Saturday, February 2, 2013

ရောင်ရာမှာသာ ဆီလူးကြပါကုန် (ဇော်မင်း)

တလောတုန်းက မြန်မာပြည်က မိတ်ဆွေ လင်မယားစုံတွဲ ဘန်ကောက်ကို ရောက်လာကြတယ်။ လာရတဲ့အကြောင်းကတော့ ဇနီးဖြစ်သူကို ဆေးကုသဖို့အတွက်ပါ။ ဘန်ကောက်က ပုဂ္ဂလိကပိုင် ဆေးရုံကြီးတခုမှာ သွားပြကြပါတယ်။ ရင်သားကင်ဆာ စဖြစ်နေပြီလို့ မြန်မာပြည်ကထဲက ဆရာဝန်ကြီးများက ပြောပြထားပါတယ်။ မြန်မာပြည်မှာ မကုသတာက ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာပြည်ကဆေးရုံတွေ အထူးကုဆေးခန်းတွေကို မယုံကြည်တာကြောင့် ဖြစ်ပါလိမ့်မယ်။ နောက်တချက်ကတော့ ငွေကြေးတတ်နိုင်တဲ့သူများဖြစ်လေတော့ ကုချင်ကု နိုင်ငံခြားက ဆေးရုံတွေမှာ ခေတ်မီကိရိယာတွေ ဆေးဝါးတွေနဲ့ကုသမယ်ဆိုတဲ့ အတွေးကြောင့်လည်း ပါနိုင်ပါတယ်။

ဘန်ကောက်ဆေးရုံကြီးက သမားတော်များကလည်း ရင်သားကင်ဆာ စတင်ဖြစ်ဖို့ အလားအလာများနေတယ်လို့လည်း သူတို့ စမ်းသပ်ချက်အရ လူနာရှင်စုံတွဲကို ရှင်းပြပါတယ်။ တိုတိုပြောရရင် ဘန်ကောက်မှာပဲ ဆေးကုသခံတယ်။ အော်ပရေးရှင်းလုပ်တယ် ခွဲစိပ်ကုသမှု ခံယူတယ်ပေါ့ဗျာ။ မိတ်ဆွေက အဲသည့်ဆေးရုံကြီးမှာကြုံခဲ့ရတဲ့ သူ့ အတွေ့အကြုံကို ပြောပြပါတယ်။ ကင်ဆာဌာနမှာလာပြီး စစ်ဆေးစမ်းသပ်မှုခံယူတဲ့ လူနာတွေထဲမှာတဲ့ ဥပမာဆိုရရင် ကင်ဆာလူနာ ဆယ်ယောက်မှာ ရှစ်ဦးလောက်က မြန်မာပြည်သားတွေဖြစ်နေတာကို တွေ့ရတဲ့အတွက် သူလည်း အတော်လေး တုန်လှုပ်မိတယ်လို့ ဆိုပါတယ်။ ပိုက်ဆံတတ်နိုင်လို့ ဘန်ကောက်အထိလာကုတာက အသာထား။ သူဆိုလိုတာက မြန်မာပြည်သား ပိုက်ဆံရှိသူတွေတောင် ကင်ဆာအဖြစ်များနေတယ်ဆိုရင် လူဆင်းရဲတွေအတွက်ကတော့ မတွေးဝံ့စရာပဲလို့ ပြောရတော့မှာပါ။ ဆေးကုသဖို့ ငွေကြေးမတတ်နိုင်လို့ လူမသိသူမသိ ကင်ဆာနဲ့သေနေတဲ့ မြန်မာနိုင်ငံသားတွေ ဘယ်လောက်တောင် များနေပြီလဲ။


ဒါနဲ့ပတ်သက်ပြီး စဉ်းစားကြည့်မိပါတယ်။ ဘာကြောင့် မြန်မာနိုင်ငံသားတွေ ကင်ဆာရောဂါ အဖြစ်များနေတာလဲ။ တခြား ရောဂါဖြစ်နေတာတွေလည်းရှိဦးမှာ သေချာပါတယ်။ ဆီးချိုတို့၊ နှလုံးရောဂါ၊ သွေးတိုး၊ အသဲရောဂါ စသဖြင့် ဖြစ်နိုင်တာတွေ အများကြီး ရှိနေပါသေးတယ်။

မြန်မာနိုင်ငံသားတွေ နေ့စဉ် ဘာတွေကို စားသုံးနေကြသလဲ။ အဲသည့် နေ့စဉ်သုံးဆောင်နေတဲ့ အစားအသောက်တွေဟာ သဘာဝအတိုင်း ဟုတ်ကဲ့လား။ ဆိုးဆေး အပါအဝင် တခြားသော လူတွေမစားသုံးအပ်တဲ့ ဓာတုဗေဒဆေးဝါးတွေ ပါဝင်နေသလား စသဖြင့် စောကြောမိပါတယ်။

ကိုင်း ကျနော်တို့ မြန်မာနိုင်ငံသားတွေ နေ့စဉ် ရှောင်လို့မဖြစ်ဘဲ စားသုံးနေတဲ့ အစားအစာတွေကို တတ်နိုင်သလောက် စာရင်းလုပ်ကြည့်ပါ့မယ်။ လက်ဖက်စို၊ လက်ဖက်ခြောက်၊ အချိုခြောက်၊ ချက်နို့ဆီ၊ ဇီးပေါင်း အချဉ်ပေါင်းမျိုးစုံ၊ ငရုပ်သီးမှုန့်၊ ငရုပ်သီးအတောင့်ခြောက်၊ ပဲမှုန့်၊ ဆန်မှုံ့၊ စိမ်းစားငပိ၊ ငပိရည်ကြို၊ ငါးခြောက်မျိုးစုံ၊ ငံပြာရည်၊ အသားခြောက်မျိုးစုံ၊ ဝက်အူချောင်း၊ သကြားအဖြူ၊ မုန့်ဟင်းခါးဖတ်၊ မုန့်ဟင်းခါးအခြောက်ထုပ်၊ စားအုန်းဆီ၊ စားအုန်းဆီ ရောထားတဲ့ ပဲဆီနဲ့ နှမ်းဆီ၊ ပြည်တွင်းဖြစ် အရက်ဘီယာမျိုးစုံ၊ စီးကရက်၊ ဆေးပေါ့လိပ်။ နောက်တချက်ကတော့ အချိုမှုန့်သုံးစွဲတဲ့ အတိုင်းအတာ ဘယ်လောက် ရှိသလဲ။

ဒါတွေနဲ့ဆက်စပ်နေပြီး ကျန်းမာရေးနဲ့လည်း တိုက်ရိုက်ပတ်သက်နေတဲ့ နောက်ထပ်တချက်ကတော့ မြန်မာပြည်မှာ အိမ်သာစနစ်က ဘယ်အခြေနေမှာ ရှိသလဲ။ ရေဆိုးထုတ်တဲ့ မြောင်းတွေ အလုပ်လုပ်သေးရဲ့လား။ အိမ်သာတက်ပြီးတိုင်း ဆပ်ပြာနဲ့ လက်ဆေးရမယ်ဆိုတာကို လူတိုင်းလိုက်နာသလား။ ဇွန်းခက်ရင်းနဲ့ ထမင်းစားတဲ့ အလေ့အကျင့် ဘယ်လောက် ရှိနေပြီလဲ။ လက်တွေနဲ့စားနေတဲ့ ရာခိုင်းနှုန်းက မြင့်မားနေတုန်းပဲလား။ အရေးအကြီးဆုံးထဲမှာ ပါဝင်နေတဲ့ နောက်တချက်လည်း ရှိပါသေးတယ်။ အဲတာကတော့ သန့်ရှင်းတဲ့သောက်ရေကို သောက်သုံးသလား။ ဒီလိုပဲ အနီးအနား ဝန်းကျင်က ရေတွင်း၊ ရေပိုက်ကလာတဲ့ လာတဲ့ ရေကိုပဲ သောက်နေကြသလား။

ပထမဆုံး စောကြောမိတာကတော့ လက်ဖက်စို၊ လက်ဖက်ခြောက် (အဖန်၊ အချို) ပါပဲ။ မြန်မာပြည်မှာ လူတိုင်းနေ့စဉ် ဆိုလို စားမိနေတဲ့ အဟာရတခုပါ။ ဆိုးဆေးတွေပါနေတယ်ဆိုတာကြောင့် ဟိုးတလောကလည်း ပြဿနာတွေ အုပ်သော် သောင်းနင်း ဖြစ်ထားပြီးသား။ သားရေနယ်လုပ်ငန်းမှာ သုံးနေတဲ့ သားရေအရောင်ဆိုးတဲ့ ဓာတုဆေးတွေကို လက်ဖက် အရောင်လှအောင် ထည့်ဆိုးထားတယ်လို့ သိရပါတယ်။ အဲသလိုပဲ လက်ဖက်ရည်အချိုမှာသုံးနေတဲ့ ချက်နို့ဆီဟာ ကြာရှည်ခံအောင် ဖော်မလင်လို ဓာတုဆေးရည်ထည့်ပြီး ချက်တယ်လို့ သိရတယ်။ နို့ဆီချက်ရာမှာ အသုံးပြုတဲ့ သကြားကလည်း စိတ်မချရပြန်ဘူး။ သကြားက ဖြူဖွေးနေမှ ဈေးကောင်းရမှာဆိုတဲ့အတွက် သကြားချက်တဲ့နေရာမှာ ဆာလဖာနဲ့ အရောင်ချွတ်တယ်လို့ သိရတယ်။ သူများနိုင်ငံတွေမှာတော့ သကြားအညိုက ပိုဈေးကြီးပေးရတယ်။ မြန်မာပြည်မှာတော့ ပြောင်းပြန်ဖြစ်နေတယ်။

ဓာတုဆေးဝါးတွေ ပါဝင်ပတ်သက်နေတဲ့ အစားအစာတွေ နောက်ထပ် အများကြီး ရှိသေးတယ်။ မုန့်ဟင်းခါးဖတ်ကလည်း ဖြူနေမှ ဈေးကောင်းဆိုပဲ။ မူလဆန်အရောင်နဲ့ ထွက်လာတဲ့ မုန့်ဖတ်က ဈေးကောင်းမရဖူးလို့ ဆိုတယ်။ ဒါကြောင့် မုန့်ဟင်းခါးဖတ် ဖြူအောင် ဓာတုဆေးဝါးတွေနဲ့ အရောင်ချွတ်ရပြန်တယ်။ မုန့်ဟင်းခါး အခြောက်ထုပ်လည်း အလားတူပဲလို့ ဆိုနိုင်ပါတယ်။ သန့်ရှင်းစင်ကြယ်စွာ ထုတ်လုပ်ထား၍ စိတ်ချလက်ချ စားသုံးနိုင်သည်လို့တော့ အထုတ်ပေါ်မှာ ရေးထားတယ်။ ဒါပေမယ့် တာရှည်ခံအောင် ဘာတွေထည့်ထားသလဲဆိုတာ ဘယ်သူမှမသိနိုင်ပါ။ ဆတ်သားခြောက်နဲ့ ဝက်အူချောင်းတွေလည်း တာရှည်ခံအောင် ဓာတုဆေးဝါး တမျိုးမျိုး သုံးစွဲနိုင်ပါတယ်။ မြန်မာပြည်မှာ သည်လောက် တောတွေပြုန်းနေတာ ဆတ်တွေကော တကယ်ရှိသေးရဲ့လား။

ငပိမှာလည်း အလားတူပါပဲ။ ပုဇွန်ငပိ (သို့) မျှင်ငပိ (သို့) စိမ်းစားငပိတွေမှာလည်း အရောင်လှအောင် ပန်းရောင်သန်းနေအာင် ဆေးဆိုးထားသလို တွက်ချေကိုက်အောင် ဘာတွေညာတွေ ရောထားတယ် ဆိုတာကလည်း စားချင်လို့သာ စားနေတာ လူတိုင်းသိနေတဲ့ကိစ္စပါ။ ငရုပ်သီးခြောက်ကရော ဘာထူးသလဲ။ ဖလံဖြူတွေကို ဈေးကောင်းရဖို့ နီနေအောင် ဆိုးဆေးဆိုးလေ့ ရှိပါတယ်။ ငရုပ်သီးခြောက်ရဲ့ နောက်ထပ်ပြဿနာတခုက လူသာမန်မျက်စေ့နဲ့ မမြင်ရတဲ့ မှိုတွေအောင်းနေလေ့ ရှိပါတယ်။ တော်ရုံ မီးအပူချိန်မှာ မသေပါ။ အဲသည့် ငရုပ်သီးက မှိုကြောင့် ရေရှည်စွဲစားမယ်ဆိုရင် ကင်ဆာရောဂါကို ဖြစ်စေနိုင်ပါသတဲ့။ ငရုတ်သီးစိမ်း လတ်လတ်ဆပ်ဆပ် ရှာစားနိုင်ရင်တော့ ပိုသင့်တော်မယ်လို့ ထင်ပါတယ်။

ရေကြိုငပိကလေးများကော ဆိုးဆေးဆိုးတဲ့အထဲက လွတ်မလား မှတ်တယ်။ ဟိုတလောက သတင်းတွေထွက်လာတော့မှ အမလေးဗျလို့ အော်ရပါတော့တယ်။ ရေကျိုငပိ သိပ်တဲ့အချိန်ကနေ ဈေးကွက်တင်တဲ့အထိ အချိန် သုံးလလောက်လိုတယ် လို့ ဆိုပါတယ်။ ဒါပေမယ့် အချိန်ကို သုံးလအထိ မစောင့်နိုင်တဲ့ ရေကျိုငပိ ပြုလုပ်သူများက ငပိလုပ်တဲ့အချိန်မှာ ယူရစ်အက်စစ်တမျိုးကို ထည့်လုပ်တယ်လို့ ကြားရပါတယ်။ အဲသည့် ယူရစ်အက်စစ်ကြောင့် သိပ်ထားတဲ့ ငပိရေကျိုဟာ ခွန်နှစ်ရက်အတွင်း ငါးရိုးတွေပါ နူးလာတာကြောင့် ဈေးကွက်ကို တင်လို့ ရသွားပါတယ်။ သုံးလအထိ စောင့်စရာ မလိုတော့တာမို့ ငွေမြန်မြန်ပေါ်တာပေါ့လေ။ အဲ စားသုံးတဲ့သူတွေဘက်ကတော့ မသာမြန်မြန်ပေါ်တာပေါ့။

အဆိုးတကာ့ အဆိုးဆုံး စားသောက်ကုန်ကတော့ စားအုန်းဆီပါပဲ။ ကျနော်တို့ အိမ်နီချင်းနိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုနီးရှားမှာတော့ အဲသည့်အုန်းဆီကို ထုတ်လုပ်တဲ့ ရည်ရွယ်ချက်က ဓာတ်ဆီ အစားထိုး ဘိုင်အိုဒီဇယ် ထုတ်လုပ်ဖို့ ဖြစ်ပါတယ်။ စားဖို့အဓိက မဟုတ်ပါဘူး။ နောက် ဆပ်ပြာ ဘာညာ ချက်တဲ့နေရာမှာလည်း အသုံးပြုပါတယ်။ ထိုင်းနိုင်ငံမှာ စားအုန်းဆီဆိုတာ မရှိဘူးမဟုတ်ပါ။ ရှိပါတယ်။ ဒါပေမယ့် သွေးကြောထဲမှာ အဆီတွေများများ ပွားများမလာနိုင်အောင် ခေတ်မီနည်းတွေနဲ့ အထပ်ထပ် စစ်ထုတ်ယူပြီးမှ အရည်အသွေး အစစ်အဆေးခံပြီးမှ ဈေးကွက်ကို ရောက်ပါတယ်။

ဒီလောက်လုပ်ထားပြီးတာတောင် စားအုန်းဆီဟာ နေ့တိုင်း မစားအပ်ဖူးဆိုတာ တဖက်ကလည်း ပညာပေးနေပါတယ်။ နေကြာဆီ၊ ပဲပိစပ်ဆီ စတာတွေကိုပဲ သုံးဖို့ဆိုတာကို လူတွေကလည်း နားလည်ကြပါတယ်။ ကျနော်တို့ မြန်မာပြည်သားများကတော့ ဒီဇယ်ချက်မယ့် အုန်းဆီတွေကို စားအုန်းဆီ နာမည်တပ်ပြီး စားနေကြရပါတယ်။ ဆင်းရဲကုန်တာကိုး။ နောက်မှသေသေ ကင်ဆာပဲဖြစ်ဖြစ် နှလုံးရောဂါပဲဖြစ်ဖြစ် လက်ငင်းမှာတော့ ဈေးပေါတဲ့ စားအုန်းဆီကိုပဲ ရွေးချယ်ကြရပါတယ်။

နောက်ထပ် အဆိုးဆုံးတခုကတော့ ပြည်တွင်းဖြစ် အရက်မျိုးစုံနဲ့ ဘီယာတွေပဲ ဖြစ်ပါတယ်။ စိုက်ပျိုးရေးမှာ သုံးနေတဲ့ ဓာတ်မြေသြဇာတွေကို အရက်ချက်တဲ့နေရာမှာ အသုံးပြုတယ်လို့ ဆိုပါတယ်။ ဓာတ်မြေသြဇာကို အသုံးပြုတဲ့အတွက် ရိစ်ဖောက်တဲ့ကာလ အတော်ကလေး တိုတောင်းသွားပြီး အရက်ကို မြန်မြန်ချက်လုပ်နိုင်ပါတယ်။ ပြီးတဲ့အခါမှာ သတ်မှတ်တဲ့ကာလအထိ မကောင်းတဲ့ဓာတ်တွေ အငွေ့ပျံအောင် သိမ်းဆည်းခြင်းမပြုတော့ဘဲ ရက်ပိုင်းအတွင်း ဈေးကွက်မှာ တင်ပါတယ်။ အဲသလိုမျိုး အရက်တွေကို နေ့စဉ်သောက်သုံးသူတွေ မြန်မြန်ကိစ္စချောတယ်လို့ ဆိုပါတယ်။ အခု လူတွေပြောနေတဲ့အထဲမှာ ဘယ်အရက်မျိုးသောက်ရင် ဒါကတော့ နှစ်နှစ်ခံ၊ ဘယ်အရက်မျိုးဆိုရင်တော့ ဒါက ငါးနှစ်ခံ စသဖြင့်တောင် ပြောစမှတ် ပြုလာရပါတယ်။

အဆိုးတကာ့ အဆိုးဝါးဆုံး နောက်ထပ် ပြဿနာတခုကတော့ သောက်ရေပဲ ဖြစ်ပါတယ်။ မြန်ပြည်ရဲ့ လူဦးရေ ဘယ်နှစ်ရာခိုင်နှုန်းဟာ သန့်ရှင်းစိတ်ချရတဲ့ သောက်ရေကို သုံးစွဲနိုင်ပါသလဲ။ တာဝန်ရှိသူများ သိကြပါရဲ့လား။ သန့်ရှင်းတဲ့ သောက်ရေဆိုတာ ဒီလိုပါ။ ရေထဲမှာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ သတ္ထုဓာတ်တွေ ပါဝင်နေတာကို သန့်စင်ပြီးမှသာ သန့်ရှင်းတဲ့သောက်ရေလို့ သတ်မှတ်လို့ ရပါတယ်။ ဒို့ရွာမှာတော့ ဒီရေတွင်း တသက်လုံး သုံးလာတာပဲ ဘာမှမဖြစ်ပါဘူးဆိုတာလောက်နဲ့ မရပါဘူး။

ရေထဲမှာ ကန့်ဓာတ်၊ ခဲဓာတ်နဲ့ တခြားသော လူကိုအန္တရာယ်ပြုနိုင်တဲ့ သတ္ထုဓာတ်တွေ ပါဝင်နေတာကို သန့်စင်ပစ်ဖို့ပါ။ ရေကိုကြိုချက်လိုက်ပေမယ့် အဲသည့်ဓာတ်တွေဟာ ပျောက်ပျက်မသွားဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။ ဒီလိုဆိုရင် သန့်ရှင်းတဲ့သောက်ရေရဖို့ ဈေးကြီးလိမ့်မယ်လို့ ထင်စရာ ရှိပါတယ်။ အမှန်ကတော့ သန့်ရှင်းတဲ့သောက်ရေ ရရှိဖို့ စစ်စစ်မှန်မှန် ကူညီပေးမယ်ဆိုရင် ပြည်တွင်းဖြစ် ဒေသတွင်းဖြစ် ပစ္စည်းတွေကို အသုံးပြုပြီး လွယ်လွယ်ကူကူနဲ့ ရယူနိုင်ပါတယ်။ လုပ်ပေးလိုတဲ့ စေတနာ ရှိမရှိဆိုတာကသာ အဓိကပါ။ ဆေးလိပ်ကတော့ ကနေ့ တကမ္ဘာလုံးမှာ ဘယ်လောက် အန္တရာယ်ရှိတယ်ဆိုတာ လူတိုင်းသိပြီးသားမို့ ထပ်လောင်း မပြောတော့ပါ။

ဒီလောက်ဆိုရင်တော့ ကနေ့ ကျနော်တို့ မြန်မာနိုင်ငံသားတွေ စားသောက်နေတဲ့ အရာတွေထဲမှာ လူတွေမစားသုံးအပ်တဲ့ ဓာတုဗေဒဆေးဝါးတွေ ဘယ်လောက် ပါဝင်ပတ်သက်နေတယ်ဆိုတာ မြင်နိုင်ပါပြီ။ တခါတခါ အမြင်မတော်လောက်တဲ့အထိဖြစ်လာမှ အသံတွေ ကျယ်လောင်လာမှ အစားအသောက်နဲ့ ပတ်သက်တဲ့ကိစ္စကို အစိုးရက စစ်ဆေးတာမျိုးပြုလုပ်တာလောက်ပဲ ရှိပါတယ်။ ဒီလိုကိစ္စမျိုးက အစဉ်တစိုက် ဓာတ်ခွဲခြင်း၊ စစ်ဆေးခြင်း၊ မှတ်ပုံတင်ခြင်း စသဖြင့် ပြုလုပ်နေရမှာဖြစ်သလို ဓာတုဆေးဝါး ထည့်သွင်းထားတဲ့ အစားအသောက် ထုတ်လုပ်သူများကို ထိထိရောက်ရောက် အရေးယူဖို့ လိုနေပါတယ်။ တရုတ်ပြည်မှာတုန်းက ကလေးတွေကိုတိုက်တဲ့ နို့မှုန့်နဲ့ နို့တွေထဲမှာ မယ်လမင်းဓာတ် ထည့်သွင်းထားတာတွေ့လို့ ထုတ်လုပ်တဲ့ကုမ္ပဏီက တာဝန်အရှိဆုံးသူကို သေဒဏ်ပေးတဲ့အထိ အရေးယူခဲ့တာ မှတ်မိကြဦးမှာပါ။

တကိုယ်ရေသန့်ရှင်းရေး နည်းပါးမှု၊ အိမ်သာစနစ် မကောင်းမွန်မှု၊ ရေနုတ်မြောင်းနဲ့ အညစ်အကြေး စွန့်ပစ်မှုစနစ် ညံ့ဖျင်းမှုနဲ့ ဓာတုဗေဒဆေးဝါးတွေ ပါဝင်နေတဲ့ အစားအစာတွေ စားသုံးမှု ဒါတွေအားလုံးကို ပေါင်းလိုက်တော့ နောက်ဆုံးမှာ မြန်မာနိုင်ငံသားတွေ ငယ်ငယ်ရွယ်နဲ့ ရောဂါတွေရကြ သေဆုံးကြ ဖြစ်နေပါတယ်။ ဒါကြောင့် အစိုးရတာဝန်ရှိသူတွေရော၊ ပါလီမန်က အမတ်မင်းတွေရော ကိုယ့်နိုင်ငံသူနိုင်ငံသားတွေရဲ့ ကျန်းမာရေးကို အလေးထားဖို့ လိုပါတယ်။ ပါလီမန်ထဲမှာ ထိုင်နေတယ်ဆိုတာ အမြင့်နိုင်ငံရေးတခုထဲ ဆွေးနွေးပြောဆိုဖို့ မဟုတ်ပါဘူး။ လူတွေ ကျန်းမာဖို့ဖွံ့ဖြိုးဖို့ကိစ္စတွေကိုလည်း အလေးထား ဆွေးနွေးဖို့ လိုပါတယ်။

ဘာမှမသက်ဆိုင်တဲ့ကိစ္စတွေနဲ့ အချိန်ဖြုန်း မနေသင့်ပါ။ ဥပမာ ပြောရမယ်ဆိုရင် ဘားမားလို့ မသုံးနှုန်းရ၊ မြန်မာလို့ပဲ သုံးနှုန်းရမယ်ဆိုတဲ့ အငြင်းအခုံတွေဟာလည်း အချိန်ဖြုန်းနေတာလို့ ပြောချင်ပါတယ်။ ဒါတွေဟာ သမိုင်းဆိုင်ရာ ဆင့်ကဲဖြစ်စဉ်နဲ့ ဘာသာဗေဒကိစ္စသက်သက်လို့ပဲ ကျနော်ကတော့ မြင်ပါတယ်။ ကျနော်တို့ မျိုးဆက်မှာ အင်္ဂလိပ်လို ပြောရင် ရေးရင် ဘားမားလို့သုံးပြီး မြန်မာလို ပြောရင်ရေးရင် မြန်မာလို့ပဲ သုံးနေတာ ဖြစ်ပါတယ်။

မန္တလေးကို မြန်မာလို ပြောရင် မန်းလေး၊ မန်းဒလေးလို့ အသံထွက်ပါတယ်။ အင်္ဂလိပ်လိုပြောဖို့ ကြုံလာရင် မဲန်းဒလေး လို့ အသံထွက်ပါတယ်။ ဒါဟာ ကြီးမားတဲ့ပြဿနာလို့ မမြင်ပါ။ မြန်မာတွေလည်း ဘရစ်တင် ဆိုတဲ့ အသံထွက်ကို ဗြိတိန်လို့ ရေးတာပဲ မဟုတ်လား။ အင်္ဂလိပ်လိုတော့ ပါလီမန် မြန်မာလိုတော့ ပြည်သူ့လွှတ်တော်။ ဒါပေမယ့် အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ သတင်းစာထဲအထိ ပြည်သူ့လွှတ်တော်ကို ပါလီမန်လို့ မရေးဘဲ ပြည်သူ့လွှတ်တော်ဆိုပြီး အင်္ဂလိပ်လို စာလုံးပေါင်းတဲ့အထိ လုပ်နေကြတာဟာ အရုပ်ဆိုးတယ်လို့ မြင်ပါတယ်။ တပ်မတော်ကိုလည်း အာမီလို့ မရေးဘဲ အင်္ဂလိပ်စာလုံးပေါင်းနဲ့ တပ်မတော် ဆိုပြီးရေးနေကြတာတွေဟာ အလွန်အကျွံ မျိုးချစ်စိတ်ကြောင့်လား၊ အဖားလွန်တာလား ဆိုတာကတော့ ပြုမူသူတွေသာ ပိုသိပါလိမ့်မယ်။

ထိုင်းနိုင်ငံမှာ ထိုင်းလူမျိုးတဦးကို နိုင်ငံခြားသားတဦးက ခင်ဗျား ဘယ်သွားမလို့လဲလို့ အင်္ဂလိပ်လိုမေးလိုက်ရင် အဲသည့် ထိုင်းနိုင်ငံသားက ဘန်ကောက်သွားမယ်ဆိုရင် ဘန်ကောက်သွားမယ်လို့ အင်္ဂလိပ်လို ဖြေပါတယ်။ ထိုင်းဘာသာစကားမှာ သူတို့မြို့တော် ဘန်ကောက်ကို ထိုင်းစကားနဲ့ ဘန်ကောက်လို့ မခေါ်ပါဘူး။ “ခရုန်ထစ်ပ်” လို့ပဲ အသံထွက်ပါတယ်။ ထိုင်းအချင်းချင်း ပြောနေတယ်ဆိုရင် “ခရုန်ထစ်ပ်” လို့ပဲ ပြောပါတယ်။ ဘန်ကောက်လို့ မပြောပါဘူး။ တီဗွီတွေမှာ ထိုင်းဘာသာနဲ့ သတင်းကြေညာတဲ့အခါမျိုးမှာဆိုရင် “ခရုန်ထစ်ပ် မဟာနခေါင်” လို့ တရားဝင် သုံးစွဲပါတယ်။

တခါ ခရုန်ထစ်ပ် လို့မခေါ်ဘဲ ဘန်ကောက်လို့ ခေါ်တဲ့ နိုင်ငံခြားသားတွေကိုလည်း စိတ်မဆိုးပါဘူး။ မည်သူမဆို နိုင်ငံခြားသားပဲ ဖြစ်ပါစေ ဘန်ကောက်လို့ မခေါ်ဘဲ ခရုန်ထစ်ပ်လို့ပဲ ခေါ်တွင်ရမယ်လို့ ဖိအားမပေးပါဘူး။ နိုင်ငံခြားသံရုံးတွေကိုလည်း အော်ချက်ထုတ်တာတွေ စာပို့သတိပေးတာတွေ မလုပ်ပါဘူး။ ထိုင်းနိုင်ငံကို ထိုင်းလိုပြောရင် “ပရာထစ်ထိုင်း” လို့ ပြောပါတယ်။ အကယ်၍ ထိုင်းလူမျိုးတဦးဟာ အင်္ဂလိပ်လို စကားပြောရတဲ့ အခြေအနေတခုမှာ သူဟာ ထိုင်းနိုင်ငံက ဖြစ်တယ်ဆိုတာကိုပြောရင် “ထိုင်းလဲန်း” လို့ ပြောပါတယ်။ “ပရာထစ်ထိုင်း” က လာပါတယ်လို့ မပြောပါ။ ပြောရင်လည်း နိုင်ငံခြားသားတွေအဖို့ နားလည်နိုင်ဖို့ ခက်ပါတယ်။ ရှေးတုန်းကထဲကစလို့ သူ့ဟာနဲ့သူ ဖြစ်တည်လာခဲ့တဲ့ အသုံးအနှုန်းကိစ္စ၊ ဘာသာစကားကိစ္စတွေကို နိုင်ငံရေးထဲ ဆွဲသွင်းလာတာကသာ ပြဿနာလို့ မြင်ပါတယ်။

အကြံပေးလိုတာကတော့ ရောင်တဲ့နေရာကို ဆီလူးကြပါ။ မရောင်တဲ့နေရာကို ဆီလူးပြီး အချိန်တွေ မဖြုန်းကြပါနဲ့လို့။ မိမိတိုင်းပြည်အတွင်းမှာ နိုင်ငံသားတွေ လိုအပ်နေတာတွေကို ဖြည့်ဆည်းပေးပါ။ ကူညီပေးပါ။ တနေ့တခြား ကျန်းမာရေးမှာ ချို့တဲ့၊ လူမှုရေးမှာ နိမ့်ကျ၊ ပညာရေးမှာ စကောစက ဖြစ်လာနေတဲ့ မြန်မာနိုင်ငံသား လူများစုကြီးရဲ့မျက်နှာကိုကြည့်ပြီး အလုပ်လုပ်ကြပါ။ သူသာ အမျိုးချစ်တယ် ငါသာ အမျိုးချစ်တယ်ဆိုတဲ့ အငြင်းအခုံတွေထဲမှာ ပျော်မွေ့မနေကြဖို့ ထပ်လောင်းပြောလိုပါတယ်။

ဇော်မင်း 
၃၁ ရက် ဇန်နဝါရီလ ၂ဝ၁၃ ခုနှစ်

ရွက်မွန် ဘလော့ဂ်မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


 


 

No comments: