Saturday, March 16, 2013

အတ္တမာန ... တောတိုးဆင်ကန်းနှင့် နှပ်ကြောင်းလမ်းမ (ကမာပုလဲ)

ဆင်တကောင်ဟာ
သူသွားတိုင်း လမ်းဖြစ်ရမယ် ...
စိတ်ကြီးဝင် သွေးနားထင် ရောက်တဲ့အခါ ... ။

ချစ်သူဆင်အုပ်ကိုခွာ
ရန်သူ့တော နက်နက်ထဲ တိုးဝင်
သူ့အတ္တအတွက် အင်ကြင်းပန်းတွေ ခူးဖို့ ...။


အဲဒီ ရန်သူ့ တောအုပ်ထဲမှာ ...
သူသွားလေရာ လမ်းဖြစ်သွားတယ်
သူသွားလေရာ လမ်းဖြစ်ခဲ့တယ်
သူသွားလေရာ လမ်းဖြစ်နေတယ်
လမ်းတွေဟာ တလမ်းပြီး တလမ်း
လမ်းတွေဟာ တောနက်ထဲမှာ ဝင်္ကပါပတ်
လမ်းတွေ ... လမ်းတွေ ...
လမ်းတွေထဲမှာ လမ်းမှောက်နေတဲ့ ဆင် ...
လမ်းတွေထဲမှာပဲ လမ်းပျောက်ခဲ့ရပြီ ...။

ဖနှောင့်မှာ စူးခနဲ မျက်ခနဲ
မျက်လုံးအမြင်တွေလည်း စုံလုံးကမ်း
နှလုံးအိမ်ထဲ ကွဲအက် ခြောက်ခြား
မရဏ သောင်ကမ်းကို ဆိုက်ခဲ့ရ
ရန်သူရဲ့ နှပ်ကြောင်းလမ်းမမှာ ... ။ ။

ကမာပုလဲ 
၁၈၊ ၃၊ ၂၀၁၃။

+ ငယ်ငယ်တုန်းက အိပ်ယာဝင်ချိန် ... စာမတတ်ပေမတတ် အမေဖြစ်သူ မိန်းမကြီး ပြောပြောပြတတ်တဲ့ တိရိစ္ဆာန် ပုံပြင်ကလေးသို့ အမှတ်တရ ...။


 

No comments: