ပြည်မြို့နယ် မဲဆန္ဒနယ်တစ်ခုမှာ ဖြစ်ခဲ့တဲ့ကိစ္စရဲ့ဇာစ်မြစ်ကို ခုအချိန်မှာ ဇာတ်ကြောင်းပြန်မလှန်ချင်တော့ပါဘူး။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲအတွက် အမတ်လောင်းတွေ ရွေးချယ်ချိန်မှာ ကျွန်တော် အင်းစိန်ထောင်ထဲ ရောက်နေပါတယ်။ ၁၉၈၉ ဇူလိုင်လ ၂၀ ရက်နေ့ညက ဒီချုပ်ပါတီဌာနချုပ်ရုံးထဲကနေ ဗဟိုကော်မတီ ဦးမိုးသူနဲ့ ကျွန်တော့်ကို ဖမ်းသွားတာပါ။
စစ်ကြောရေးစခန်းနဲ့ ထောင်ထဲမှာ ၉ လကျော် ပုဒ်မ ၁၀ (က)နဲ့ ထိန်းသိမ်းထားပြီး ရွေးကောက်ပွဲ မကျင်းပခင် တစ်လလောက်အလိုမှာမှ ပြန်လွတ်ခဲ့ပါတယ်။ ဝေါမြို့နယ် အမှတ် ၂ မဲဆန္ဒနယ်ကနေ အမတ်လောင်းအဖြစ်ဝင်အရွေးခံဖို့ ပုံစံတွေကို ဒီချုပ်က ထောင်ထဲကိုပို့လိုက်တာ ကျွန်တော်က လက်ခံသဘောတူကြောင်း လက်မှတ်ရေးထိုး ပြန်ပို့လိုက်တာဖြစ်လို့ အမတ်လောင်းတစ်ယောက်အနေနဲ့ ပြန်လွတ်တာ ဖြစ်ပါတယ်။
ကျွန်တော့်ကို ပြန်လွှတ်တဲ့နေ့က အိမ်ကို တန်းပြီး ပြန်မပို့သေးဘူး။ ခင်ဗျား ထိန်းသိမ်းခံနေရတဲ့ ၉ လကျော်အတွင်း တည်ဆောက်ပြုပြင်ရေးတွေကြောင့် ရန်ကုန်မြို့ကြီး ဘယ်လောက်တိုးတက်နေတယ်ဆိုတာ လိုက်ပြမယ်ဆိုကာ ကားနဲ့ လှည့်ပြပါတယ်။ ရွေးကောက်ပွဲအတွက် ပါတီတွေရဲ့ မဲဆွယ်ပိုစတာကြီးတွေကိုလည်း ပြပါတယ်။
အဲသလိုပြရင်း "ခင်ဗျားတို့အဖွဲ့ချုပ်ကတော့ အမတ်လောင်းအဝေမတည့်လို့ ရန်တွေဖြစ်ကြ၊ တံမျက်စည်းရိုးနဲ့ ရိုက်မောင်း ပုတ်မောင်းတွေဖြစ်ကြ၊ ခင်ဗျား သိပ်မကြာခင် ကြားပါလိမ့်မယ်" လို့ ပြောပါသေးတယ်။ အိမ်ပြန်ရောက်တဲ့နေ့ချင်းမှာပဲ အခြေအနေတွေ သိရပါတယ်။ သို့ပေမယ့် လမ်းမှာ ပြောလိုက်သလောက် ဆိုးဆိုးဝါးဝါး မဟုတ်ပါဘူး။ ထုံးစံအတိုင်း အမတ်လောင်းရွေးချယ်ရေးမှာ ပြဿနာဖြစ်ခဲ့တဲ့နေရာတချို့ ရှိခဲ့တယ်။ အဲဒီအထဲ ပဲခူးတိုင်း ပြည်မြို့နယ်လည်း ပါဝင်နေတာပါပဲ။
ဗဟိုက ရွေးချယ်လိုက်သူကို လက်မခံလိုတဲ့ အောက်ခြေပါတီဝင်တချို့က သူတို့သဘောကျတဲ့ ဒေသခံ ဒီချုပ်အဖွဲ့ဝင်တစ်ယောက်ကို တစ်သီးပုဂ္ဂလအမတ်လောင်းအဖြစ်တင်ပြီး ယှဉ်ပြိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်မရှိတဲ့အချိန်မှာ အဲဒီပြဿနာတွေဖြစ်ခဲ့တာ အမတ်လောင်စာရင်းတွေထွက်ပြီး မဲတောင်ဆွယ်နေကြပြီဆိုတော့ ဘာမှ မတတ်နိုင်တော့ပါဘူး။ မဲဆန္ဒရှင်အများစုက ဒီချုပ်ကို ထောက်ခံမဲပေးချင်တယ်။
သို့ပေမယ့် ခမောက် အမှတ်အသားနဲ့ယှဉ်ပြိုင်တဲ့ အမတ်လောင်းရယ်၊ သူတို့က ဒီချုပ်တစ်ယောက်လို့ပဲသိထားတဲ့ တစ်သီးပုဂ္ဂလအမတ်လောင်းရယ်ကြားမှာ မဲတွေကွဲကုန်ပြီး ကြားထဲက တစည အမတ်လောင်းက အနိုင်ရသွားတယ်။ သည်နှစ်ယောက်ရဲ့ မဲစုစုပေါင်းဟာ တစည အမတ်လောင်းရသွားတဲ့မဲထက် အများကြီးသာတယ်။ သို့ပမယ့် မဲကွဲသွားလို့ နှစ်ယောက်လုံး ရှုံးခဲ့ရတာပါ။ ဒီလိုဖြစ်ရခြင်းဟာ ဘာမှ မထူးဆန်းပါဘူး။ တောင်ကိုရီးယားမှာ ၁၉၈၆ ခုနှစ်က အလားတူအဖြစ်မျိုး အထင်အရှားဖြစ်ခဲ့ဖူးလို့ လေ့လာသူအတော်များများက အဲဒီအကြောင်းကို နိုင်ငံရေးသိပ္ပံ သင်ခန်းစာတစ်ခုအဖြစ် လေ့လာမှတ်သားခဲ့ကြပါတယ်။
တောင်ကိုရီးယားမှာ ကွမ်ဂျူး အုံကြွမှုကြီးလို ပြည်သူအများသွေးမြေကျခံပြီး တောင်းဆိုဆန္ဒပြပွဲများစွာ ဖြစ်ပွားအပြီးမှာ အာဏာရှင် ချန်ဒူးဝှမ်က သမ္မတကို လွှတ်တော်ကရွေးတဲ့စနစ်ကနေ ပြည်သူလူထု တိုက်ရိုက်ဆန္ဒမဲပေးရွေးချယ်တဲ့စနစ်သို့ ပြောင်းလဲတဲ့ အခြေခံဥပဒေပြင်ဆင်မှု ပြုလုပ်ပေးခဲ့တယ်။ ပထမဆုံး တိုက်ရိုက်မဲပေး ရွေးကောက်တဲ့ပွဲမှာ အာဏာရှင် ချန်ဒူးဝှမ်က သူ့လူရင်း ဗိုလ်ချုပ်ကြီး နိုတေဝူးကို စစ်မှုထမ်းအဖြစ်ကထွက်စေပြီး သမ္မတလောင်းအဖြစ် ဝင်အရွေးခံခိုင်းတယ်။
တစ်ချိန်တည်းမှာ လက်ယာအုပ်စုက ကင်မ်ယန်းဆန် ကလည်း သမ္မတလောင်းအဖြစ် စာရင်းတင်တယ်။ တစ်သက်လုံး အတိုက်အခံလုပ်လာသူ၊ ပြည်ပြေး ဖြစ်လိုက်၊ ဝရမ်းပြေးဖြစ်လိုက်၊ ထောင်ကျလိုက်နေခဲ့ရသူ လက်ဝဲယိမ်းနိုင်ငံရေးသမားကြီးလို့ လူသိများတဲ့ ကင်မ်ဒေးဂျုံကလည်း သမ္မတလောင်းအဖြစ် စာရင်းတင်ပါတယ်။ ဒီတစ်ကြိမ်မှာ သူတို့နှစ်ယောက်ထဲက တစ်ယောက်က နောက်ဆုတ်ပေးဖို့၊ နိုတေဝူးကို အတိုက်အခံတစ်ယောက်တည်းက ယှဉ်ပြိုင်ဖို့ အမြော်အမြင်ကြီးသူ တိုင်းပြည်ရဲ့ နားမျက်စိများက ဝိုင်းဝန်းတောင်းပန်ကြပေမယ့် ဘယ်သူကမှ နောက်မဆုတ်ပေးခဲ့ပါဘူး။ သည်လိုနဲ့ နောက်ဆုံးတော့ ဗိုလ်ချုပ်ကြီးနိုတေဝူးက အနိုင်ရကာ သမ္မတဖြစ်သွားပါတယ်။
ဒါနဲ့မပြီးသေးဘူး။ နိုင်ငံရေးဆိုတာ ဘယ်လောက် သိမ်မွေ့သလဲဆိုရင် နိုတေဝူး သမ္မတသက်တမ်းအတွင်း ကင်မ်ယန်းဆန်က နိုတေဝူးပါတီနဲ့ ပေါင်းလိုက်တယ်။ နောက်တစ်ကြိမ်ရွေးကောက်ပွဲကျတော့ အာဏာရပါတီရဲ့ သမ္မတလောင်းအဖြစ် ကင်မ်ယန်းဆန်ကို ရွေးလိုက်တယ်။ ကင်မ်ယန်းဆန်နဲ့ ကင်မ်ဒေးဂျုံ တစ်ပွေချင်းပြန်ဖိုက်ကြတဲ့အခါ ကင်မ်ဒေးဂျုံ ရှုံးသွားတယ်။ ဘာကြောင့်လဲဆိုတော့ သူ့မှာက မူလ သူ့ကို ထောက်ခံတဲ့ အပိုင်မဲပဲ ရှိတယ်။ ကင်မ်ယန်းဆန်ကျတော့ မူလ သူ့အပိုင်မဲအပြင် အာဏာရပါတီကို ထောက်ခံတဲ့ မဲတွေပါ သူ့ဆီဝင်ကုန်တာကိုး။ ကင်မ်ဒေးဂျုံခမျာ တတိယအကြိမ်ဝင်ပြိုင်တော့မှ သမ္မတဖြစ်ပါတော့တယ်။ (သူနဲ့ယှဉ်ပြိုင်သူက အစိုးရနဲ့ နီးစပ်သူဆိုပြီး လူထုမဲက သူ့ဆီ ပြုံရောက်သွားတာပါ။)
ကျွန်တော့် ဆောင်းပါးရဲ့ မူလဦးတည်ချက်ကို ပြန်ကောက်ပါမယ်။ တိုင်းရင်းသား ဒေသ (ပြည်နယ်)တွေမှာ ပြည်မက နိုင်ငံရေးပါတီကြီးတွေ ၂၀၁၅ ကျရင် လက်ရှောင်ကြပါလို့ မေတ္တာရပ်ခံနေကြတာကို ထည့်သွင်းစဉ်းစားသင့်ကြောင်း ပထမဆောင်းပါးမှာကတည်းက ကျွန်တော် ပြောခဲ့ပါတယ်။ ပါတီကြီးက အမတ်လောင်းကို ပါတီကြီးရဲ့ စည်းရုံးရေးနဲ့ အခြား အရှိန်အဝါများကြောင့် မဲပေးသူတွေ အများကြီးရှိနိုင်သလို တိုင်းရင်းသားပါတီက အမတ်လောင်းကိုလည်း တိုင်းရင်းသားချင်းဆိုတဲ့ သံယောဇဉ်နဲ့ မဲပေးကြမှာပါပဲ။
သို့ပေမယ့် မဲတွေကွဲသွားတဲ့အတွက် သူတို့နှစ်ယောက်စလုံး နိုင်ခြေနည်းပါလိမ့်မယ်။ ၉၀ ပြည့်နှစ်ရွေးကောက်ပွဲတုန်းက ရှမ်းပြည်နယ်မှာ SNLD က နေရာအများစု နိုင်ခဲ့တယ်။ ရခိုင်ပြည်နယ်မှာလည်း ALD က အများစုနိုင်ခဲ့ပါတယ်။ မွန်ပြည်နယ်မှာလည်း မွန်ပါတီက အတော်များများနိုင်ခဲ့တယ်လို့ ကျွန်တော် မှတ်မိပါတယ်။ ၁၉၆၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ဦးနုရဲ့ သန့်ရှင်းဖဆပလကို ပုံအော မဲပေးခဲ့ကြတဲ့အတွက် ယခင်ရွေးကောက်ပွဲ (၁၉၅၆) တုန်းက အမတ်နေရာ ၄၆ နေရာရခဲ့တဲ့ အတိုက်အခံတပ်ပေါင်းစု (ပမညတ)ဟာ အမတ်တစ်နေရာပဲ နိုင်ခဲ့ပါတယ်။ ပြည်သူချစ်တဲ့ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇောသည်ပင်လျှင် တစ်သီးပုဂ္ဂလအဖြစ် ဝင်ပြိုင်တာ အနိုင်မရခဲ့ပါဘူး။ ၉၀ ပြည့်နှစ်တုန်းက ဒီချုပ်အနေအထားဟာ ၁၉၆၀ ပြည့်နှစ်က သန့်ရှင်းဖဆပလနဲ့ ဆင်တူပါတယ်။ ဟိုတုန်းက နုမှ နု ဖြစ်ခဲ့သလို ၉၀ ပြည့်မှာလည်း စုမှ စု ဖြစ်ခဲ့တာပါ။
သို့သော် ဟိုတုန်းက သန့်ရှင်းဖဆပလက ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေနဲ့ ရွေးကောက်ပွဲမဟာမိတ် (electoral alliance)တွေ ဖွဲ့ပြီး အပေးအယူလုပ် ယှဉ်ပြိုင်ခဲ့ကြတယ်ဆိုတာ လေ့လာသင့်ပါတယ်။ နိုင်ငံရေးမှာ အကျိုးဆက်တွေ ဖြစ်ပေါ်တတ်တဲ့ ထုံးစံအတိုင်း အဲသလို ရွေးကောက်ပွဲ မဟာမိတ်လုပ်ခဲ့ခြင်းရဲ့ ဂယက်တွေလည်း ကျန်ခဲ့တာပါပဲ။ ဦးနုဟာ နောက်ပိုင်းမှာ ဝေဖန်မှုတွေအများကြီးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ရွေးကောက်ပွဲ မဟာမိတ်ပုံစံအချို့အကြောင်း နောင်အလျဉ်းသင့်ရင် တင်ပြပါဦးမယ်။
၁၆ ၀၃ ၂၀၁၃
maungwuntha@gmail.com
ယခုအပတ်ထုတ် ပြည်သူ့ခေတ်ဂျာနယ် ၂၀ မတ် ၂၀၁၃ ပါ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။
No comments:
Post a Comment