Thursday, February 28, 2013

ရွှေစည်းခုံ အရုဏ်ပွဲ (မောင်အောင်ပွင့်)

အလို ... အညာသူ အပျိုပေါက်မလေးပါလား
ခြင်္သေ့ကြီး လက်နှစ်ဖက်ကြား
ခွေခွေလေး အိပ်နေလိုက်တာ။

သမီး လုံမငြိမ်းချမ်းရေ
ဒီမှာ သမီးအရွယ် မိန်းမသားလေး တယောက်
ဒုက္ခဆိုက်ပုံတော့
တောရိုင်း သံမဏိ လက်သီးချက်
ဒရစပ် ဖွပ်ဖွပ်ချေ
အဝတ်နွမ်းတစ ပုံချထားတဲ့အတိုင်း။


သမီးလေးရေ ထ ထ
အရူးမ သားမွေးတယ်
ထ ထ ကလေးရယ်။

မနှိုးဖြစ်ခဲ့
စောင်းတန်းရှည်မြင့် တလျှောက်
နင်းတက်လိုက်တိုင်း
အုတ်လှေကားထစ်တွေ
ညွှတ်ခွက် နိမ့်နိမ့်ကျသွား။

အရှေ့ဘက် မိုးကုပ်ကုပ်မှာ
တိမ်ပုပ်တွေကြားက
ငါးတွေ ဝမ်းဗိုက်သား
ဖွေးဖွေးဖြူလို့
အရုဏ် ပေါ်ပြီ။ ။

မောင်အောင်ပွင့် 
၎၊ ၈၊ ၁၉၉၁။

+ မောင်အောင်ပွင့် ... ဘဝမာတိကာ ကဗျာစာအုပ်မှ ...


 

No comments: