ကျောရိုးက ရိုက်ချိုးခံထားရတယ်
တွားသွားတကောင်လို ...
စိတ်ကူးနဲ့ ... ထင်မှတ်မှားမှုတွေနဲ့
မိချောင်းမဟုတ် ... အိပ်မြှောင်မဟုတ်
တီကောင်မဟုတ် ...
သွေးမလျှောက်တော့တဲ့ ကောင် …။
ခြေဆစ် လက်ဆစ်တွေက
ယောင်ကိုင်း ...
ဖောယောင် ... တဆစ်ဆစ်ကိုက်ခဲ
မိုးရွာမှာကို ကြောက်တယ်
နှင်းတွေကျ အေးစိမ့်နေမှာ စိုးတယ်
ကိုယ့်ဇောချွေးနဲ့ ကိုပြန်အအေးပတ် ...
ကိုယ့်ကိုယ်က အနံ့အသက်ကို ကိုယ်တိုင် ပြန်အံချင်နေရဲ့ ...
သွေးမလျှောက်တော့တဲ့ ကောင် …။
မင်းခမ်းမင်းနားတွေ တက်ခွင့်ရတယ်
စကြဝဠာအထိ ဗီဇာလက်မှတ်ရတယ်
အမ်စတာဒမ်၊ ဗင်းနစ်၊ ပါရီ၊ လန်ဒန်၊ နယူးယောက်
သီရေတာ ဇာတ်ရုံများ
အနုပညာ ပြတိုက်များ
ကမ္ဘာကျော် ပန်းချီကားများ
ခြူးတပြားမျှ မကုန်ဘဲ ခံစားခွင့်ရထားတယ် ...
သွေးမလျှောက်တော့တဲ့ ကောင် …။
အဲဒီ သွေးမလျှောက်တော့တဲ့ ကောင်ပေါ့ ...
အမြီးမတည့် အမောက်မတည့်
ခြေမတည့် လမ်းမတည့်
အလွမ်းမတည့် စခန်းမတည့်
တည့်တည့်ကြီး လွဲလွဲနေတဲ့ အလွဲ တည့်တည့်ကြီးနဲ့
နေသားကျနေတဲ့ အခါ …
သြော်
သွေးမလျှောက်တော့ပါဘူးဆိုမှ …
သွေးမလျှောက်တော့တဲ့ကောင်တွေ များများလာတဲ့အရပ်မှာ
ခေတ်ကို ဆီမန်း မန်းမှုတ် ကယ်တင်နေချင်သေးရဲ့
ဖြစ်ရ ပျက်ရပုံများ ပြောပါတယ် … ။ ။
ကမာပုလဲ
၂၄၊ ၂၊ ၂၀၁၃။
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment