Tuesday, March 19, 2013

ပြည်သူ့ အလံတော် .... (ပထမပိုင်း)

သူတို့ ကျဆုံးခဲ့သော ဤနေရာသို့ ငါသည် ငိုကြွေးတမ်းတရန် လာခြင်း မဟုတ်။
ယခုတိုင် ရှိနေသေးသော သင်တို့ကို ပြောကြားရန်သာ ငါလာခြင်း ဖြစ်သည်။
သင်နှင့် ငါကိုယ်တိုင်အား ငါ၏စကားများကို မြွက်ဟပါအံ့။
တပါးသူများကား ယခင်ကပင် သေဆုံးခဲ့ကြပါပြီ။
မှတ်မိသေးရဲ့လား။ ဟုတ်သည်၊ သင် မှတ်မိမှာပါပဲ။
သင်တို့လိုပင် အမျိုးအနွယ်ဆက် အမည်များနှင့်ပေတည်း။
တံငါသည်များ၊ ပန်းပဲသမားများ၊ သင်တို့လို အလုပ်နှင့် သူများပင်။



ချီလီပြည်၏ သားသမီးများ။
လေဒဏ်ကြောင့် အမာရွတ်ထင်နေသော မျက်နှာများ။
တောင်အမေရိကန် မြက်ခင်း လွင်ပြင်များကဲ့သို့ ကြုံလှီခြောက်သွေ့ပြီး၊ ဝေဒနာရာ အမှတ်အသားကို ဆင်မြန်းထားကုန်သည်။
ငါတို့ အဖတိုင်းပြည်၏ မြေကတုတ် ခံတပ်တလျှောက်၌ မှန်သားကဲ့သို့ ၀င်းသော ဆီးနှင်း၏ ကွက်လပ်ထိပ် အစွန်းဝယ် တောက်ပလျက်။
သစ်ကိုင်းစိမ်းများ ထိုးကျရာ မြစ်ယံမှ ၀င်္ကပါ၏နောက်ပါး၌ ကွယ်ပုန်းလျက်။
ယမ်းစိမ်းပင်များ၏အောက် ပွင့်လှပ်သော အညှောင့်အစေ့များ၏ အောက်ဝယ် ပြည်သူတို့၏ သွေးစက်များကို ငါ တွေ့ရှိနေရသည်။
သွေးစက်တို့သည် မီးလျှံကဲ့သို့ ဟုန်းဟုန်းတောက်လောင်ကုန်သည်။
အခါတပါး၌ ငါတို့၏ ကမ္ဘာရှိ မြေစေးခဲမှ ဆီးနှင်းတို့၏ အမွအကြွေများကို တူးဆွလျက် ရှိကုန်သော အမည်မသိသည့် အာဇာနည် သူရဲကောင်းများနှင့် အတူ ငါသည် ယမ်းစိမ်းပင် မြေကွက်များတွင် နေခဲ့ရသည်။
သပိတ်မှောက် အရေးတော်ပုံကြီးတုန်းက ဤသူများနှင့် ငါ အတူရှိခဲ့သည်။
မာနဖြင့် တက်ကြွသော မာကျောသော မြေကြီးဖြင့် ပေကျံသော သူတို့၏ လက်သီးဆုပ်များကို ငါ မှတ်မိပါသေးသည်။
သူတို့က ငါ့အား ဆို၏။ “ကြည့်စမ်းလော့၊ နောင်တော် ကြည့်စမ်းလော့”

ပါပလို နီရူဒါ

ဗမာဘာသာပြန် - ဒဂုန်တာရာ


(ဆရာကြီး ဒဂုန်တာရာ၏ အယ်ဒီတာစားပွဲ၊ စာပေ အနုပညာဝေဖန်ရေးနှင့် ပန်းနုရောင်အို စာအုပ်မှ) 


 

No comments: