"အချို့မီဒီယာသမားများကား မာန်ကြီးလွန်းလှသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊
တရားစီရင်ရေး ကြိုက်တဲ့ကဏ္ဍက မှားရဲလျှင် မှားကြည့်ကြစမ်း၊ တို့နဲ့
တွေ့သွားမယ်၊ ဘာမှတ်လို့လဲ ဆိုသော မာန်မျိုးဖြစ်ပါသည်။ ၎င်းစိတ်ဓာတ်မျိုးသည်
မိမိကိုယ်ကို မဏ္ဍိုင်ကြီးသုံးရပ်ရဲ့ အထက်ကပဲ ရှိနေသလိုလို၊ အားလုံးက
ကိုယ့်လက်ခုတ်ထဲက ရေလိုလို စဉ်းစားမှုမျိုး ဖြစ်ပါသည်။ တကယ်တော့ မီဒီယာသည် ..."
လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က အိုဘယ့် တို့မီဒီယာ ဆိုတဲ့ ဆောင်းပါးတပုဒ်ကို ရေးခဲ့ဖူးသည်။ အဲ့ဒီတုန်းက ဖိနှိပ်သူနဲ့ အဖိနှိပ်ခံတို့ရဲ့တိုက်ပွဲမှာ မီဒီယာသမားအချို့ကို အဖိနှိပ်ခံတို့ဘက်က ရပ်တည်ပေးကြဖို့ တိုက်တွန်းခဲ့ဖူးသည်။ ဒါကလည်း အခြေအနေ အချိန်အခါရဲ့လိုအပ်ချက်ကြောင့်ပင် ဖြစ်သည်။
တကယ်က မီဒီယာဆိုတာဘာလဲ၊ မီဒီယာ၏ သဘောသဘာဝကဘာလဲ၊ အဘယ်ကဲ့သို့ဖြစ်သင့်သည် စသည့် သီအိုရီလာ သဘောတရားများကို ကျနော်တို့ လေ့လာတီးခေါက်မိပြီး ဖြစ်ပါသည်။ လွတ်လပ်ပွင့်လင်းသော ဝန်းကျင်တခုအောက်တွင် မီဒီယာ၏အခန်းကဏ္ဍက မည်သို့ဖြစ်သင့်သည် ဆိုသည်ကိုလည်း အခွင့်သင့်တိုင်း ဆွေးနွေးခဲ့ကြဖူးပါသည်။
ကျနော့်မိတ်ဆွေတစ်ယောက်ကတော့ မီဒီယာရဲ့အသက်ဟာ ကြားနေရေးဟု ခိုင်ခိုင်မာမာ ကြွေးကြော်လေ့ရှိပါသည်။ သူ့ဌာနရဲ့အရေးအကြီးဆုံးမူက ကြားနေရေးဖြစ်သည်ဟုလည်း မကြာခဏ ဆိုလေ့ရှိပါသည်။ ဘက်မလိုက်တာဟာ တကယ်ပဲ ဘက်မလိုက်ကြဘူးလား၊ ဒါက ကျနော် မကြာခဏတွေးမိခဲ့သော အတွေးဖြစ်ပါသည်။ ကျနော့်အတွက်တော့ ကမ္ဘာပေါ်မှာ ဘက်မလိုက်သော မီဒီယာမျိုးရှိနေသည်ဟု ခုချိန်ထိ မသတ်မှတ်ဝံ့သေးပါ။ ကျနော်ညံ့တာလည်း ဖြစ်နိုင်ပါသည်။
အရင်ကတော့ မီဒီယာဟုဆိုလျှင် သတင်းစာနှင့် စာနယ်ဇင်းများ၊ ရေဒီယို၊ တီဗီ အစရှိသည်တို့ ကိုသာ လွယ်လင့်တကူ မျက်စိထဲပြေးပြီး မြင်မိတတ်ကြသည်။ ခုတော့ ဆိုရှယ်မီဒီယာဆိုတာတွေလည်း ပေါ်လာခဲ့ပြီ။ မိသားစုတစ်စုချင်း၊ တစ်ဦးတစ်ယောက်ချင်း ကိုယ်စီက ကိုယ့်ရဲ့ နေ့တဓူဝ ထုတ်ပြန်ကြေညာချက်ပေါင်းစုံကို ကမ္ဘာကြီးသိအောင် စက္ကန့်ပိုင်းနဲ့အမျှ တင်ပြနေကြပြီ။ ဆိုကြပါစို့ လူတိုင်းနီးပါးက မီဒီယာသမားတွေဖြစ်လာဖို့အရေးကား မဝေးတော့ပြီဟု ဆိုနိုင်သည်။
အချိန်အခါကလည်း ဒီမိုကရေစီဆိုသည်ကို တဖွဖွရေရွတ်၍ ကောင်းနေသော အချိန်မျိုးဖြစ်သည်။ လွတ်လွတ်လပ်လပ် ပြောနိုင်ဆိုနိုင် တွေးနိုင်ရေးနိုင်သည်ဆိုသော ကောင်းကင်ကျယ်ကြီးအောက်တွင် ဒါမှငါကွ ဟု လက်သွေးလိုက်ရတာကိုမှ ဂုဏ်ယူစရာတစ်ခုလို ဖြစ်နေသော အခြေအနေမျိုး ဖြစ်သည်။
လောကဓမ္မတာအတိုင်းပင်ဟု ဆိုရမည်။ အကောင်းတွေရော၊ အဆိုးတွေရော ဒွန်တွဲကာ ပါလာစမြဲဖြစ်သည်။ အချို့ကလည်း ကွန်ပြူတာတစ်လုံးရှိလျှင် ရမ်းချင်တိုင်း ရမ်း၍ရသည်ဟု ထင်လာကြသည်။ ဒါကိုပင် ဒီမိုကရေစီဟု လွဲလွဲမှားမှားဆိုသူက ဆိုသေးသည်။
ကျနော့်သူငယ်ချင်းတစ်ယောက်က ဘလော့ဂ်ကလေးတစ်ခု သူလုပ်ထားသည့်အကြောင်း၊ အားရင် ဝင်ကြည့်ပေါ့ဟုဆိုကာ သူ့ဘလော့ဂ်၏လိပ်စာကလေးကို ပေးသည်။ ကျနော်က သူ့ကိုယ်ပိုင် မီဒီယာလေးအတွက် ကွန်ဂရက်ကျူးလေးရှင်း လုပ်လိုက်ပါသည်။ မင်းဘလော့ဂ်မှာ ဘာတွေရေးမှာမို့လဲဟု ကျနော်က ထပ်မေးမိပါသည်။ သူက ငါ့ဘလော့ဂ်မှာ ငါ ရေးချင်တာ လွတ်လွတ်လပ်လပ် ရေးမယ်၊ ဒါပေမယ့် ဘယ်သူ့ကိုမှ မစော်ကားမိစေရဘူး၊ ဒါ ငါ့ဘလော့ဂ်ရဲ့မူပဲဟု ပြုံးပြီး ပြောပါသည်။
သူက စာရေးကောင်းသူဖြစ်သော်လည်း မီဒီယာသမားတစ်ယောက်တော့ မဟုတ်ခဲ့ပါ။ ခုတော့ ကိုယ်ပိုင် မီဒီယာလေးတစ်ခုကို မြေစမ်းခရမ်းပျိုးလိုက်စဉ်မှာပင် ဒီမိုကရေစီကို ရိုသေကြောင်း သူ ပြသလိုက်ပါသည်။ သူ့ဘလော့ဂ်ကလေးကို ဝင်မဖတ်မီကပင် ကျနော်က ကြိုတင်ပြီး ကျေနပ်သွားပါသည်။ လူတိုင်း ဒီလိုမူမျိုးလေးတွေ သတ်မှတ်ထားလိုက်လျှင် ဘယ်လောက်ကောင်းမလဲ။
လူတွေက ဒီမိုကရေစီအကြောင်းကို ပြောကြလျှင် လွတ်လပ်စွာ ပြောဆိုခွင့် တွေးတောခွင့် ရေးသားဖော်ပြခွင့် ယုံကြည်ကိုးကွယ်ခွင့်စသဖြင့် အခြေခံဒီမိုကရေစီ အခွင့်အရေးတွေအကြောင်းကိုသာ ရေပက်မဝင် ပြောကြလေ့ရှိသည်။ နိုင်ငံရေးအရဆိုလျှင်တော့ ဒီမိုကရေစီနည်းကျ ရွေးကောက်ပွဲမျိုးအကြောင်းတွေ ဖြစ်သည်။
တကယ်တော့ ဒီမိုကရေစီဟုဆိုလျှင် ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှုနှင့် တာယန်ခံမှု၊ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားမှု စသည့် အရေးတကြီး တန်ဖိုးများကို လစ်လျှူရှုထား၍ မရ။ ဒီအချက်များကို လစ်လျူရှုပြီး အခြေခံဒီမိုကရေစီ အခွင့်အရေးများကို လက်လွတ်စပယ်ကျင့်သုံးပါက အနိမ့်ဆုံးအဆင့် ဆားမပါသောဟင်းကဲ့သို့ ပေါ့ပျက်ပျက်နိုင်လိမ့်မည်။ အမြင့်ဆုံးအဖြစ် ဒီမိုကရေစီ အဆိပ်သင့်မှုများဆီအထိ ဦးတည်သွားနိုင်သည်။
ဥပမာဆိုပါစို့၊ ကျနော်က လွတ်လပ်စွာ တွေးခေါ်သည်၊ လွတ်လပ်စွာ ရေးသားသည်၊ လွတ်လပ်စွာ ဖော်ထုတ်သည်၊ လွတ်လပ်စွာ ပြောဆိုချင်ရာကို ပြောဆိုမည်။ သို့ပေမင့် ကျနော့်စကားကို ကျနော်တာဝန်မခံ၊ ခိုင်လုံမှုနဲ့ပတ်သက်၍လည်း ပေါ့ပေါ့တန်တန်၊ အခြားသူများကိုလည်း မလေးစား၊ ကိုယ်ကသာ ဝေဖန်မည်။ ကိုယ့်ကို ပြန်လှန်ဝေဖန်လာလျှင် ကဲကဲဆတ်မျှ အထိမခံ၊ အခြားသူ၏ ယုံကြည်မှုကို နည်းနည်းမှ အသိအမှတ်ပြု လေးစားမပြနိုင်။ ဒါတောင် ကျနော်ဟာ ဒီမိုကရေစီသမားတစ်ယောက်အဖြစ် လူထူတိုင်း လက်မထောင်ပြနေသည်ဆိုလျှင် သင့်တော်ပါ၏လော။
လမ်းမပေါ်မှာ ဆေးရိုးတွေလှမ်းတာကို လွတ်လပ်ရေး မဟုတ်ဘူးဟု ဗိုလ်ချုပ်အောင်ဆန်းက သမိုင်းမှာ ထောက်ပြခဲ့ပြီးပါပြီ။ စံနစ်တိုင်းမှာ မူဘောင်ရှိသလို ဒီမိုကရေစီစံနစ်မှာလည်း သူ့နယ်နမိတ်နှင့်သူ ရှိပါသည်။ လူတိုင်းမှာ ပြောရေးဆိုခွင့်တွေ ပိုရှိလာတာ၊ ဝမ်းသာစရာကောင်းပါသည်။ ဆိုရှယ်မီဒီယာ အသေးလေးတွေ ဖွံ့ဖြိုးလာတာကိုလည်း အကောင်းဘက်ကနေ ရှုမြင်နိုင်ပါသည်။ အကူးအပြောင်းကာလတွေ စပ်ကူးမတ်ကူးကာလတွေမှာ လိုအပ်သလောက် စံချိန်စံညွှန်းများ မပြည့်မီနိုင်သေးသည်ကိုလည်း နားလည်မှုပေးနိုင်ကြပါသည်။
တကယ်တော့ မြန်မာ့ဒီမိုကရေစီခရီးကား ခရီးမပေါက်လှသေးပါ။ ဒဏ်ရာဒဏ်ချက်တွေကြားထဲက ရုန်းထဖို့ ကြိုးစားနေရတုန်းပင် ဖြစ်ပါသည်။ မီဒီယာအသေးကလေးတွေ မဆိုထားနှင့် မီဒီယာအကြီးကြီးများပင်လျှင် ယနေ့ အကူးအပြောင်းကာလတွင် လှိုင်းဒဏ်လေဒဏ်ကို ခံနေကြရပါသည်။
မီဒီယာအက်တစ်ဗစ်ဆိုသော စကားလုံးဝေါဟာရ အသစ်များလည်း ပေါ်လာပါသည်။ မီဒီယာသမားဆိုတေသာ အဓိပ္ပာယ်နှင့် အက်တစ်ဗစ်ဆိုသော အဓိပ္ပာယ်က များစွာကွာခြားပါသည်။ မီဒီယာသမားစစ်စစ်ဟုခံယူလျှင် ဘက်မလိုက်ရပါ။ အက်တစ်ဗစ်တွေမှာတော့ ဘက်ရပ်တည်မှု တစ်ခုခုကို ကိုယ်စားပြုကြတာ များပါသည်။ အက်တစ်ဗစ်တစ်ယောက်ဟာ မိုက်ကရိုဖုန်း သို့မဟုတ် ကင်မရာတို့ကို သူ့ အထေက်အကူပြုပစ္စည်း သို့မဟုတ် လက်နက်အဖြစ် အသုံးပြုနိုင် အသုံးချနိုင်ပါသည်။ ထိုမျှလောက်ဖြင့် သူဟာ မီဒီယာသမားတစ်ယောက်အဖြစ် ခံယူဖို့ ထိုက်တန်ပါပြီလား။
သတင်းထောက်သည် သတင်းရှိရာကို ရောက်အောင်သွားဖို့ ကြိုးစားကြရပါသည်။ သည်အချက်က ရိုးရှင်းပါသည်။ သို့သော် သတင်းတွေ မဖြစ်ဖြစ်အောင် သတင်းထောက်များက ဖန်တီးနေကြသည်၊ သို့တည်းမဟုတ် ကြိုတင်လှုံ့ဆော် ဝါဒဖြန့်နေကြပြီဟုဆိုလျှင်တော့ ဒါဟာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခုဖြစ်နေပြီဟု လက်ခံရတော့မှာပဲ ဖြစ်ပါသည်။ အက်တစ်ဗစ်များက မီဒီယာယန္တယားကို အသုံးချကြသောအခါ ထိုဝေါဟာရက နေ့ချင်းညချင်း ခေတ်စားလာပါသည်။ မီဒီယာအက်တစ်ဗစ်ဟု ဖြစ်ပါသည်။
အချို့သူများသည် လုပ်နည်းလုပ်ဟန်များကသာ အက်တစ်ဗစ် သဘောဆောင်နေသော်လည်း တဖက်ကလည်း မီဒီယာသမားစစ်စစ်ဟု ဂုဏ်ခံနေချင်ကြသေးပြန်ပါသည်။
ကျနော်က မီဒီယာ သို့မဟုတ် မီဒီယာသမား ဆန့်ကျင်သူမဟုတ်ပါ။ မီဒီယား၏ အရေးပါမှု၊ အရေးကြီးမှုနှင့် တန်ဖိုးရှိမှုတို့ကို ကောင်းစွာ သဘောပေါက်သူတစ်ဦး ဖြစ်ပါသည်။ ဒီမိုကရက်တစ် လူ့အဖွဲ့အစည်းတွင် မီဒီယာ၏အခန်းနှင့် နေရာကို လေးလေးစားစား အသိအမှတ်ပြုနိုင်သူ ဖြစ်ပါသည်။ ဒီမိုကရေစီစံနစ်တွင် အပြန်အလှန် ထိန်းညှိရေး ယန္တယားကလည်း အရေးပါလှပါသည်။
အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတို့မှာ အရေးကြီးလှသလို မီဒီယာ၏ စတုတ္ထမဏ္ဍိုင်နေရာမှာလည်း ဒီမိုကရေစံနစ်အတွက် လှပသော လက်ဆောင်တစ်ခုအဖြစ် ခိုင်ခန့်စွာ တည်ရှိနေပြီး ဖြစ်ပါသည်။
အချို့မီဒီယာသမားများကား မာန်ကြီးလွန်းလှသည်။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကြိုက်တဲ့ကဏ္ဍက မှားရဲလျှင် မှားကြည့်ကြစမ်း၊ တို့နဲ့ တွေ့သွားမယ်၊ ဘာမှတ်လို့လဲ ဆိုသော မာန်မျိုးဖြစ်ပါသည်။ ၎င်းစိတ်ဓာတ်မျိုးသည် မိမိကိုယ်ကို မဏ္ဍိုင်ကြီးသုံးရပ်ရဲ့ အထက်ကပဲ ရှိနေသလိုလို၊ အားလုံးက ကိုယ့်လက်ခုတ်ထဲက ရေလိုလို စဉ်းစားမှုမျိုး ဖြစ်ပါသည်။ တကယ်တော့ မီဒီယာသည် အုပ်စိုးသူနှင့် အုပ်စိုးခံတို့အကြား အပြန်အလှန် ပေါင်းကူးပေး၊ ကာကွယ် စောင့်ရှောက်ပေး၊ ထိန်းကျောင်းပေးသော သိက္ခာလည်းရှိ သြဇာလည်းရှိရမည့် အဖိုးတန်ယန္တရားတစ်ခုသာလျှင် ဖြစ်ပါသည်။
ဒီမိုကရေစီစံနစ်တွင် မီဒီယာများကိုယ်တိုင်က သိက္ခာလည်းရှိ သြဇာလည်းရှိမှသာ မိမိလူ့အဖွဲ့အစည်းကို စောင့်ရှောက်နိုင်မှာ ဖြစ်ပါသည်။ မကြာသေးခင်က မြန်မာပြည်တွင်းတွင် မီဒီယာအုပ်စုတစ်ခုနှင့် အခြားမီဒီယာသမား အုပ်စုများအကြား အငြင်းပွားမှု၊ အပြန်အလှန် စွပ်စွဲမှု၊ ကြေညာချက်ထုတ်ပြန်မှုများ စသဖြင့် အကျယ်အကျယ် မငြိမ်းဖွယ်ရာများဖြစ်ပွားခဲ့ရာ မီဒီယာသမားများ မှားနေလျှင်ကော ဘယ်သူက ထောက်ပြကြမှာလဲ၊ တည့်မတ်ပေးကြမှာလဲ၊ အခြားမီဒီယာသမားတွေ အချင်းချင်းကရော နှာစေးနေကြသလားဆိုပြီး မေးခွန်းများ ထွက်ပေါ်လာကြပါသည်။ မီဒီယာသမားများအနေနှင့် အနိုင်ရလိုမှုတစ်ခုတည်းကိုသာ ရှေ့ရှုရင်း ၎င်းတို့ပြဿနာအတွင်းသို့ အခြားသော ရဟန်းရှင်လူများကိုပါ စည်းရုံးဆွဲသွင်းမှုမျိုးကို တွေ့လာရသဖြင့် အားလုံးက စိတ်မသက်မသာ ဖြစ်ခဲ့ကြရသော အခြေအနေမျိုး ဖြစ်ပါသည်။
မြန်မာပြည်တွင် စတုတ္ထမဏ္ဍိုင် ဖွံ့ဖြိုးဖို့ဆိုလျှင် အားလုံးမှာ တာဝန်ရှိသည်ဟု ဆိုရပါမည်။ အားလုံး၏အထက်မှာ ဥပဒေ ရှိပါသည်။ ဥပဒေ၏အထက်မှာ မည်သူမျှ မရှိရပါ။ မီဒီယာသမားများ ဥပဒေချိုးဖောက်လျှင် ဥပဒေက အရေးယူပါလိမ့်မည်။
တနှစ် နှစ်နှစ်အတွင်း မီဒီယာသမားတွေ အပြိုင်းအရိုင်း ပေါ်လာကြသည်။ အပြိုင်အဆိုင် ဖူးကြပွင့်ကြသည်။
ရင့်ကျက်လာဖို့အတွက်တော့ ကျနော်တို့ အချိန်ပေးကြရပါမည်။ သီအိုရီရော လက်တွေ့ပါ ပေါင်းစပ်ရင်းဖြင့် မကြာမီ တိုးတက်လာကြမည်ဟု မျှော်လင့်ရပါသည်။ ဝမ်းစာမပြည့်စုံကြသေးလျှင် ဖြည့်ကြရပါမည်။ အခြားဖြတ်လမ်း မရှိပါ။
အုပ်စိုးနိုင်
No comments:
Post a Comment