Thursday, February 28, 2013

ငြိမ်းချမ်းရေးသို့ ... အလည်ရောက်ရှိခြင်း (၃) - ကမာပုလဲ

ငြိမ်းချမ်းရေးမှ ... အပြန် 

ငြိမ်းချမ်းရေးသို့ အမှတ်မထင် အလည်ရောက်ရှိခဲ့သည်။ ငြိမ်းချမ်းရေးဆီမှ သူ့ဖြတ်သန်းမှု၊ သူ့အနုပညာ၊ သူ့ယုံကြည်ချက်ကို အနည်းငယ်မျှ ကူးဆက်ခံစားမိခဲ့သည်။ အပြည့်အဝ ကူးဆက်ခံစားနိုင်ခဲ့ပါသည်ဟု ဆိုပါလျှင် မရိုးသားရာ ကျမည်ဖြစ်သည်။ ငြိမ်းချမ်းရေးသည် သူ့စကား၊ သူ့အဓိပ္ပာယ် သတ်မှတ်ချက်အရ ပထမ မျိုးဆက်။ ကျနော်တို့ကား တတိယမျိုးဆက် နှောင်းပိုင်းတွေ ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် လူကိုယ်တိုင် မဆုံတွေ့ဘူးခဲ့စဉ်က သူ၏ စာများနှင့်သာ ထိတွေ့ခဲ့သည်။ သူ့စာများ၏ တန်ဖိုးကို အသေအချာ သိလာကာ သူ၏စာများကို မက်မက်မောမော ရှာဖွေဖတ်ရှုချင်လာသည့် စိတ်အာဟာရ ချဉ်ခြင်းကို မွေးဖွားပေးလိုက်သည်မှာ ၈၈၈၈ အရေးတော်ပုံ လှုပ်ရှားမှုကြီးပင် ဖြစ်သည်။

၈၈၈၈ အရေးတော်ပုံကြီးက ကျောင်းသားများတင်မက ပြည်သူလူထုကိုပါ မျက်စေ့ဖွင့်ပေးလိုက်သည်။ မဆလ တခေတ်လုံး သိမ်းဆည်းထားသည့် သမိုင်းအဖြစ်မှန် နောက်ခံ စာအုပ်များ၊ ဂျာနယ် စာစောင်များ၊ မြေအောက်ထုတ် လက်ကမ်းစာစောင်ကလေးများ လက်ဆင့်ကမ်း ပေါ်ထွက်လာသည်။ ထိုနည်းတူ တော်လှန်ရေးအခြေခံ ဘာသာပြန်စာအုပ်များလည်း ပေါ်ထွက်လာခဲ့သည်။


၈၈၈၈ အရေးတော်ပုံကြီးကို ကိုယ်တိုင်ဖြတ်သန်းရသည့်အခါ ကျောင်းသားသမဂ္ဂကို သိချင်လာသည်။ ကျောင်းသားသမဂ္ဂကို သိချင်လာသည့်အခါ တိုက်ပွဲဝင်ကျောင်းသား ခေါင်းဆောင်များကို သိချင်လာသည်။ ကိုအောင်ဆန်းကို သိချင်လာသည်။ ကိုဗဟိန်းကို သိချင်လာသည်။ ကိုဗဆွေကို သိချင်လာသည်။ ထိုမှတဆင့် အနီ (သခင်သန်းထွန်း)၊ မုန်တိုင်းထဲမှ သစ်ရွက်ကလေး (သခင်နု) ....... ။

သူ၏ ၁၉၅၅ ခုနှစ်ထုတ် ရုပ်ပုံလွှာစာအုပ်မှတဆင့် အထက်ပါ သမိုင်းဝင်ပုဂ္ဂိုလ်များနှင့် တွေ့ရသည်။ သူ၏ အယ်ဒီတာ စားပွဲ၊ ပန်းနုရောင်အိုမှ ကျောင်းသားလှုပ်ရှားမှုသမိုင်း၊ မြန်မာ၊ ကမ္ဘာ အနုပညာ ... ပန်းချီ၊ ဂီတ၊ ကဗျာ ...။ ဧရာဝတီ၊ ယန်စီ၊ ဘော်လဂါ စာအုပ်မှ သူတို့မျိုးဆက်၏ ကမ္ဘာ့ ခေတ်ပြိုင် အတွေ့အကြုံ၊ အဖြစ်အပျက်၊ ငြိမ်းချမ်းရေး ခရီးထိုထို ....။

ချက်နိုင်ငံရဲ့ လွတ်မြောက်ရေး ခေါင်းဆောင်တဦးဖြစ်သူ ဂျူးလိယက်ဖူးချစ်၏ ဇနီး မောင့်ဂူစတီနာ နှင့် အိန္ဒိယနိုင်ငံတွင် ကျင်းပပြုလုပ်သော စာရေးဆရာ ညီလာခံတွင် ဆုံတွေ့ခဲ့ကြပုံ၊ (ထိုသို့ တွေ့ဆုံစဉ် ဂျူးလိယက်ဖူးချစ်၏ ကြိုးစင်ပေါ်က မှတ်တမ်း စာအုပ်ကို မြန်မာဘာသာသို့ ဘာသာပြန်နေကြောင်း ငြိမ်းချမ်းရေးက မိတ်ဆက်ပေးခဲ့သည်)။ ပိတောက်ပန်းကို ချစ်သည့် ချီလီပြည်မှ တော်လှန်ကဗျာဆရာ နီရူဒါ ....။

မတ်လ တော်လှန်ရေး ကဗျာကို ဖက်ဆစ်တော်လှန်ရေးအတွက် သရုပ်ဖော် ရေးသားခဲ့သော ငြိမ်းချမ်းရေး၊ လောက အမွန် ကဗျာဖြင့် သူဖြစ်စေချင်သည့် ဗမာပြည် ခေတ်သစ်စနစ်ကို ပုံဖော်ခဲ့သူ။ သူသည် စိတ်ကူးယဉ်မှုဖြင့် တဟီတီ ကျွန်းသို့လည်း ကဗျာဖွဲ့ သွားရောက်ခဲ့ပါသေးသည်။

ငြိမ်းချမ်းရေး၏ ရပ်တည်ချက် 

ဆရာ ဒဂုန်တာရာ၊ .... ငြိမ်းချမ်းရေးသမားဖြစ်သူ .... သူ၏ သမိုင်းဖြတ်သန်းမှု ရပ်တည်ချက်သည် အပြန်လမ်းတွင် အတွေးထဲ တဝဲငင်ငင် လိုက်ပါလာခဲ့သည်။ ကျောင်းသားဘဝကလည်း အဖိနှိပ်ခံဘက်မှ တိုက်ပွဲဝင် ရပ်တည်သည်။ စာပေ၊ အနုပညာတွင်လည်း စာပေသစ် အယူအဆဖြင့် လောက အမွန်ခေတ်ကို ထုဆစ်ဖို့ ကြိုးစားခဲ့သည်။ လက်နက်ကိုင် တော်လှန်ရေးကို ဖိနှိပ်သူ အစိုးရအဆက်ဆက်က ပြဌာန်းခဲ့သည်။ ထိုပြဌာန်းချက်အရ လက်နက်ကိုင် တော်လှန်ရေးဘဝကို ဆင်းခဲ့ရသည့် အဖွဲ့အစည်း ဘဝထိုထို ဘက်မှလည်း မှန်မှန်ကန်ကန် ရပ်တည်ခဲ့သည်။ ငြိမ်းချမ်းရေးသည် သူယုံကြည်သည့် ငြိမ်းချမ်းရေး ယုံကြည်ရပ်တည်ချက်အတွက် နှစ်ရှည်လများ အကျဉ်းကျ ခံခဲ့ရသေးသည်။

သူသည် ဖိနှိပ်သူ အစိုးရများ၏ ပေးအပ်ခဲ့သော နိုင်ငံကိုယ်စားပြု သမိုင်းဆုတံဆိပ်များကို မနှစ်မြို့ လျစ်လျူရှုခဲ့သူ ဖြစ်သည်။ သူပြောသည့် နိုင်ငံရေးသည် အများအရေး၊ ဒီမိုကရေစီရေးဖြစ်သည်။ သူယုံကြည်သည့် ဗဟုဝါဒသည် အဓမ္မဖိနှိပ်နေသည့် အာဏာရှင်စနစ်ကို ဆန့်ကျင်သည်။ သူသည် ပြည်သူလူထု၏ အုပ်ချုပ်ရေးစနစ်ကိုသာ လက်ခံယုံကြည်သည်။ သူ၏ ငြိမ်းချမ်းရေး၊ ဗဟုဝါဒ၏ အနာဂတ်သည် ပန်းတိုင်း ဖူးခွင့်၊ ပွင့်ခွင့်ရှိသည့် ကမ္ဘာမြေ ....။

ဗိုလ်နေဝင်းက မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ဆိုကာ အတုအယောင် ဆိုရှယ်လစ်စနစ်ဖြင့် တိုင်းပြည်ကို ၂၆ နှစ်တာ အုပ်ချုပ်ချေမှုန်းခဲ့သည်။ သခင်စိုးက အလံနီ ကွန်မြူနစ်ပါတီဟုဆိုကာ သူ၏ လက်နက်ကိုင်တော်လှန်ရေး မှားပါကြောင်း ဗိုလ်နေဝင်းထံ လက်နက်ချခဲ့သည်။

'ခက်သည်မှာ အတုအယောင်များက နိုင်နိုင်နေတတ်၏။ အတုအယောင်တို့က လွှမ်းမိုးတွင်ကျယ်သဖြင့် လက်ဦးစွန့်၍ တည်ထွင်သူအစစ်တို့မှာ ဖုံးကွယ်ခြင်း ခံနေရတတ်၏။ လူထုမှာ အတုအယောင်များက ကာထားသဖြင့် အစစ်ကို မမြင်ကြရပေ' (သခင်သန်းထွန်း - အနီကိုလေ့လာကြည့်ရှုချက် - ဒဂုန်တာရာ၏ ရုပ်ပုံလွှာ)

ပထမဆုံး လွတ်မြောက်လာသော ငြိမ်းချမ်းရေး 

ငြိမ်းချမ်းရေးသို့ အလည်ရောက်ရှိပြီး နှစ်များမကြာမီ ဘဝသည် ယုံကြည်ရာခရီးသို့ တဆစ်ချိုး ချိုးကွေ့သွားခဲ့သည်။ ၁၉၉၅ ခုနှစ် ဇွန်လတွင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ ပထမဦးဆုံး အကြိမ် လွတ်မြောက်လာခဲ့သည်။ သူမ လွတ်မြောက်လာသည့်သတင်းကို ကြေးမုံ၊ မြန်မာ့အလင်းတွင် နောက်တနေ့မှာ ပါလာသည်။ မဖျက်ဆီးခံရသေးသော ပပဝင်းနှင့် ဂုဏ် ရုပ်ရှင်ရုံရှေ့ ပလက်ဖောင်းပေါ်တွင် အမေအို တယောက်က သတင်းစာ၊ ဂျာနယ်များအား မိုးကာစ ကလေးပေါ် ဖြန့်ခင်း ရောင်းချနေသည်။ သတင်းစာ တစောင် ၅ ကျပ်နှုန်းဖြင့် အမေအိုထံမှ ဝယ်ယူလိုက်သည်။ မှန်သည် ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီ။ သတင်းစာထဲမှာ ဖော်ပြထားသည်။

"အမေ ... ဒေါ်အောင်ဆန်းစုကြည် လွတ်လာပြီဗျ။ သတင်းစာထဲမှာ ပါတယ်"

"ဟေ ... ဟုတ်လား သား"

ထိုစဉ် ဘဝအခြေအနေ နွမ်းပါးလှသည့် ကောင်းရောင်းကောင်းဝယ် လမ်းဘေးဈေးသည်များကို ဖမ်းဆီးကြမည့်သူများ ခပ်လှမ်းလှမ်းတွင် ရောက်လာကြသည်။

"ဝမ်းသာလိုက်တာ သားရယ် ... အဲအဲ ... အမေ ... ပြေးလိုက်ဦးမယ် သားရေ"

ထိုနေ့နံနက်တွင်ပင် အဝေးပြေးကားဂိတ်မှ ကားလက်မှတ်ဝယ်ကာ လွတ်မြောက်ရေး တိုက်ပွဲများရှိရာ တောင်တန်းများဆီသို့ ပိုင်းဖြတ်ထွက်ခွာလာခဲ့သည် ......။

ငြိမ်းချမ်းရေး၏ နိုင်ငံရေး ယဉ်ကျေးမှု 

 ၈၈၈၈ အရေးတော်ပုံကြီးကား ၂၃ - နှစ် ပြည့်မြောက်ခဲ့ပြီ။ နယ်စပ်ထိုထိုတွင် ဘဝကို ရွှေ့ပြောင်းနေထိုင်ရင်း ငြိမ်းချမ်းရေး၏ စာများကို လက်လှမ်းမီသမျှ ဖတ်ရှုလေ့လာခဲ့ရသည်။ မဂ္ဂဇင်းများတွင် ဖော်ပြထားသော သူ၏ ဆောင်းပါးများ။ သူ၏ နိုင်ငံရေး ယဉ်ကျေးမှု နောက်ခံ ဆောင်းပါးများ။ လုံးချင်းစာအုပ် အဖြစ်ထွက်လာခဲ့သည်။ အသေးစိတ် လေ့လာဖတ်ရှုခွင့်ရခဲ့သည်။ တိုးမြစ် စာအုပ်တိုက်မှ ထုတ်ဝေသည်။ အပိုင်း (၁) ဒဂုန်တာရာ ကလောင်အမည်ဖြင့်ရေးသော ဆောင်းပါး (၁၂) ပုဒ်၊ အပိုင်း (၂) ထက်အောင် ကလောင်ခွဲဖြင့် ရေးသားခဲ့သော ဆောင်းပါး (၇)ပုဒ်၊ စုစုပေါင်း (၁၉)ပုဒ်ဖြစ်သည်။ ခုနှစ် လအလိုက် မဂ္ဂဇင်းများတွင် ဖော်ပြခဲ့သော ဆောင်းပါးများ ဖြစ်သည်။

ဆရာ ဒဂုန်တာရာ .... ငြိမ်းချမ်းရေးအပေါ် ကျနော့်ခံစားမှု (အမြင်ဟုပင် မသုံးစွဲရဲပါ) ကို ကျနော် ကြိုးစားဖော်ပြခဲ့သည်။ သူသည် ဘဝတလျှောက်လုံး အဖိနှိပ်ခံ လူထုဘက်မှ ရပ်တည်ခဲ့သူ၊ သူ့မိတ်ဆွေ သူ့ရဲဘော်များသည် ပထမလွတ်လပ်ရေးတိုက်ပွဲ၊ ငြိမ်းချမ်းရေး၊ ညီညွတ်ရေးနှင့် ဒီမိုကရေစီရေး တို့အတွက် တော်လှန်ရေး နိုင်ငံရေးသမားများ ဖြစ်ခဲ့ကြသည်။ သူသည် ဆိတ်ဖလူးရနံ့ သင်းပျံ့ရာ အရပ်တွင် သူ့ကိုယ်သူ မှန်မှန်ကန်ကန် ရှာဖွေတွေ့ရှိကာ အနုပညာတပ်ဦးမှ ငြိမ်းချမ်းရေး သမားတဦး ဖြစ်ခဲ့၊ ဖြစ်နေဆဲ ဖြစ်သည်။

သူ၏ နိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖွဲ့တာဖြစ်တယ်၊ ရန်သူ+ မိတ်ဆွေ= ငြိမ်းချမ်းရေး၊ သူ့မှာ မုန်းသူမရှိ၊ ချစ်သူသာရှိ၊ ရန်သူမရှိ၊ မိတ်ဆွေသာရှိ ဟူသော အတွေးအခေါ် အယူအဆများကို ကျနော့်အနေဖြင့် ခံစားနိုင်ပါသည်။ သူ့တွင် မှန်မှန်ကန်ကန် ရပ်တည်ခဲ့၊ ရပ်တည်ဆဲဖြစ်သည့် အဖိနှိပ်ခံ ဘက်ရှိနေသည်ကိုး။

သူသည် ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေး အဖွဲ့များ၊ ကိုရီးယား-မြန်မာ မိတ်ဆွေဖြစ် အသင်းတွင် ဒုဥက္ကဋ္ဌ စသည်ဖြင့် ငြိမ်းချမ်းရေးအတွက် တက်ကြွဆောင်ရွက်ခဲ့သည်။

၁၉၅၆ ခုနှစ်က ဆိုဗီယက်ရုရှတပ်များ ဟန်ဂေရီနိုင်ငံအပေါ် ဝင်ရောက်ကျူးကျော်သည်ကို သူသည် အတိအလင်း ကန့်ကွက်ခဲ့သည်။ ကိုရီးယား ပြည်တွင်းစစ်ကို လက်မခံ၊ မြောက်ကိုရီးယားဘက်မှ ရပ်တည် ကန့်ကွက်ခဲ့သည်။ ထိုစဉ်က ကုလသမဂ္ဂသည် သူ့ပဋိဥာည်စာတမ်းကို သူကိုယ်တိုင် ဖောက်ဖျက်ကာ တောင်ကိုရီးယားဘက်မှ ဝင်တိုက်ပေးသည်ကို သူက လက်မခံ၊ ကန့်ကွက်သည်။ တဖန် ရန်ကုန်မြို့တွင် မြောက်ကိုရီးယားက တောင်ကိုရီးယား အစိုးရအရာရှိကြီးများကို ဗုံးခွဲသတ်ဖြတ်သည့်အပေါ် မြောက်ကိုရီးယားလုပ်ရပ်ကို ဆန့်ကျင်ခဲ့သူဖြစ်သည်။ သူ၏ ကိုရီးယားအပေါ် စေတနာမှာ တအူတုံဆင်း ညီနောင်အချင်းချင်း ချစ်ကြည်စွာပေါင်းစည်းရေးပင်ဖြစ်သည်။

ဆရာ၏ နိုင်ငံရေး ယဉ်ကျေးမှု ဆောင်းပါးများက ပေးသော ဆရာ့အမြင်၊ ယုံကြည်ချက်တို့မှာ ဘက်ရှိပါသည်။ အမှန်တရားဘက်၊ မေတ္တာတရားဘက်၊ အဖိနှိပ်ခံ လူထု၏ အကျိုးစီးပွား ဘက်အတွက်ဖြစ် သည်ဟု ခံစားရသည်။ ဆရာ၏ ရန်သူကို မိတ်ဆွေလုပ်ရေးသည် လက်နက်ကိုင်တော်လှန်ရေးတွင် ရန်သူ့လူ ကိုယ့်ဘက်ပါရေးနှင့် အနှစ်သာရ တထပ်တည်း ကျနေသည်ဟု မြင်သည်။ ရန်သူထံ တဖက်သတ် အညံ့ခံ စေ့စပ်ရေးလုပ်ခြင်းမဟုတ်ဟု ယုံကြည်သည်။

သူသည် ငြိမ်းချမ်းရေးသမား၊ ငြိမ်းချမ်းရေး ရပ်တည်ချက်ဖြင့် သမိုင်းခေတ်များကို ဖြတ်သန်းနေသူ ဖြစ်သည်။ နိုင်ငံပေါင်းချုပ်အသင်းကြီးနှင့် ကုလသမဂ္ဂ အဖွဲ့ကြီးတို့သည်ပင် ငြိမ်းချမ်းရေးကို အာမ မခံသော လုပ်ရပ်များကို သူ့ဆောင်းပါးများက ထောက်ပြဝေဖန်နေသည်။ သူနှင့် မြန်မာ၊ ကမ္ဘာ အဖိနှိပ်ခံ လူထုကြီး၏ ရောက်ရှိချင်သည့် အနာဂတ်ပန်းတိုင်သည် ပြည်သူလူထု အစိုးရသော ခေတ်၊ စနစ်ဆီသို့ ဖြစ်သည်။ တနည်းအားဖြင့် လွတ်လပ်ရေး၊ ညီညွတ်ရေး၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေး ....

၈၈၈၈ အရေးတော်ပုံ နှစ်ပတ်လည်နေ့တခုတွင်ဖြစ်သည်။ VOA အသံလွှင့်ဌာနက စီစဉ်ပြုလုပ်သော ၈၈၈၈ အမှတ်တရ စကားပြော အသံလွှင့်အစီအစဉ်တွင် ဆရာ ဒဂုန်တာရာ၊ လူထု ဦးစိန်ဝင်း နှင့် အမျိုးသားရေး ဦးဝင်းနိုင်တို့ကို ဆက်သွယ်မေးမြန်း အသံလွှင့်ခဲ့ပါသည်။ ထိုအသံလွှင့်ရာတွင် ဆရာဒဂုန်တာရာက သူ့သဘောထား၊ သူ့အမြင်ကို ခုလိုပြောခဲ့ပါသည် ....

"ကျနော်ကတော့ဗျာ ကျနော် တလျှောက်လုံး ပြောခဲ့သလို ညီညွတ်ရေး ... ငြိမ်းချမ်းရေး ပဲဗျ။ ညီညွတ်ရေး ... ရှိမှ ငြိမ်းချမ်းရေးရှိမယ် ... ငြိမ်းချမ်းရေးရှိမှ လွတ်လပ်ရေး ... ဒီမိုကရေစီရေး ... ရှိနိုင်မယ်။ ဒါပေမဲ့ သမိုင်းဆိုတာ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်တာမဟုတ်ဘူးဗျ။ ကိုယ် မဖြစ်ချင်တာလည်း ဖြစ်ရတယ် ... ဖြစ်တတ်တယ် ...."

နောက်တနေ့ စစ်အုပ်စု၏ ရေဒီယိုမှ သတင်းစာအာဘော်ပိုင်းတွင် ဆရာ ဒဂုန်တာရာ၏ အထက်ပါ VOA အသံလွှင့်ချက်ကို ဆတ်ဆတ်ခါ နာကာ အောက်တန်းကျကျ တုံ့ပြန်ထားသည်ကို နားထောင်လိုက်ရပါသည်။ သြော် .... စစ်အာဏာရှင်ဟာ ဘာလို့များ ငြိမ်းချမ်းရေး အဖိုးအိုတဦးရဲ့ ငြိမ်းချမ်းရေး သဘောထား ရပ်တည်ချက်နဲ့ သမိုင်းအမြင်ကို သိပ်ပြီး ကြောက်နေရပါသလဲ ...... ။ ။

ကမာပုလဲ 
၁၅၊ ၁၁၊ ၂၀၁၁။

စာကိုး။ ။ ရုပ်ပုံလွှာ၊ ဒဂုန်တာရာ။
နိုင်ငံရေး ယဉ်ကျေးမှု၊ ဒဂုန်တာရာ။


 

No comments: