Saturday, March 16, 2013

ရင်ကို ထိမှန်စေခဲ့သော မြားချက်များ (ခင်မမမျိုး)

ဖေ့ဘွတ်၊ ဘလော့၊ တွစ်တာ စတဲ့ social media တွေရဲ့ လူအများအပေါ် အကျိုးသက်ရောက်မှုတွေနဲ့ပတ်သက်ပြီး ပညာရှင်အချို့က သုတေသန ပြုလုပ်ခဲ့ကြရာမှာ မှတ်ချက် (comment) တွေကြောင့် စိတ်ကျရောဂါ ဖြစ်တာတွေ၊ စိတ်ဆင်းရဲမှုဖြစ်တာတွေက အစပြုလို့ နောက်ဆုံး မိမိကိုယ်ကို အဆုံးစီရင်လိုက်တဲ့အထိဖြစ်သွားတာတွေ ရှိခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ကြပါတယ်။ ဒီသုတေသနစာတမ်းကိုဖတ်ရတော့ ဒီလောက်တောင်ပဲ ဆိုးဝါးသလားလို့ သံသယဝင်ခဲ့မိပါတယ်။ အွန်လိုင်းစာမျက်နှာ အသာထားလို့၊ ပြင်ပကမ္ဘာမှာတင် လောကဓံတရားမျိုးစုံရဲ့ဒဏ်ကို အေးဆေးတည်ငြိမ်စွာ ကျော်ဖြတ်လာခဲ့ပြီးပြီမို့၊ social media က မှတ်ချက်လေးတွေက ကျွန်မရဲ့စိတ်ကို တစုံတရာ ထိခိုက်စေမှာ မဟုတ်ဘူးလို့လည်း ကိုယ့်ကိုကိုယ် ယုံကြည်ထားခဲ့ပါတယ်။

ဒါပေမယ့် အခုတလော ပုဂ္ဂိုလ်ရေးနဲ့ လုံးဝ မဆိုင်တဲ့၊ ကျွန်မရဲ့ စာမျက်နှာပေါ်မှာ လာတင်ထားတာလည်း မဟုတ်ဘဲ တိုက်တိုက်ဆိုင်ဆိုင် ဖတ်မိသွားတဲ့ မှတ်ချက်လေးတွေကတော့ ကျွန်မရဲ့ရင်ကို မြားချက်တွေလို ထိမှန်စေခဲ့ပါတယ်။ ဒီမှတ်ချက်လေးတွေကြောင့် မေးခွန်းတွေလည်း အများကြီးပေါ်ခဲ့သလို၊ တွေးစရာတွေလည်း အများအပြား ရှိသွားခဲ့ပါသေးတယ်။


အဲဒီမှတ်ချက်လေးတွေရဲ့ မူလအစကတော့ လက်ပန်းတောင်းတောင်၊ ကြေးနီစီမံကိန်းမှာ ဆန္ဒပြကြတဲ့ ရွာသူ၊ ရွာသားတွေကို အွန်လိုင်းကနေပေးထားကြတဲ့ မှတ်ချက်တချို့ပါ။ ကြေးနီစီမံကိန်းနဲ့ပတ်သက်ပြီး တရားခံတွေ၊ ဓားစာခံတွေ၊ သားကောင်တွေ၊ ဓားခုတ်ရာ လက်ဝင်လျှိုမိသူတွေ အများအပြား မြန်မာပြည်မှာ ရှိနေခဲ့ပါပြီ။ ဒါနဲ့ပတ်သက်ပြီး သုံးသပ်မှုတွေကို ဒီစာစုလေးထဲမှာ ရေးသားတင်ပြမှာ မဟုတ်ပါဘူး။ မှတ်ချက်လေးတွေနဲ့ပတ်သက်ပြီး ပေါ်ထွက်လာတဲ့ အတွေးစလေးတွေကိုသာ ရေးသားတင်ပြမှာ ဖြစ်ပါတယ်။

(၁) သွဲ့သွဲ့ဝင်းက ဥပဒေစကားပြောရအောင် ဘယ်တက္ကသိုလ်က ဆင်းလာတာလဲ။ အောက်စဖို့ဒ်၊ ကင်းဘရစ် တက္ကသိုလ်က ဆင်းလာတာမို့လား။

ဒီမှတ်ချက်ကို ဖတ်လိုက်မိချိန်မှာ ကိုယ့်မျက်စိကိုတောင် ကိုယ်မယုံနိုင်ဘူး ဖြစ်သွားပါတယ်။ ရေးထားတဲ့ စာသွားစာလာအရ တက္ကသိုလ်ဘွဲ့ရ တယောက်က ရေးထားတာ ဖြစ်လိမ့်မယ်လို့ ယူဆရပါတယ်။ ဥပဒေစကားဆိုတာ တက္ကသိုလ်ကျောင်းထွက်မှ ပြောရတဲ့စကားလို့ သူ့ကို ဘယ်တက္ကသိုလ်ကများ သင်ပေးလိုက်ပါလိမ့်လို့ သံသယဖြစ်မိပါတယ်။

လူတယောက်မှာ မွေးဖွားလာကတည်းက မွေးရာပါ လူ့အခွင့်အရေးဆိုတာ ရှိပါတယ်။ ဒီလိုလူ့အခွင့်အရေးတွေနဲ့ မွေးဖွားရှင်သန်လာတဲ့ တိုင်းပြည်မှာရှိတဲ့ အစိုးရက ဥပဒေများပြဌာန်းပြီး ကာကွယ်စောင့်ရှောက်ပေးထားပါတယ်။ ဒါကြောင့် တက္ကသိုလ် ကျောင်းထွက်မှ မဟုတ်ပါဘူး။ လူသားမှန်ရင် ဘယ်သူမဆို ဥပဒေစကား ပြောခွင့်ရှိပါတယ်။ ဥပဒေကို နားလည်အောင် လေ့လာရပါတယ်။ နားမလည်သူရှိရင်လဲ အခြားနိုင်ငံသားများက ရှင်းလင်း ပြောကြားပေးပါတယ်။ လူသားမဟုတ်တဲ့ တိရစ္ဆာန်တွေရဲ့ အခွင့်အရေးတွေကိုတောင် ဥပဒေအရ ကာကွယ်စောင့်ရှောက်ပေးနေကြတဲ့ခေတ်မှာ တက္ကသိုလ်ကျောင်းထွက်မှပဲ ဥပဒေစကားပြောခွင့် ရှိရမယ်တဲ့လားရှင်။ မှတ်ချက်ပေးသူက အောက်စဖို့ဒ်၊ ကင်းဘရစ်တက္ကသိုလ်တွေကို အတော်လဲ အထင်ကြီးပုံရပါတယ်။ ဒါပေမယ့် ဒီမှတ်ချက်အကြောင်းကို အောက်စဖို့ဒ်၊ ကင်းဘရစ်တက္ကသိုလ်က ဥပဒေပါမောက္ခတွေများ သိသွားရင်တော့ ဂုဏ်ယူဖို့နေနေသာသာ၊ ဘုရားသခင်လို့ ထရေရွတ်ကြမှာ မလွဲမသွေပါပဲ။

ဘာကြောင့်လဲဆိုတော့ အောက်စဖို့ဒ်၊ ကင်းဘရစ်တက္ကသိုလ် အပါအဝင် နိုင်ငံတကာ တက္ကသိုလ်များက ကျောင်းသားတွေကို ပညာတွေ၊ ဘွဲ့လက်မှတ်တွေကိုတင်ပေးတာ မဟုတ်ပါဘူး။ လူသားအချင်းချင်း တန်ဖိုးထားမှုတွေ၊ ခွဲခြားဆက်ဆံမှုမရှိဘဲ တန်းတူရည်တူ ဆက်ဆံမှုတွေ၊ စာနာနားလည်မှုတွေကိုပါ ကျောင်းသားတွေရဲ့ရင်ထဲမှာ ရှင်သန်လာစေတဲ့ ပတ်ဝန်းကျင်တွေကို ဖန်တီးပေးထားကြတာပါ။ ဥပဒေ အဝေးသင်ဘွဲ့အတွက် ကင်းဘရစ်တက္ကသိုလ်က ဥပဒေရက်တို သင်တန်းတွေကို ကျွန်မ သွားတက်နေခဲ့တာ သုံးနှစ်ရှိပါပြီ။ ဥပဒေပညာကို လေ့လာဆည်းပူးဖြစ်ခဲ့တာလဲ လေးနှစ်နီးပါးရှိနေပါပြီ။ ဘယ်သင်ရိုးမှာမှ၊ ဘယ်သင်တန်းပို့ချမှုမှာမှ၊ ဘယ်စာအုပ်ထဲမှာမှ တက္ကသိုလ်ကျောင်းထွက်ကသာ ဥပဒေစကားပြောရမယ်၊ အခြေခံလူတန်းစားက ဥပဒေစကားပြောခွင့်မရှိဘူးလို့ မပြဌာန်းထားပါဘူး။

(၂) အောက်တန်းစား လယ်သမားတွေ။

ဒီမှတ်ချက်တွေ အများအပြား ဖတ်လိုက်ရပါတယ်။ ရေးသားသူတွေက မြန်မာမှ ဟုတ်ရဲ့လားလို့ သံသယ ဖြစ်မိပါတယ်။ မြန်မာပြည်မှာရှိတဲ့ လူဦးရေရဲ့ ဘယ်နှစ်ရာခိုင်နှုန်းက လယ်သမားတွေကို ကိုယ်စားပြုနေပါသလဲ။ တိုင်းပြည်ရဲ့ဝင်ငွေကို ဘယ်သူတွေက ရှာပေးနေတာပါတဲ့လဲ။ မြန်မာနိုင်ငံမှာ တက္ကသိုလ်ဆိုတာတွေ၊ ကုမ္ပဏီဆိုတာတွေ၊ စီးပွားရေးလုပ်ငန်းဆိုတာတွေ၊ စက်ရုံ အလုပ်ရုံဆိုတာတွေ မရှိခင်တုန်းက မြန်မာတွေ ဘာလုပ်ပြီး စားဝတ်နေရေးဖူလုံအောင် လုပ်ဆောင်ခဲ့ကြပါသလဲ။

ခုလိုမှတ်ချက်ချသူတွေရဲ့ ဆွေခုနစ်ဆက်၊ မျိုးခုနစ်ဆက်မှာ လယ်သမား လုံးဝ မရှိခဲ့ပါဘူးဆိုတာကို သေချာအာမခံနိုင်ပါသတဲ့လား။ ကမ္ဘာပေါ်မှာကော စားနပ်ရိက္ခာထုတ်လုပ်ရေးကို ဘယ်သူတွေက လုပ်ဆောင်နေကြတာပါလဲ။ ဘွဲ့လက်မှတ်တွေ၊ ဂုဏ်ပကာသနတွေ၊ စည်းစိမ်ဥစ္စာ ရတနာတွေ၊ ရာထူးတွေကမှ အထက်တန်းကျတယ်လို့ ယူဆပြီး၊ ကိုယ်ကိုကိုယ် အထက်တန်းစားလို့ သတ်မှတ်နေသူတွေဟာ အဲဒီ အောက်တန်းစား လယ်သမားဆိုသူတွေ ထုတ်လုပ်ပေးထားတဲ့ စားသောက်ကုန်တွေကို မစားဘဲ ဘွဲ့လက်မှတ်တွေ၊ ကျောက်မျက်ရတနာတွေ၊ ဂုဏ်တွေ၊ ငွေစက္ကူတွေကို ဝါးစားပြီး အသက်ရှင်သန်နိုင်ကြပါ့မလားလို့ တွေးတောမိပါတယ်။

(၃) စာမတတ်၊ ပေမတတ်တွေ။

လူတွေရဲ့ ဘဝပေးအခြေအနေတွေက မတူညီကြပါဘူး။ တချို့က မွေးကတည်းက ရွှေလင်ပန်းနဲ့ အချင်းဆေးခွင့်ရကြပါတယ်။ ဒါပေမယ့် မြန်မာမှာသာမက ကမ္ဘာပေါ်မှာ လူမှန်းသိတတ်စကတည်းက ဘဝအတွက်၊ ထမင်းတနပ်အတွက်၊ ပေါင်မုန့်တဖဲ့အတွက် ရုန်းကန်နေကြရပြီး ပညာသင်ကြားခွင့်မရကြတဲ့ ကလေးတွေ အများအပြားရှိနေခဲ့ပါတယ်။ ပြီးတော့ ဒါကလည်း ဘဝပေးအခြေအနေ တခုတည်းနဲ့တင် မဆိုင်ပါဘူး။ မွေးဖွားကြီးပြင်းရတဲ့ သက်ဆိုင်ရာ တိုင်းပြည်က နိုင်ငံတော်အစိုးရများရဲ့ တာဝန်ယူမှု အရည်အသွေးတွေနဲ့လည်း ဆိုင်ပါသေးတယ်။

အချို့သောနိုင်ငံတွေမှာ အခြေခံပညာရေးက အခမဲ့ဖြစ်ပေမယ့်၊ တချို့နိုင်ငံတွေမှာတော့ တိုးတက်ဖွံ့ဖြိုးမှု နှောင့်နှေးတာကြောင့် မူလတန်းကျောင်းတက်ဖို့အရေးကိုတောင် တနေ့ ဆယ်မိုင်လောက် လမ်းလျှောက်ပြီး ကျောင်းတက်ရတဲ့ ကလေးတွေ ရှိခဲ့ပါတယ်။ ကျောင်းစရိတ်ကလည်း မတတ်နိုင်၊ မိဘမှာလည်း ကူဖော်လောင်ဖက်မရှိလို့ မိသားစုတံပိုးကို ငယ်ငယ်ရွယ်ရွယ်နဲ့ မနိုင့်တနိုင် ဝင်ရောက်ထမ်းခဲ့ကြရသူတွေလည်း အများအပြားပါ။

ဒီလိုလူတွေရဲ့ဘဝကို စာနာမှုနဲ့ ဖေးကူဖို့ မစဉ်းစားရင်တောင် သူတို့ရဲ့ ဘဝပေးအခြေအနေကို နှိမ့်ချပြောဆိုဖို့ မသင့်ပါဘူး။ မြေနိမ့်ရာလှံစိုက်တာဟာ လှံကိုင်ထားသူရဲ့ အရည်အချင်းကိုလည်း ဖော်ပြရာကျပါတယ်။ လောကမှာ စာတွေ၊ ပေတွေ ဆိုတာက ပညာရေးအခွင်အလမ်းရှိတယ်ဆိုရင် သင်ယူလို့ရပါတယ်။ စာတွေပေတွေ တတ်လို့လည်း အထင်ကြီးစရာ မလိုသလို၊ စာတွေပေတွေ မတတ်လို့လည်း အထင်သေးနှိမ့်ချဆက်ဆံဖို့ မလိုအပ်ပါဘူး။

စာတွေ ပေတွေဆိုတာကလည်း လူသားတွေက အဆင့်ဆင့် တီထွင်ဆန်းသစ်လာကြပြီးမှ၊ အချင်းချင်းမျှဝေလာခဲ့ကြတာ ဖြစ်ပါတယ်။ စာတတ်မြောက်ရေး လှုပ်ရှားမှုဆိုတာ စာတတ်ပေတတ်တွေက ပြန်လည်အကောင်အထည် ဖော်လာခဲ့ကြတာပါ။ နိုင်ငံတကာမှာရှိတဲ့ ကမ္ဘာ့အသိအမှတ်ပြု စာတတ်ပေတတ် ပုဂ္ဂိုလ်ကြီးတွေကတောင် ကမ္ဘာ့ပြည်သူတရပ်လုံး စာတတ်မြောက်ရေး၊ မူလတန်းပညာ သင်ကြားတတ်မြောက်ရေး၊ ပညာရေး အခွင့်အလမ်းများ တိုးမြှင့်ရေးတွေကို အားတက်သရော လုပ်ဆောင်နေကြချိန်မှာ ဘဝပေးအခြေအနေနဲ့ နိုင်ငံ အခြေအနေကြောင့် ပညာရေးအခွင့်အလမ်း ခံစားခွင့်မရခဲ့ရှာသူတွေကို စာမတတ်၊ ပေမတတ်တွေလို့ နှိမ့်ချသတ်မှတ်တဲ့ မြန်မာ့စာတတ်ပေတတ် ပုဂ္ဂိုလ်ကျော်ကြီးများ ပေါ်ထွက်လာတာဟာ အံ့သြဖွယ် ကောင်းလိုက်ပါဘိ။

(၄) သူများမြှောက်ပေးတိုင်း အိုဗာအိုက်တင်တွေ လုပ်ပြနေကြတယ်။ မြေလေးသိမ်းခံရတာများ လျော်ကြေးပြန်တောင်းလိုက်ရင် ပြီးတာပဲကိုး။

ဒီလိုမှတ်ချက်မျိုးပေးသူတွေဆီမှာ အိမ်ခြံမြေတွေ၊ ပိုင်ဆိုင်မှုတွေများ ရှိပါသလားလို့ ကျွန်မ ရိုးသားစွာ သိချင်မိပါတယ်။ သူတို့ အိမ်ခြံမြေတွေကို အစမ်းသဘောနဲ့ ခဏသွားသိမ်းကြည့်ထားလိုက်ရင် ဘယ်လိုမျက်နှာမျိုးဖြစ်နေကြမလဲဆိုတာ မြင်ဖူးကြည့်ချင်လို့ပါ။ မြေဆိုတာကို အသာထားလို့ ကိုယ့်အိတ်ထဲက ပိုက်ဆံအိတ်လေးကို ခါးပိုက်နှိုက်သွားရင်တောင် ဘယ်လိုခံစားရပါသတဲ့လဲ။ ကုန်ကားတွေမှောက်၊ ပွဲရုံတွ မီးလောင်လို့ နှလုံးရောဂါဖောက်ပြီး သေသွားတဲ့ သူဋ္ဌေးတွေ၊ စီးပွားပျက်သွားလို့ စိတ်ဓာတ်ကျ ဘဝပျက်သွားတဲ့လူတွေ၊ သူခိုးဓားပြဒဏ်ကို ဖိန့်ဖိန့်တုန်အောင် ကြောက်နေတဲ့လူတွေ မြန်မာတနိုင်ငံလုံးမှာ ဒုနဲ့ဒေးပါ။

ဒီလိုလူတွေတောင် ကိုယ့်ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားတဲ့အခါ ခံစားကြရသေးရင်၊ ဓားမဦးချ လုပ်ကိုင်စားသောက်နေရတဲ့ လယ်ယာမြေတွေလည်း မတရားအသိမ်းခံရ၊ စားဝတ်နေရေးပြဿနာတွေလည်း ကြုံတွေ့ရ၊ အဆိပ်သင့်ရေတွေလည်း သောက်သုံးနေရတဲ့လူတွေရဲ့ နှလုံးအိမ်ထဲကို ခဏလောက်ဝင်ပြီး ခံစားကြည့်ကြစမ်းပါ။ သူများမြှောက်ပေးလို့ မျက်ရည်ကျရအောင် ဒီလူတွေဟာ ဇာတ်ခုံပေါ်က ကျွမ်းကျင်သဘင်သည်တွေ မဟုတ်ဘူး။ နှလုံးအိမ်ထဲက ခံစားချက်ကြောင့် စီးဆင်းလာတဲ့ သူတို့မျက်ရည်တွေက မျက်ရည်တုတွေ မဟုတ်ဘူး။

အထက်မှာဖော်ပြထားတဲ့ မှတ်ချက်တွေလို ကျွန်မရဲ့ရင်ကို မြားချက်တွေလို တိုက်ရိုက်မထိမှန်ပေမယ့် တစုံတရာ ထိရှစေခဲ့တဲ့ တခြားမှတ်ချက်တွေလည်း အများအပြားရှိပါသေးတယ်။ မှတ်ချက်တွေကို တွေ့စမှာ ကျွန်မ အံ့သြသွားမိတယ်။ ပြီးတော့ စိတ်ထိခိုက်မိတယ်။ နောက်တော့မှပဲ မျက်ရည်တွေ အလိုအလျောက် ကျနေခဲ့တာကို ကိုယ့်ဘာသာကိုယ် သတိထားလိုက်မိတယ်။ ကျွန်မဟာ လွယ်လွယ်ကူကူနဲ့ မျက်ရည်ကျတတ်တဲ့ မိန်းမတယောက်မဟုတ်ပါဘူး။ ဒါပေမယ့်ရှင်၊ ကျွန်မကိုယ်ကျွန်မတောင် သတိမထားမိလောက်အောင် လက်သီးကို တင်းတင်းဆုပ်ရင်း မျက်ရည်ကျခဲ့မိတာကတော့ ဒီတကြိမ် ပထမဦးဆုံးပဲ ထင်ပါရဲ့။ အရှိန်ပြင်းတဲ့ မြားချက်တွေက ကျွန်မရဲ့ ရင်ထဲကို စူးဝင်သွားခဲ့တယ်။ ။

ခင်မမမျိုး
(၁၆၊ ၃၊ ၂၀၁၃)


 

No comments: