ ကောင်းလောက်အောင် အလွဲလွဲအချော်အချော်တွေနဲ့ပါလား…။
ကိုညို
၀၂ ဧပြီ ၂၀၁၃
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment