Saturday, February 2, 2013

ဂန္ထဝင် မဲဆောက် (စိုင်းလတ်)

မဲဆောက် ...
မဲဆောက်ရဲ့ အနားသတ်မျဉ်း
သောင်းရင်းကို ခြေကန်တိုက်တဲ့
ခုခံရေးစစ်ပွဲ များစွာရှိတယ်။

မဲဆောက်ဟာ
၁၈ ရာစုရဲ့ ချီကာဂိုလည်း ဖြစ်တယ်။
မဲဆောက်ရဲ့ စက်ရုံတွေမှာ
စပါတာကပ်ရဲ့ မျိုးဆက်တွေ ပေါ်ထွက်ခဲ့သလို
သခင်အားရ ကျွန်ပါးဝတဲ့
ငတေမာသူ အလိုတော်ရိတွေလည်း ရှိတယ်။

မဲဆောက်မှာ ...
မပွင့်ခင် အခြွေခံတဲ့
အကြွေပန်းတွေရှိသလို
ပွင့်ပြီးမှ အချေခံရတဲ့
ကြေပွင့်တွေလည်းရှိတယ်။


မဲဆောက်မှာ ...
ကားတာယာကွင်းတွေထဲ
အရှင်လတ်လတ် အရိုးပြာတွေရှိသလို
မဲဆောက်ရဲ့ တမျှော်တခေါ် ဥယျာဉ်ခြံကျယ်ကြီးထဲ
ဂျူးတွေလို တန်းစီခိုင်းပြီး
နာဇီတွေလို သေနတ်ခလုတ်ဆွဲတဲ့
ခေတ်သစ် အရိုးတွန်သံတွေ ရှိတယ်။

မဲဆောက်မှာ ...
အမိမဲ့သား ရေနည်းငါးလို
ပေါက်ပင်ကိုင်းရတဲ့ တရားခံတွေဟာ
မဲဆောက်ရဲ့တဖက်ခြမ်း
သောင်းရင်းနဲ့ ခပ်လှမ်းလှမ်းမှာရှိတယ်။

မဲဆောက်မှာ ...
ဖားဖားချင်း ငါးငါးချင်း ဇာတ်တူသားစားပြီး
စားပိုးနင့်သွားသူတွေရှိသလို
တကောင်ကျွေး နှစ်ကောင်စားပြီး
ကင်းဝင်ဖို့ ထိုးကျွေးထားတဲ့
နှစ်ဖက်ချွန် သုံးဖက်ချွန်တွေ ရှိတယ်။

မဲဆောက်မှာ ...
ဘလူးတပ်စ်ရဲ့ဓားမြှောင်ကို ဝှက်ကိုင်ထားတဲ့
ခြံစည်းရိုးပေါ်က လူတွေရှိသလို
အပေါင်းရှုံးသွားတဲ့
ဂုဏ်သိက္ခာအတွက်
ဦးနှောက်ကို လေလံပစ်သူတွေလည်း ရှိတယ်။

မဲဆောက်မှာ ...
ဦးနှောက်နဲ့ စာအုပ်အထူအပါး
ပြောင်းပြန်အချိုးကျသူတွေ
တခါတခါ မျက်စိလည် လမ်းမှားလာတတ်သလို
မဲဆောက်ဟာ ...
အနောက်ဘက်လား ခရီးသွားများအတွက်
တထောက်ခိုရာ သာလာယံဇရပ်တဆောင်လည်း ဖြစ်တယ်။

မဲဆောက်မှာ ...
လေးဖြူရဲ့သီချင်းကို ဖျက်ဆိုလိုက်ချင်ရဲ့
နီချင်ယောင်ဆောင်မနေနဲ့ ...
ဇော်ပိုင်ရဲ့ သီချင်းကို ဖျက်ဆိုလိုက်ချင်ရဲ့
နီယောင်ဆောင်သူတွေ မနည်းပါလား။

မဲဆောက်မှာ ...
နောင်ရိုးကမ်းအတက်
ဖောင်ဝှက်သူတွေ ရှိသလို
နအဖရဲ့ ရွေးကောက်ပွဲဆိုင်းသံကြား
မရိုးမရွ ပိုးထလာသူတွေလည်းရှိတယ်။

မဲဆောက်မှာ ...
ဘူတာရုံမဟုတ် ကားမှတ်တိုင်မဟုတ်
ညောင်ညိုပင်မဟုတ် ယင်းမာပင်မဟုတ်
အချို့တွေ ရုတ်ရုတ်
အထုပ်တွေပြင်ကြ အထုပ်တွေဖြေပြ
အထုပ်မှားဆွဲသူတွေလည်း ရှိလေရဲ့။

မဲဆောက်မှာ ...
အစွယ်လိုသူ မိဖုရား အသွားစေခိုင်းသူ မင်းဧကရာဇ်
လေးပစ်သူ ဘုရားကျွန်တော်မျိုး
ဤသုံးဦးတွင်မှရယ်လို့
ငိုချင်းချသူတွေလည်း ရှိလေရဲ့။

မဲဆောက်ရဲ့ကစားပွဲတွေဟာ
ကြွေတလှည့် ကြက်တခုန်အတွင်း
ဘာမဆိုဖြစ်သွားနိုင်တယ်။

မဲဆောက်ရဲ့ မျိုးစုံသောဈေးကွက်ထဲ
လုပ်အားရောင်းသူ၊ အသွေးအသား ရောင်းသူ
ဦးနှောက်ရောင်းသူ၊ သိက္ခာရောင်းသူ
အနာဂတ်ရောင်းသူ၊ ဘဝရောင်းသူ ...
... ရောင်းသူ
... ရောင်းသူ
... ရောင်းသူ။

ဈေးပေါပေမယ့် ရောင်းသာဝယ်သာရှိတဲ့
ဈေးကွက်ကြီးတခုလုံး
မဲဆောက်ဟာ သူ့ပုခုံးပေါ်ထမ်းတင်ရင်း
သူကိုယ်တိုင်က ရောင်းစားခံရမှာကို
စိုးရွံ့နေပုံရလေရဲ့။

ပသို့ဖြစ်စေ
အာဏာရှင် ကိစ္စမတုံးသရွေ့
သောင်းရင်းရေ စီးမြဲစီးသလို
တော်လှန်သူတို့ရဲ့ ခုခံရေးစစ်ပွဲတွေဟာလည်း
ရှိမြဲရှိနေဦးမှာ အသေအချာပါ။ ။


 

No comments: