ဒဂုန်တာရာ၏ ဦးခင်မောင်မြင့်၊ မန်းဒါဝိတ်နှင့် ဗိုလ်နေဝင်း
ဆရာ၏ လ္ဘက်ရည်ကြမ်းကား ခဏကလေးနှင့်ပင် ကျိုပြီးသွားသည်။ ကျနော်တို့မှာ ထိုင်ရမလို၊ ထရမလို၊ ဝိုင်းကူရမလိုနှင့် ချီတုံချတုံ။ အမြင်အားနည်းသူ အဖိုးကြီးတဦး၏ အန္တရာယ်များလှသော လ္ဘက်ရည်ကြမ်းကို သောက်ရသည်မှာ ရင်တထိတ်ထိတ်၊ ရင်တခုန်ခုန်ဖြင့် သောက်နေရသည်ကို ...။
"ဦးခင်မောင်မြင့် ထောင်ထဲမှာ ကျဆုံးသွားခဲ့ပြီ ဆရာ"
"သြော် ... ဟုတ်လား"
စကားဝိုင်းကား ခေတ္တတိတ်ဆိတ် ငြိမ်သက်သွားသည်။
"မှတ်မိနေသေးတယ်ဗျ။ ဗိုလ်နေဝင်း တိုင်းပြည်အာဏာသိမ်းလိုက်တုန်းက၊ ၁၉၆၂ ကပေါ့။ ကိုခင်မောင်မြင့် ကျနော့်ဆီ အမှတ်မထင် ရောက်လာတယ်။ အပေါ်က ဟာဝေယံ ရှပ်အင်္ကျီနဲ့၊ အောက်က ဘောင်းဘီရှည်နဲ့ဗျ။ ရုပ်ဖျက်ထားတယ်ပေါ့ဗျာ။ ဒါပေမဲ့ ကျနော်က သူ့ကို မြင်မြင်ချင်း မှတ်မိနေတယ်"
ဆရာသည် ဦးခင်မောင်မြင့် ကျဆုံးသွားသော သတင်းကို မသိရသေး။ ဆရာ့ မိတ်ဆွေများ၊ ရဲဘော်များက တမင်မပြောဘဲ ထားလေသလား။ ကျနော်တို့မှာ ပြောလက်စနှင့် မထူးတော့ပြီ။ ဆရာသည် သူ့ဟန်အတိုင်း ငေးငေးဆဆ အတွေးများဖြင့် သူ့မိတ်ဆွေ ရဲဘော်ကြီး ဦးခင်မောင်မြင့် (အဆိုတော် ကိုသန်းလှိုင်၏ အကို၊ ဖက်ဆစ်တော်လှန်ရေး ရဲဘော်ကြီး၊ ပမညတ၏ နိုင်ငံရေးခေါင်းဆောင်တဦး၊ ပြည်သူ့တိုးတက်ရေး ပါတီ PPP ၏ ဥက္ကဋ္ဌ၊ ထိုစဉ်က နဝတ စစ်အစိုးရ၏ နောက်ကွယ်တွင် ဗိုလ်နေဝင်း ရှိနေ၊ ကြိုးကိုင်နေကြောင်း အစည်းအဝေးတွင် ရဲရဲတောက် ဖွင့်ချခဲ့သူ) အကြောင်းကို စဉ်းစားနေပုံရသည်။
"ကျနော့်ရဲ့ ဆိတ်ဖလူးရနံ့တွင် မိမိကိုယ်ကိုယ် ရှိဖွေတွေ့ရှိခြင်း ..."
"ဟုတ်ကဲ့ ဖတ်ဖူးတယ် ဆရာ"
"အင်း အဲဒီထဲမှာ ကျနော်က အတွေးစက်ဝိုင်းကို ကျုံ့လိုက်တယ်လို့ ရေးခဲ့တယ်။ အဲဒါကို သူတို့က ကျနော် တရားလိုင်းဘက် ရောက်သွားပြီလို့ ထင်သွားပုံ ရတယ်ဗျ"
ဆရာသည် ပြောရင်းက အပြုံးဖြင့် ငေးရီနေသည်။
"တခုက ... ကျနော်က အဲဒီထဲမှာ နိုင်ငံရေးမှူးလို့ သုံးထားတယ် ... ဟုတ်တယ်။ အဲဒီအသုံးကို သူတို့က မကြိုက်ကြဘူး။ ပြင်ပေးပါတဲ့။ ဒါနဲ့ ကျနော်က စည်းရုံးရေးမှူးလို့ ပြင်ပေးလိုက်တယ်။ အဲ ... အဲဒါ သူတို့ လက်ခံသွားတယ်။ အဲဒီအတိုင်း ပုံနှိပ်ခွင့်ပေးလိုက်တယ်။ ရယ်ရတယ်ဗျာ ... ခင်ဗျားတို့ စဉ်းစားကြည့် နိုင်ငံရေးမှူးနဲ့ စည်းရုံးရေးမှူး ...."
ထိုစဉ် စောစောက ပြေးထွက်သွားသော ဒေဝီကလေး အိမ်ထဲ ပြန်ဝင်လာသည်။ လက်ထဲတွင် ပန်းကန်ကလေးတချပ်နှင့်။ ပန်းကန်ထဲတွင် လက်မလုံးခန့် ကြံအသေးမျိုး ကြံချောင်းကလေးများကို လက်နှစ်ဆစ်ခန့် ဖြတ်တောက်ထားကာ ယူလာပါသည်။ ဆရာနှင့် ကျနော်တို့အကြား စားပွဲခုံ နိမ့်နိမ့်ကလေး တခုချ၍ ကြံပန်းကန်ကလေးကို တင်လိုက်သည်။
"ဖိုးဖိုး ... စား။ ဧည့်သည်တွေ စားနော်"
"ဟုတ်ကဲ့ပါဗျာ" ဒေ၀ီသူမသည် ထိုသို့ ဧည့်ဝတ်ပြုရင်း သူ့သူငယ်ချင်းများနှင့် ဆော့ကစားရန် ပြန်လည် ပြေးထွက်သွားပါသည်။
"ကျနော့်ရဲ့ မာယာ ကဗျာစာအုပ် ဖတ်ဖူးကြလား"
"ဖတ်ဖူးတယ် ဆရာ"
"အဲ ... အဲဒီထဲမှာ ... ခဝဲပွင့်၏ ဆုံးမခန်း ကဗျာ ပါတယ်ဗျ။ ကျနော်ရေးတာက မန်းက ရယ်မော လို့ ရေးတာ။ အဲဒါကို စာရိုက်တဲ့သူက ပန်းက ရယ်မောလို့ ရိုက်လိုက်တယ်။ အဲဒီအတိုင်း ပုံနှိပ်မှာပါလာတယ်။ ကျနော်ကလည်း မျက်လုံးက အားမကောင်းတော့ အရင်လို မစစ်နိုင်ခဲ့ဘူး။ ကျနော်ပြောတဲ့ မန်း က ကျနော်နဲ့အတူ အင်းစိန်ထောင်မှာ ထောင်ကျဖက် မန်းဒါဝိတ် ကို ရေးတာ။ အဲဒါ တကယ့်အဖြစ်အပျက်ဗျ´
ဆရာ့ကို သူ၏ အတိုက်အခံစာရေးဆရာများက စကားလုံးအသစ်ထွင်ရာတွင် လျှပ်ပေါ်လော်လည်သည်ဟု ရေးသားပြောဆို တိုက်ခိုက်ခဲ့ကြသည်။ ဆရာ၏ ဝေါလ်ဒစ္စနေ အပြာ၊ ဝတ်လစ်စလစ် လမ်းမကြီး ဆိုသည့် စကားလုံးသစ်များ။ လေနုအေးသည်ကား ယနေ့ထိ ကဗျာရေးသူ၊ သီချင်းရေးသူ၊ ရသစာတမ်း ရေးသူများ၏ နှလုံးသားလက်စွဲ စကားလုံးအဖြစ် ထင်ကျန်နေပါသည်။ ထို့အပြင် ခေတ်ပြိုင်ခံစားမှု၊ ရုပ်ပုံလွှာ ... စသည်ဖြင့်။
ဆရာနှင့် စာပေရေးရာတွင် အတိုက်အခံ ဖြစ်ခဲ့သူများ ရှိပါသည်။ ထိုအတိုက်အခံဖြစ်ခဲ့သူများသည် ဆရာ့ကို နောက်ဆုံးတွင် နားလည် လက်ခံသွားခဲ့သည်။ တလောလေး နှစ်များဆီက စာရေးဆရာ ဇော်ဇော်အောင်သည် ဆောင်းပါးဖြင့် ဆရာ့အပေါ် သူ့အမြင်မှားခဲ့သည်ကို ဝန်ချတောင်းပန်ခဲ့သည်။ ငယ်ရွယ်စဉ် ဂိုဏ်းဂဏ စိတ်အစွဲဖြင့် တိုက်ခိုက်ခဲ့မိခြင်း ဖြစ်ပါသည်ဟု ဆောင်းပါးဖြင့် တရားဝင် တောင်းပန်ခဲ့သည်။
ဒေဝီကလေး အိမ်ထဲပြန်ဝင်လာပါသည်။ ဆရာသည် မြေးဖြစ်သူ၏ ကြံချောင်းကလေးများကို လက်ဖြင့် စမ်းကာ စားနေသည်။ ဒေဝီကလေးက သူ့ကြံချောင်းကလေးများကို သူ့အဖိုး စားနေသည်ကို ကြည့်၍ ကြည်နူးနေသည်။ ကျနော်ထို့မှာ ထိုမြင်ကွင်းကိုကြည့်ရင်း အံ့သြရသည်။ ဒါဟာ လူတယောက်ရဲ့ မှန်ကန်သည့် စေတနာကို လက်တွေ့ကျကျ အသိအမှတ်ပြုလိုက်တာပဲ။ ယခု ထိုလူတယောက်သည်ကား သုံးနှစ် လေးနှစ်အရွယ် ကလေးငယ်မလေး။ ဆရာက သူ့မြေးကလေးနှင့် စကားပြောရာတွင်လည်း ကျနော်နှင့်၊ ခင်ဗျားနှင့်သာ သုံးနှုံးပြောဆိုနေသည်။ စကားဝိုင်းက ဗိုလ်နေဝင်းဆီ ရောက်သွားသည်။ ဦးခင်မောင်မြင့်အကြောင်းပြောရာမှ ဆက်သွားခြင်း ဖြစ်သည်။
"ဗိုလ်နေဝင်းမှာ ဉာဉ်တခု ရှိတယ်ဗျ။ စကားလုံးအရ ဘယ်လိုပြောမလဲ .... ဖဲသမားဉာဉ် ..."
"ကလိန်ကကျစ်ဉာဉ်မျိုးလားဆရာ"
"မဟုတ်သေးဘူးဗျ။ ဖဲသမားဉာဉ် .... ဒီလိုလေဗျာ သူနဲ့အတူ ကစားနေတဲ့ ဖဲဝိုင်းထဲက လူတွေမှာ ဘာဖဲကိုင်ထားတယ်ဆိုတာ သိသလိုမျိုး .... ဆိုတော့ ဖဲသမားဉာဉ်ပါ့ဗျာ။ ပြီး သူက လူတော်တယောက်ဗျ ... ဒါပေမဲ့ ..."
"မကောင်းတဲ့ဘက်မှာ တော်တဲ့သူပေါ့ဆရာ"
"ဟုတ်တယ် ... ခင်ဗျားတို့ပြောတာ ဟုတ်တယ် ... သူက မကောင်းတဲ့ဘက်မှာ တော်နေတာ"
အချိန်ကား ညနေစောင်းခဲ့ပြီ။ ဆရာနှင့် တွေ့ဆုံရသည်မှာ အတော့်ကို ရင်ခုန်လှုပ်ရှားဖွယ် ဖြစ်သည်။ ကဗျာကို တွေ့ရှိရသည်။ ပန်းချီကို ခံစားရသည်။ ကိုယ်မမီလိုက်သည့် သမိုင်းကို ကိုယ်တိုင် ဖြတ်သန်းနေရသလိုလို ....
၁၉၁၉ ခုနှစ် မေလ ၁၀ ရက်နေ့တွင် မြစ်ဝကျွန်းပေါ် ကျိုက်လတ်မြို့ ထိုင်ကူမြစ်တန်း ကျေးရွာကလေးတွင် ဖွားမြင်ခဲ့သော၊ ၁၉၃၆ ကျောင်းသားသပိတ်၌ ရန်ကုန်မြို့ ဂျူဗလီဟောတွင် ကျင်းပသော ပထမဆုံး ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံသို့ ကျိုက်လတ်မြို့ ကျောင်းသားကိုယ်စားလည်အဖြစ် တက်ရောက်ခဲ့သော၊ ရန်ကုန် တက္ကသိုလ်သို့ ကိုယ်ပိုင် စန္ဒယားဖြင့် စစ်ကိုင်းဆောင်တွင် အဆောင်နေ တက်ရောက်ခဲ့သော၊ ၁၉၃၈ ခုနှစ်တွင် (ဝန်ကြီးများရုံး) သို့ ကျောင်းသားများ ဝိုင်းပတ်ချီတက် ဆန္ဒပြရာတွင် ကျောင်းသားခေါင်းဆောင် ဗိုလ်အောင်ကျော်တို့နှင့်အတူ ပါဝင်ဆင်နွှဲခဲ့သော၊ ကျောင်းသားခေါင်းဆောင် ကိုဘဟိန်း၏ အရင်းနှီးဆုံး မိတ်ဆွေ ရဲဘော်ဖြစ်သူ၊ ဗန်းမော်တင်အောင်၏ စာပေရဲဘော်ကြီး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးတို့တွင် တက်ကြွလှုပ်ရှားခဲ့သူ .... ကိုဌေးမြိုင် (ခေါ်) ဆရာ ဒဂုန်တာရာ ....။
ဆရာသည် ယနေ့အထိ ငြိမ်းချမ်းရေးအပေါ် ယုံကြည် ရပ်တည်နေခဲ့၊ ရပ်တည်နေဆဲ ဖြစ်သည်။ သူ၏ ငြိမ်းချမ်းရေး ရပ်တည်ချက်မှာ လူကြားကောင်းအောင်၊ ခါတော်မီ ရပ်တည်ချက်မျိုး မဟုတ်။ သူ့၏ သမိုင်းဖြတ်သန်းမှု၊ သူ၏ သမိုင်းအတွေ့အကြုံအရ ငြိမ်းချမ်းရေးကို ယုံကြည်ရပ်တည်ခြင်း ဖြစ်သည်။ သူ၏ ငြိမ်းချမ်းရေး ရပ်တည်ချက်တွင် ဘက် ရှိသည်ကို တွေ့ရှိ ခံစားရသည်။ အမှန်တရားဘက်၊ မေတ္တာတရားဘက်၊ အဖိနှိပ်ခံတို့ဘက်မှ ဖြစ်သည်ဟု ခံစားရသည်။ ဆရာသည် ငြိမ်းချမ်းရေး၏ ရန်သူစစ်ကို ဆန့်ကျင်သူဖြစ်သည်။ စစ်ကို ဆန့်ကျင်သဖြင့် တကမ္ဘာလုံးရှိ စစ်အုပ်စု၊ စစ်အာဏာရှင်၊ စစ်အစိုးရကိုလည်း လက်မခံ။ ဆန့်ကျင်သည်။ စစ်ဖြင့် အကျိုးစီးပွားရှာဖွေ ဖြစ်ထွန်းနေမှုများကို မည်သို့ လက်ခံနိုင်ပါမည်နည်း ...။ ဆရာသည် အီဗော်လူးရှင်း အင် ရီဗော်လူးရှင်း ကို လက်ခံယုံကြည်သူ ဖြစ်သည်ဟု သူ့စာများတွင် ဖတ်ခဲ့ရဖူးပါသည်။ ဆရာသည် တော်လှန်ရေးကို လက်ခံယုံကြည်သူ ဖြစ်သည်။ လက်မခံ၊ ပစ်ပယ်နေသူ မဟုတ် ....။ တဆက်တည်းတွင် သူသည် ငြိမ်းချမ်းရေးရပ်တည်ချက်၊ ငြိမ်းချမ်းရေးသမား ...။
"ကျနော်တို့ ပြန်လိုက်ပါဦးမယ် ဆရာ"
"သြော် .... ဟုတ်ပြီ"
ခြံဝရောက်တော့ ဆရာ့ မဲဇာကျေးလက် အိမ်ကလေးကို ပြန်လှည့်ကြည့်မိသည်။ အိမ်အဝင် တံခါးဝတွင် အပြုံးဖြင့် ငေးရီနေသော ဆရာ့ကို တွေ့ရသည်။ အပြန်လမ်းတွင် ကျနော်နှင့် သူငယ်ချင်းဖြစ်သူ နှစ်ဦးသည် ကိုယ်စီ အတွေးများဖြင့် ...။ ။
+ (ဖထီးမန်းဒါဝိတ်သည် ၈၈၈၈ အရေးတော်ပုံနောက်ပိုင်း နိုင်ငံရေးမှုဖြင့် နှစ်ရှည် ထောင်ကျ အကျဉ်းသားအဖြစ် ထောင်ထပ်ကျကာ အကျဉ်းထောင်ထဲတွင်ပင် ကျဆုံးခဲ့သူ ဖြစ်သည်)
ကမာပုလဲ
၁၃၊ ၁၁၊ ၂၀၁၁။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment