လွန်ခဲ့သော ငါးနှစ်လောက်က ကျနော်တို့ဆီကို ပဲခူးကျေးလက်ဘက်က လူငယ်တဦး ရောက်လာပါသည်။ သူ့အသက်က ၂၀ ဝန်းကျင်လောက်ပဲရှိပါသေးသည်။ ပြည်တွင်းမှလာသော လူငယ်တဦးအနေဖြင့် မြန်မာပြည်တွင်းမှာ ပြောခွင့်မရခဲ့ သော စကားပေါင်းစုံ၊ မကျေနပ်ချက်ပေါင်းစုံနှင့်၊ မြိုသိပ်ထားရသမျှ ကိစ္စအဝဝကို၊ အိတ်သွန်ဖာမှောက် ကျနော်တို့အား ပြောပြခဲ့ပါသည်။
သူတို့ဒေသက ရ-ဝ-တ တွေ မကောင်းကြောင်း၊ ကြံ့ဖွံ့တွေ လူပါးဝကြကြောင်း၊ ဒေသခံတပ်ရင်းတွေက အနိုင်အထက် ပြုကြကြောင်း၊ စီကာစဉ်ကာပြောပြရာ ကျနော်တို့ကလည်း လူထုအသံ အစစ်အမှန်ကိုကြားနေရပြီဟုဆိုပြီး ကျေနပ်ပီတိ ဖြစ်နေခဲ့ရပါသည်။ သို့သော် ကျနော့်စိတ်ထဲတွင် တခုခုလိုနေသလိုခံစားရသဖြင့် သူ့အား ကျနော်တို့အသိချင်ဆုံးမေးခွန်းကို မေးခဲ့ကြပါသည်။
“ညီလေးပြောတာက ရ-ဝ-တ တို့၊ ကြံ့ဖွံ့တို့၊ တပ်ကြပ်ကြီး ဗိုလ်ကျတာတို့တော့ တော်တော်စုံသွားပြီပဲ။ ဒါတွေကလည်း ညီလေးတို့နဲ့ တိုက်ရိုက်ထိတွေ့နေရတာဆိုတော့၊ အမှန်အတိုင်း ပိုသိရတာပေါ့။ နောက်ပြီး ညီလေးတို့အနေနဲ့ အခု အုပ်ချုပ်နေတဲ့ အစိုးရအပေါ် ဘယ်လိုမြင်သလဲ၊ ဥပမာ ဗိုလ်ခင်ညွန့်တို့ ဘာတို့ကိုပေါ့”
ချာတိတ်သည် ဆယ်စက္ကန့်လောက် ငြိမ်သက်သွားပါသည်။ ပြီးမှ တလုံးချင်း သူ့အမြင်ကို ခပ်ဖြည်းဖြည်း ပြောပြပါ သည်။
“ဗိုလ်ခင်ညွန့်ကတော့ ဘုရားဒကာဗျ၊ ဗမာတပြည်လုံး သူလှူထားတဲ့ တံတားတွေကလည်း အများကြီးဗျ” … တဲ့၊ စဉ်းစားသာ ကြည့်ကြပါကုန်။ ကျနော်တို့အားလုံး ပက်လက်လန်သွားပါသည်။
နောက်ထပ်ကြုံရသော လူငယ်တယောက်မှာ ရန်ကုန် ရွှေပြည်သာမှ ဖြစ်ပါသည်။ သူက ကျနော့်ကို ပြည်တွင်းမှ လူထု၏ ဒုက္ခပေါင်းစုံကို တနာရီခန့် စီကာပတ်ကုံး ပြောပြပါသည်။ ပြည်ပမှ မြန်မာဘာသာဖြင့်လွှင့်သော ရေဒီယိုအစီအစဉ်များကို လည်း သူနားထောင်လေ့ရှိသည့်အကြောင်း၊ စစ်အစိုးရကိုဆန့်ကျင်သည့် အဖွဲ့အစည်းတခုခုကို ဝင်ရောက်လုပ်ကိုင်ရန် ဆုံးဖြတ်ထားကြောင်း၊ အားတက်သရော ပြောပြခဲ့ပါသည်။ ကျနော်က သူ့ကို …
“ဘာအကူအညီပေးရမလဲ” … ဟု ပွင့်ပွင့်လင်းလင်း မေးခဲ့ပါသည်။ သူကလည်း ယတိပြတ်ဆုံးဖြတ်ထားပြီးပုံဖြင့် ခိုင်ခိုင်မာမာ အဖြေပြန်ပေးခဲ့ပါသည်။
“ကျနော် CRPP ဝင်ချင်လို့ အကို …”
ကျနော်တို့ ဘာများမှားသွားခဲ့ကြသလဲဟု ကျနော် အထပ်ထပ်စဉ်းစားခဲ့ပါသည်။ ကျနော် ရန်ကုန်မှာရှိစဉ်က ဝါရင့်နိုင်ငံရေးသမားကြီးတဦးပြောခဲ့သော သူ၏ကောက်ချက်ကို အမှတ်ရမိပါသည်။
“ ဒီကောင်တွေ အာဏာကိုဘယ်လိုချုပ်ကိုင်ထားသလဲဆိုတဲ့ အချက်အလက်အကြောင်းအရာတွေကတော့ အမျိုးမျိုးရှိနိုင်တာပေါ့ကွာ။ ဒါပေမယ့် အဘ အမြင်ကတော့ ဒီကောင်တွေ အဓိကထိမ်းချုပ်နိုင်အောင် ကြိုးစား ထားတာက ၂ ခု တည်းကွ၊ အဲဒါက စစ်တပ်နဲ့ မီဒီယာ (ဝါဒဖြန့်ချိရေးယန္တယား) ပဲကွ”
မှန်ပါသည်။ ရန်သူ၏ ဝါဒဖြန့်ချိရေးယန္တယား အားသာမှုကို ကျနော်တို့ သွားတွေ့ပါသည်။ တပြိုင်နက်တည်းမှာပင် ကျနော်တို့၏ ဝါဒဖြန့်ချိရေးယန္တယား အားနည်းမှုကို သတိပြုမိပါသည်။ နှစ်ချက်စလုံးသည် လူထုအကျိုးကို ထိခိုက်စေကြောင်း ကျနော်တို့ ရှင်းရှင်းလင်းလင်း မြင်ခဲ့ပါသည်။
‘လိမ်စရာရှိရင် ရဲရဲတင်းတင်း လိမ်ရမည်’ ဆိုသော၊ ဟစ်တလာနှင့် သူ၏ပြန်ကြားရေးဝန်ကြီးတို့၏ ကမ္ဘာကျော် လိမ်နည်းကား ကြီးသည်၊ မြန်မာစစ်အုပ်စုအတွက်တော့ အလုပ်ဖြစ်သင့်သလောက်ဖြစ်နေခဲ့တာ သေချာပါသည်။ ရာစုနှစ်ထက်ဝက်ခန့်လောက် မျက်စိပိတ်၊ နားပိတ်ခံထားရသော မြန်မာလူထုမှာ စစ်အုပ်စုမီဒီယာမှ တပါး၊ ရွေးချယ်စရာ မရှိခဲ့ပါ။ အမှားကြာ၍ အမှန်ဖြစ်တတ်သော မိုးခါးရေ ပင်လယ်ကြီးထဲမှာ မြန်မာပြည်သူတွေ နစ်နေခဲ့ရတာလည်း ကြာပါပြီ။ ကျနော်တို့အတွက် အတိုက်အခံမီဒီယာဟူသည်မှာ ခိုင်ခိုင်မာမာ မရှိလှပါ။
စစ်တပ်က လက်နက်ဖြင့် အကြမ်းဖက် နှိမ်နင်းပါ သည်။ သူတို့မှာ သူတို့ ဘာလုပ်လုပ် မှန်သည်ဟုပြောသည့် မီဒီယာ ခိုင်မာစွာရှိပါသည်။ လူထုက အဖိနှိပ်ခံရပါသည်။ လူထုဘက်က ရပ်တည်ပေး၊ ပြောပေး ကာကွယ်ပေး မည့်ကိုယ်စားပြုအသံဟူ၍ မည်မည်ရရ မရှိပါ။ သည်ကွက်လပ်၊ သည်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကျနော်တို့လူတွေ တလျှောက်လုံး ကြိုးစားခဲ့ကြပါသည်။ မြန်မာပြည်ထဲမှာတော့ အကျပ်အတည်းပေါင်းစုံကြားမှ ပင် လူထုဘက်မှ ကျားကန်ရပ်တည်ပေးသော မီဒီယာသမား၊ စာနယ်ဇင်းသမားများကို တွေ့ရပါသည်။ စွန့်စွန့်စားစားဖြင့် စစ်အုပ်စုကို နားရွက် တံတွေးဆွတ်ဝံ့သော မီဒီယာသမားများကို တွေ့ရပါသည်။ ကျနော်တို့ လေးစား၍မဆုံးပါ။
ကျနော်တို့ ထိုင်း-မြန်မာနယ်စပ်ကို ထွက်လာကြသော အတိုက်ခံအဖွဲ့အစည်းများအနေဖြင့်၊ လူထုဘက်က ရပ်တည်မည့် မီဒီယာတရပ်ကို အာသာငမ်းငမ်း တောင့်တခဲ့ကြပါသည်။ လိုနေတဲ့ကွက်လပ်ကို ကျနော်တို့ ဖြည့်မည်ဟု ဆုံးဖြတ်ခဲ့ကြပါသည်။ မီဒီယာအမျိုးမျိုးရှိရာတွင် အထူးသဖြင့် အသံလွှင့်အစီအစဉ်များကို ပိုမို တောင့်တခဲ့ပါသည်။ အားလုံး၏ အထွေထွေပေးဆပ်ခဲ့ရသော ရလဒ်များအဖြစ် ဒီမိုကရက်တစ်မြန်မာ့အသံကို ကျနော်တို့ ထူထောင်ခွင့်ရခဲ့ပါသည်။ နောက် လွတ်လပ်သော အာရှအသံ ပေါ်လာပါသည်။ ကျနော်တို့အားလုံး ဝမ်းသာလိုက်ရသည့်ဖြစ်ခြင်း။
ကျနော်တို့အားလုံးအတွက် လိုအပ်သောကွက်လပ်ကို ဖြည့်ခွင့်ရခဲ့ကြပါပြီ၊ ကျနော်တို့လည်း မီဒီယာတပ်မှူး အသီးသီးကို အားကိုးမျှော်လင့်တကြီး ရွေးချယ်ခဲ့ကြပါသည်။
… ကိုင်း … မီဒီယာစစ်မြေပြင်ရှေ့တန်းကို မနားတမ်း သွားလိုက်ကြပေရာ့။ … အောင်သပြေကို ညောင်ရေပါ လောင်းပေးလိုက်ပါသည်။
စစ်အုပ်စုမှာ သူ ပိုင်ပိုင်နိုင်နိုင် ချုပ်ကိုင်ထားနိုင်သော မီဒီယာပေါင်းစုံရှိပါသည်။ MRTV၊ မြဝတီ၊ MRTV 3 နေ့စဉ်ထုတ် သတင်းစာအမျိုးမျိုး၊ ဂျာနယ်၊ စာနယ်ဇင်းအမျိုးမျိုး။
နောက်ပြီး သူ ပြောချင်၊ ဆိုချင်၊ ဝါဒဖြန့်ချင်တာမှန်သမျှကို ကာတွန်းစာအုပ်နှင့် သီချင်းစာအုပ်ပါမကျန် ရှေ့ဆုံး စာမျက်နှာမှာ ဦးစားပေးဖော်ပြခွင့်ရနေသော အာဏာပိုင်ဖြစ်ပါသည်။ သူတို့မှာရှိသော ဝါဒဖြန့်ချိရေး တင်းပုတ်ကြီးဖြင့် ပြည်သူလူထုကို အားမနာတမ်း ထုနှက်ပါသည်။ အဖိနှိပ်ခံပြည်သူလူထုကြီးမှာ တုံးအောက်က ဖား၊ ပြားမှ ပြား။
ကျနော်တို့မှာ တင်းပုတ်လောက် မကြီးသော်လည်း၊ သွားကြားထိုးတံလောက်တော့ရှိသည့် မီဒီယာအချို့ကို ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံကြီးတွင် သွေးမြေကျခဲ့သူများစွာတို့၏ကျေးဇူးကြောင့် လက်ဆောင်အဖြစ် ရခဲ့ပါသည်။ သွားကြားထိုးတံမှာလည်း သူ့အရွယ် သူ့အစွယ်နဲ့ပေပဲ အားတက်ခဲ့ကြရပါသည်။
ကျနော်တို့မှာ မြန်မာ့မြေပေါ်နှင့် ကင်းလွတ်ခဲ့သောအခါ လွတ်လပ်ခွင့်အနည်းငယ်ကို မြည်းတို့ခွင့်ရခဲ့ကြပါသည်။ သည် ကမ္ဘာကြီးမှာ ကျနော်တို့အတွက် လိုချင်စရာတွေ များလွန်းလှပါသည်။ ဒီမိုကရစီရေး၊ လူ့အခွင့်အရေးနှင့် တဦးချင်း ဗဟိုပြုဝါဒတွေကို ပိုမိုလေ့လာခွင့်၊ သိခွင့်ရကြသည်။ Freedom of media, Freedom of Journalism, Individualism စသည်ဖြင့် ဖြစ်ပါသည်။
နောင်တချိန် မြန်မာပြည်ဒီမိုကရေစီ ကောင်းကင်ကြီးအောက်တွင် ထွန်းလင်းခွင့်ရလို့ကဖြင့် ပွင့်သောပန်းတိုင်း မွှေးအောင် အပြိုင်အဆိုင် ကြိုးစားခွင့်ရကြလိမ့်မည်။ ခေတ်ရေစီးကိုဆန်ပြီး တားဖို့က တစထက်တစ ပိုပြီး ခက်လာတာကိုလည်း ကျနော်တို့ မြင်နေရသည်။ ကျနော့်အယူအဆကလည်း၊ အခွင့်အရေး တန်းတူညီမျှရှိနေ သည့် အခြေအနေဆိုလျှင်၊ အရာအားလုံးကို လွတ်လပ်စွာ ရှင်သန်စေချင်သည်။
သို့သော် … … …။
ကေအဲန်ယူက လူ့အခွင့်အရေး ချိုးဖောက်သည်။ ABSDF က လူသတ်သည်။ ဒေါ်အောင်ဆန်းစုကြည်က ခေါင်းမာသည်။ ၉ဝ ခုနှစ်ရွေးကောက်ပွဲရလဒ်ကို အသေဆုပ်ကိုင်ထားတာ တင်းမာသည်။ ဒီပဲယင်းကိစ္စမှာ လူတွေအများကြီးသေတယ်ဆိုတာ မဟုတ်ပါဘူး။ စီးပွားရေးပိတ်ဆို့ရင် လူတွေငတ်ကုန်ကြမှာပေါ့။
သည်အသံ၊ သည်သတင်းတွေကို ကျနော်တို့မျှော်လင့်မထားသောနေရာများက ကြားခဲ့ကြရပါသည်။ မြန်မာ တိုင်း(မ်) သတင်းစာ၊ မအူပင် ခြင်ကျားရဲ့ဆောင်းပါးတွေထဲက အချက်အလက်များ၊ နအဖ၏ သတင်းစာရှင်းလင်းပွဲကအသံ စတာတွေနှင့် တသဝေမတိမ်းတူသော အသံများလည်းဖြစ်ပါသည်။ သည်အသံများကို ကျနော်တို့၏ အတိုက်အခံကိုယ်စားပြု မီဒီယာများက အော်ကြီးဟစ်ကျယ် ပြောခဲ့သည်ဟုဆိုပါလျှင် သင် အံ့သြပါသလား။
အိပ်မက်မဟုတ်ပါ။ ဤအရာများအားလုံး တကယ်ဖြစ်သွားပြီးခဲ့ပါပြီ။
‘ဝါလေခီး’မှာ ကျနော်နှင့် အလွန်အင်မတန် ရင်းနှီးသော သတင်းသမားတယောက်က သူ့ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါသည်။
“န-ဝ-တ မကောင်းကြောင်းတွေချည်းပဲပြောရတာ ညည်းငွေ့လာပြီဗျ၊ ဒါတွေက သိပ်ပြီး သတင်းမဖြစ်ချင်တော့ ဘူး၊ ကိုယ့်တို့လည်း တိုးတက်သင့်သလောက် တိုးတက်မလာဘူး ရပ်နေတယ်”တဲ့ … ကျနော်က ရင်းနှီးသူပီပီ သူ့ကို ပြန်ပြောခဲ့ပါသည်။
“န-ဝ-တ ကောင်းကြောင်းရေးမှ တိုးတက်မယ်ဆိုရင်လည်း ကိုယ့်တက်လမ်းကိုယ်ရှာပေါ့ကွာ” ဟု ပြောဖြစ်ခဲ့ပါ သည်။
သူသည် ကျနော် ခွတိုက်ပြီးအကြံပေးခဲ့သလို ဘယ်တော့မှလုပ်မည့်သူ မဟုတ်ပါ၊ သူ့ရင်ထဲမှာ ဘာရှိသည် ဆိုတာကို ကျနော် သေသေချာချာ သိပါသည်။ သူသည် န-ဝ-တ ကောင်းကြောင်းဝါဒဖြန့်ခြင်းကို လုပ်မည့်သူမျိုး မဟုတ်ပါ၊ သို့သော် နောက်ပိုင်းတွင် အတိုက်အခံ မကောင်းကြောင်း မထိခလုတ် ထိခလုတ်လုပ်ရင်းဖြင့်၊ သူ့ တိုးတက်လမ်း ရှာတွေ့သွားပုံရ ကြောင်းကိုတော့ သတိပြုမိခဲ့ပါသည်။ ဖြစ်မှဖြစ်ရလေခြင်း။
သတင်းထောက်တဦးနှင့် သတင်းကိစ္စများကို ဆွေးနွေးဖူးပါသည်။ သူက … မှန်တာဆိုရင် ဘာပဲဖြစ်ဖြစ် ရေးရ ပြောရမည် ဟု အကြောက်အကန်ရပ်တည်ပါသည်။ အရှိအတိုင်းဖော်ပြတာ သူ့တာဝန်ဟု ဆိုပါသည်။
သည်တရားကို ကျနော် မငြင်းလိုပါ၊ ကျနော်တို့ အားလုံး ဒီဘဝမှာ ရပ်တည်နေကြတာကိုက အမှန်တရားအတွက်ပဲ ဖြစ်ပါသည်။ သို့သော် ကျနော်တို့နေထိုင်ကြသော လောကကြီးသည် အခါခပ်သိမ်း သိမ်မွေ့နေပြီ မဟုတ်သေးပါ၊ တခါတရံ အမှန်တရားအတွက် အချိန်ယူရပါသည်။ အချိန်ပေးရပါသည်။ မှန်ပြီး အကျိုးမရှိသောစကားကို မပြောအပ်ဟုဆိုသော ဒဿနအချို့ကိုလည်း ကျနော်တို့သတိထားရပါသည်။
ကျနော်တို့အင်အားစုများနှင့်ပတ်သက်သော စွပ်စွဲချက်များကို ကြည့်လျှင်လည်း သေသေချာချာသိ၍ ပြောခြင်းထက် မှန်းဆ၍တင်ပြခြင်းများရှိသည်ကိုလည်း တွေ့ရဖူးပါသည်။ နစ်နာစရာရှိလျှင် ကျနော်တို့က ပိုပြီးနစ်နာပါသည်။ အဘယ့်ကြောင့်ဆိုသော် ကျနော်တို့အဖွဲ့အစည်းများသည် တလျှောက်လုံး လူထုဘက်ကသာ ခိုင်ခိုင်မာမာ ရပ်တည်ကာကွယ်ခဲ့ကြသော အင်အားစုများဖြစ်ခဲ့သောကြောင့် ဖြစ်ပါသည်။ န-ဝ-တ ပြောတာ များကိုမူ ကျနော်တို့ လုံးဝ ဂရုမစိုက်ပါ၊ န-ဝ-တ သည် ကျနော်တို့ရန်သူဖြစ်သဖြင့် သူ့အလုပ် သူလုပ်ခြင်းကို ထူးပြီး မပြောချင်တော့ပါ။
ကျနော်ကတော့ နာမည်ကျော်စာရေးဆရာကြီး လူထုဦးစိန်ဝင်း ရေးခဲ့ဖူးတာလေးကို သဘောကျမိပါသည်။ သူ့အဆိုအရ ရဲဘော်သုံးကျိပ်ဝင်တွေ ပြည်ပကို ခိုးထွက်ကြတုန်းက ရန်ကုန်က စာနယ်ဇင်းသမားတွေ အတော် များများ သိခဲ့ကြသည်ဟု ဆိုပါသည်။ အချို့ဆိုလျှင် ထိုသူများကို သူတို့ပင် ရှာဖွေစုဆောင်း ပို့ဆောင်ပေးခဲ့ကြရ သည်။
သို့သော် အရှိအတိုင်းဖော်ပြတာ သတင်းသမားတာဝန်ပဲဆိုပြီး ဘယ်သူကမျှ မဖွခဲ့ကြသည့်အကြောင်း၊ သူတို့ခေတ်က စာနယ်ဇင်းသမားတွေ လူထု ဘက်တော်သားတွေဘက်ကသာ ပြတ်ပြတ်သားသား ရပ်တည်ခဲ့ကြ သည့်အကြောင်း ရေးခဲ့ပါသည်။ အိုးဝေ ဦးညိုမြတို့လို၊ ဆရာကြီး လူထုဦးစိန်ဝင်းတို့လို ဂျာနယ်ကျော် ဦးချစ်မောင် တို့လို၊ စာနယ်ဇင်းသမားများသည် ကျနော်တို့အတွက်တော့ စံပြဇာတ်ကောင်များ ဖြစ်ခဲ့ပါသည်။
ဆက်လက်ဖော်ပြပါမယ်။
1 comment:
ဒီပို့စ်အတွက် အထူး ကျေးဇူးတင်မိပါသည်။
ဆောင်းပါးရေးတဲ့ ကိုအုပ်စိုးနိုင်ရော ဖော်ပြပေးတဲ့ ကိုဦး နဲ့ မသန္တာကိုရောပါ။
ကိုဦးရေ.. မတွေ့တာကြာပြီနော်။ အစစအရာရာ အဆင်ပြေ ချောမွေ့ပါစေ။ အမြဲ သတိရလျက်ပါ။
Post a Comment