တိုးတက်လာတဲ့ အခြေအနေများနဲ့အတူ နေရာတိုင်း တိုင်းပြည်တိုင်းမှာ အပြောင်းအလဲတွေက အမြဲမပြတ် ဖြစ်လျက်ပါ။ အပြောင်းအလဲတွေထဲမှာ တိုးတက်ခြင်း ဆုတ်ယုတ်ခြင်းတွေ ဒွန်တွဲနေမှာပါပဲ။ ဘယ်ဟာက ဖြစ်သင့်တဲ့အပြောင်းအလဲ၊ ဘယ်ဟာက မဖြစ်သင့်တဲ့အပြောင်းအလဲဆိုတာတွေကတော့ တစ်ဦးချင်းကပဲဖြစ်ဖြစ်၊ လူမှုအဝန်းအဝိုင်းကပဲဖြစ်ဖြစ် စဉ်းစားတွေးဆရမှာဖြစ်ပါတယ်။
ဈေးကွက်စီးပွားရေးဆိုတဲ့ ခဏကလေး ဖွင့်သလိုလုပ်လိုက်တဲ့အချိန်ကစပြီး မြန်မာပြည်ရဲ့ လူမှုစီးပွားနယ်ပယ် ပုံစံပြောင်းလဲလာခဲ့တာ မှတ်မိကြမှာပါ။ ဖက်စပ်လုပ်ငန်းတွေ ပေါ်လာတယ်၊ ပုဂ္ဂလိကလုပ်ငန်းတွေ များလာတယ်၊ စက်ရုံအလုပ်ရုံတွေ စတိုးဆိုင်တွေ မီနီမတ်ကက်တွေ စသဖြင့် သိသိသာသာ ပေါ်ထွက်လာခဲ့သလို မြို့နေလူတန်းစားရဲ့ ငွေကြေးရှာဖွေမှု အသက်မွေးဝမ်းကျောင်းလုပ်ငန်းအသစ်တွေ ပေါ်ခဲ့ပါတယ်။
ပြတင်းပေါက်ကိုဖွင့်တဲ့အခါ အပြင်က လေကောင်းလေသန့်တွေ ဝင်လာနိုင်သလို၊ ညေၟာ်နံ့တွေလည်း ၀င်လာနိုင်တယ်။ ခြင်တွေယင်တွေ အမှိုက်သရိုက်တွေလည်း ဝင်လာနိုင်တာပဲ။ ဒါတွေကိုတော့ ကာကွယ်ရမှာပေါ့။ အဓိက က ပညာရေးနဲ့ အသိအမြင်ကျယ်ပြန့် မြင့်မားဖို့က အရေးကြီးပါတယ်။
အထက်ကပြောခဲ့တဲ့ ပြောင်းလဲမှု နောက်ကွယ်မှာ ကျနော်တို့ရင်ဆိုင်ခဲ့ရတာက ခေတ်မီခြင်း၊ ပွင့်လင်းခြင်းဆိုတဲ့ ခေါင်းစဉ်အောက်က နောက်ဆက်တွဲကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဂိမ်းဆိုင်တွေ အလျှိုအလျှို ပေါ်လာတယ်၊ ကလေးတွေ စာဘက်စိတ်မရောက်တော့ဘဲ ဂိမ်းတွေနဲ့ အချိန်ကုန်ကြတယ်။ ပြိုင်ပွဲတွေဘာတွေ အကြီးအကျယ်လုပ်လို့ စိုးရိမ်ရတဲ့အကြောင်း အသံတွေ ထွက်ခဲ့ရတယ်။ အကြွေစေ့ထည့်ပြီးကစားရတဲ့ လောင်းကစားတွေကြောင့် စိတ်ဓာတ်စီးပွား ပျက်ကုန်သူတွေရှိတယ်။ အရက်ဆိုင်တွေ ဘီယာဆိုင်တွေများလာလို့ ဒါတွေနောက်ကို လိုက်ကုန်တာ၊ ကာရာအိုကေဆိုင်တွေ ကလပ်တွေ စသဖြင့် စသဖြင့် ဖြစ်လာရတဲ့ နောက်ဆက်တွဲတွေအကြောင်း ကြားနေရပါတယ်။
အခြားတစ်ဖက်မှာလည်း စီးပွားရေးချို့ငဲ့လို့ စာရိတ္တပျက်စီးကုန်သလို၊ အများနဲ့ဆန့်ကျင်ဘက်ဖြစ်လောက်အောင် ငွေကြေးအင်မတန်ချမ်းသာလို့ စိတ်ဓာတ်ပျက်စီးကုန်သူတွေ ရှိနေပြန်တယ်။ ငွေပေါတဲ့သူက အငယ်အနှောင်းထားတယ်ဆိုတာ ဟိုးအရင်ကတည်းက ကြားဖူးပေမယ့် အခုလိုအခါလောက် နားမဆံ့အောင် ကြားရတဲ့အဖြစ်မျိုး မရှိခဲ့ပါဘူး။ ငွေပေါလို့ တစ်ရွာတစ်ကျီဆောက်ပြီး အငယ်အနှောင်းထား၊ ပေးကမ်းထောက်ပံ့မှုတွေလုပ်နေသူတွေ ဒုနဲ့ဒေးဖြစ်လာသလို စားဝတ်နေရေးအတွက်၊ ဘဝရပ်တည်ရေးအတွက် အဲဒီအပေါ်မှီခိုနေသူ မိန်းမငယ်လေးတွေ များလာတဲ့အကြောင်း ကြားနေ သိနေရပါတယ်။ ရန်ကုန်မြို့ တချို့အရပ်ဒေသမှာ အဲဒီလိုလုပ်သူများကြောင့် နာမည်ပြောင်ပေးထားတဲ့ အငယ်လေးတို့လမ်း၊ အငယ်လေးတို့ရပ်ကွက် စတဲ့ အခေါ်အဝေါ်တွေတောင် ရှိနေပါတယ်။
ခေတ်မီတဲ့စီးပွားရေးစနစ်ကြောင့် စတိုးဆိုင်တွေ၊ ကုမ္ပဏီတွေ ပေါ်လာတယ်၊ အဲဒီမှာ အလုပ်လုပ်သူတွေ များလာတယ်။ ဒီအတွက် သပ်သပ်ရပ်ရပ် ဝတ်စားမှုတွေ၊ ဖြီးလိမ်းပြင်ဆင်မှုတွေ ရှိလာတယ်။ ဒါတွေမှာ လုပ်နိုင်ဖို့ နည်းပညာဆိုင်ရာ သင်တန်းတွေ ဖွင့်ကြတယ်၊ သင်ယူတတ်မြောက်ကြတယ်။ အသက်မွေးဝမ်းကျောင်း အဆင့်မြင့်လာလို့ ဝင်ငွေများလာတယ်။ ဒါတွေဟာ တကယ်ကို ကောင်းတာပါ။ ဒါပေမယ့် လုပ်ခ စံနှုန်းသတ်မှတ်မှုမရှိတာ၊ အလုပ်ချိန်စနစ်တကျ မရှိတာ၊ အလုပ်သမား အကျိုးခံစားခွင့်မရတာတွေကတော့ စနစ်တကျ လုပ်ရမယ့်ကိစ္စတွေ ဖြစ်လာပါတယ်။ ဒါတွေက တပြေးညီမဟုတ်ရင်တောင် ပြဿနာအနည်းဆုံးဖြစ်စေမယ့် နည်းလမ်းများကို အသုံးချပြီး ထိန်းကွပ်ဖို့လိုပါတယ်။ လုပ်ခ မရလို့ ဒါမှမဟုတ် လုပ်ခနည်းလို့ ဆန္ဒပြတာ၊ အခွင့်အရေးချိုးဖောက်မှုကြောင့် ဆန္ဒပြတာတွေ များပြားခြင်းက အဲဒီလို စနစ်တကျ မဖြစ်သေးလို့ပါ။ အားနည်းချက်ကတော့ ဘယ်တိုင်းပြည်မဆို ရှိမှာပါပဲ။ ဒါပေမယ့် အားနည်းချက် နည်းနိုင်သမျှ နည်းအောင် ပြုပြင်ဖို့က အရေးကြီးပါတယ်။
တိုးတက်တဲ့တိုင်းပြည်တွေမှာ လုပ်ခလစာနဲ့ပတ်သက်လို့ စနစ်တကျ ပြဋ္ဌာန်းမှုတွေရှိပါတယ်။ မြို့ပြနဲ့ ကျေးလက် လူနေမှုအဆင့်နဲ့ ကုန်ကျစရိတ်ကွာခြားသလို ဝင်ငွေပေးတဲ့နှုန်းတွေလည်း ကွာခြားပါတယ်။ ဒါပေမယ့် မြို့အလိုက်၊ ခရိုင်အလိုက် အနိမ့်ဆုံးလုပ်ခ သတ်မှတ်ပေးထားပါတယ်။ သတ်မှတ်ထားတဲ့လုပ်ခထက် အများကြီး ပိုမပေးနိုင်ရင်တောင် ဘယ်အလုပ်ရှင်ကမှ အနိမ့်ဆုံးလုပ်ခထက် လျှော့မပေးရဲပါဘူး။ ရှေ့နေရှေ့ရပ်မလိုဘဲ ကာယကံရှင်က အချိန်မရွေး တိုင်လို့ရတဲ့ တရားစီရင်ရေးစနစ်ရှိပါတယ်။ အလုပ်သမားသမဂ္ဂများရှိသလို တခြားသောအကျိုးဆောင်များကလည်း အလုပ်သမားအခွင့်အရေးနဲ့ပတ်သက်ပြီး အကူအညီပေးနိုင်ပါတယ်။ တိုင်ကြားလို့ အခြိမ်းခြောက်ခံရတာ၊ အရေးယူခံရတာမျိုး ကြုံဖို့မပြောနဲ့ တိုင်တဲ့အလုပ်သမားရဲ့စိတ်ထဲမှာ စိုးရိမ်စရာ အဆက်ဆံခံရတယ်လို့ ခံစားမိရင်တောင် အဲဒီအတွက် အမှုဖွင့်လို့ရပါတယ်။ ဒါမျိုးတွေ တစ်ဖက်က ထိန်းချုပ်နိုင်ရင် စောစောက အခွင့်အရေးချိုးဖောက်ခံရမှုတွေက လျော့ပါးလာမှာ အသေအချာပါ။
အရက်ဆိုင်တွေ၊ ဘီယာဆိုင်တွေ၊ လောင်းကစားတွေ များလာသလား။ အဲဒါတွေကို ထိန်းဖို့လုပ်ရပါမယ်။ တရားဝင်သတ်မှတ်ချက်တွေလည်း ရှိရပါမယ်။ အမေရိကန်ပြည်ထောင်စုမှာဆိုရင် နီဗားဒါးပြည်နယ်မှာ လက်စ်ဗေးဂတ် (Las Vegas)ဆိုတဲ့ ကမ္ဘာကျော် လောင်းကစားမြို့ကြီးရှိတာပဲ။ တခြားမြို့ငယ်လေးတွေလည်း ရှိတာပဲ။ အဲဒီမှာလည်း ပျော်ပါးနေကြသူတွေ နေ့တိုင်းရှိတာပဲ။ ဒါပေမယ့် ပျော်ပါးမှုနောက်မှာ ထိန်းချုပ်မှုတွေရှိပါတယ်။ လူတိုင်းမှာ မိသားစု တာဝန်ရှိတယ်၊ လစဉ်ပေးရမယ့် စရိတ်တွေရှိတယ်။ အဲဒါတွေမပေးနိုင်ရင် ကယ်မယ့်သူမရှိဘူး။ တယ်လီဖုန်းကြေး မပေးနိုင်ရင် ဖုန်းလိုင်း ပိတ်မယ်။ ချေးငွေ မပေးနိုင်လို့ နောက်ကျရင် နောက်ကျကြေး အဆမတန် တောင်းမယ်။ အဲဒါမျိုးတွေရှိတယ်။ ဒီတော့ ကိုယ့်အတိုင်းအထွာနဲ့ ကစားပျော်ပါးရုံပဲ ရှိတာပေါ့။ လောင်းကစားရုံဆိုတာလည်း ဖွင့်ချင်သူက ဘယ်လောက်ပိုက်ဆံရှိရှိ နေရာတိုင်း ဖွင့်ခွင့်မရှိဘူး။
အရက်ဆိုင်ဆိုတာကလည်း တကမ္ဘာလုံး နေရာအနှံ့ရှိတာပဲ။ ဒါပေမယ့် “စိတ်ညစ်လို့ အရက်သောက်တယ်” ဆိုတဲ့ ဒဿနနဲ့ သွားသောက်သူတွေ ရာခိုင်နှုန်း ဘယ်လောက်များမှာလဲ။ မြန်မာပြည်လောက် မများတာတော့ သေချာပါတယ်။ လောင်းကစားနဲ့ပတ်သက်ရင် အသက်ပြည့်မှ ကစားရမယ်၊ အရက် ဆေးလိပ်ဆိုရင်လည်း သတ်မှတ်ထားတဲ့အသက် မပြည့်သေးရင် သောက်ခွင့်၊ ဝယ်ခွင့် မရှိဘူး။ ဒါတွေရှိတယ်။ အရွယ်ရောက်ပြီးလို့ အရက်အလွန်အကျွံသောက်မလား၊ ရတယ်။ ဒါပေမယ့် မူးရင် မမောင်းနဲ့။ အဝေးပြေးလမ်းမပေါ်က နေရာတိုင်းလိုလိုမှာ အရက်သောက်ပြီးမောင်းတဲ့သူကို တွေ့ရင်ဖုန်းဆက်ဖို့ အရေးပေါ်ဖုန်းနံပါတ်ကို ဆိုင်းဘုတ်တွေနဲ့ထောင်ပြီး သတိပေးထားတယ်။ ကိုယ့်ဘေးက ကိုယ့်နောက်က ကိုယ့်ရှေ့က ဘယ်ကားမဆို အရက်မူးပြီးမောင်းတယ်လို့ သံသယရှိရင် ရဲကို ချက်ချင်း ဖုန်းဆက်လိုက်လို့ရတယ်။ အဲဒါမျိုး ရဲကမိရင်လည်း ဒဏ်ငွေအများကြီး ရိုက်တယ်၊ သင်တန်းတွေ တက်ရတယ်၊ အချိန်အများကြီး ကုန်ရတယ်။ ဘယ်လောက်တောင် ကုန်သလဲဆိုရင် အမေရိကန်ပြည်ထောင်စုမှာဆိုရင် မြို့ငယ်လေးတွေမှာ အိမ်တစ်လုံး ဝယ်နိုင်လောက်တဲ့ငွေကြေးနီးပါးလောက်တောင် ကုန်တတ်တယ်။ ဒီတော့ လူတွေက ကြောက်တာပေါ့။
အရက်ဆိုင် ဘီယာဆိုင်တွေ၊ လောင်းကစားတွေ များပြားလာလို့ လူငယ်တွေ စာရိတ္တပျက်ပြားမှာစိုးရင် စာရိတ္တပျိုးထောင်ရေးတွေ အသေအချာလုပ်နိုင်ပါတယ်။ လူငယ်တွေ အသိပညာရဖို့ အသိအမြင်ကြွယ်ဖို့ လုပ်နိုင်တာတွေ အများကြီးပါ။ ဟောပြောပွဲတွေ သင်တန်းတွေ မလုပ်နိုင်ရင်တောင် စာဖတ်ဝိုင်းတွေ စာကြည့်တိုက်တွေ တိုးပွားအောင် လုပ်လို့ရပါတယ်။
တိုးတက်တဲ့နိုင်ငံများက စာကြည့်တိုက်တွေက စာဖတ်ချင်စိတ်ရှိအောင်၊ စာကြည့်တိုက်ကို လာချင်အောင် လုပ်ပေးထားတာ အများကြီးရှိပါတယ်။ ကလေး လူငယ် လူကြီး အရွယ်စုံ ဖတ်နိုင်တဲ့ စာအုပ်တွေရှိတယ်။ သီချင်းခွေတွေ ရှိတယ်။ ရုပ်ရှင်တွေရှိတယ်။ ကာတွန်း၊ ပုံပြင်၊ သုတစွယ်စုံကျမ်းတွေရှိသလို ကွန်ပျူတာတွေရှိတယ်၊ အင်တာနက်လည်း အလကားသုံးလို့ရတယ်။ ကိုယ်ဖတ်ချင်တဲ့စာအုပ် စာကြည့်တိုက်ဝန်ထမ်းကို အားနာနာနဲ့ ရှာခိုင်းစရာမလိုဘဲ စာအုပ်စင်တွေကနေ လွယ်လင့်တကူ ထုတ်ဖတ်လို့ရတယ်။ အသင်းဝင်ကြေး မပေးရဘူး။ အသင်းဝင်ဖြစ်ဖို့ ဘာထောက်ခံစာမှ မလိုဘူး။ သီချင်းစီဒီ ငှားငှား၊ ဗီဒီယိုအခွေ ငှားငှား ပိုက်ဆံမပေးရဘူး။ ကိုယ်ပြန်အပ်ရမယ့်နေ့ စာကြည့်တိုက် ပိတ်နေရင်တောင် အပြင်မှာ အပ်မယ့်ပစ္စည်းတွေထည့်လို့ရတဲ့ စာတိုက်ပုံးလို ပုံးကြီးတွေရှိတယ်။ အဲဒီအထဲ ထည့်လိုက်ရုံပါပဲ။ စာအုပ်အရောင်းဆိုင်တွေဆိုရင်လည်း စာအုပ်တွေကို မဝယ်ဘဲထိုင်ဖတ်လို့ မကြည်မလင်နဲ့ စောင့်ကြည့်နေသူတွေ မရှိပါဘူး။ ကိုယ်က အချိန်ပေးနိုင်ရင် ဖွင့်တဲ့အချိန်ကနေ ပိတ်တဲ့အချိန်ထိ တချိန်လုံး စာထိုင်ဖတ်နေလို့ရတယ်။ ဒါမျိုးပံ့ပိုးမှုတွေက လူတွေရဲ့ အသိပညာကို လမ်းပွင့်စေနိုင်ပါတယ်။
စာရိတ္တကောင်းတယ်၊ စာရိတ္တဆိုးတယ်ဆိုတာက လူ့အသိုင်းအဝိုင်းရှိရင် အမြဲတမ်းရှိနေမယ့် သတ်မှတ်ချက်ပါ။ ဒါပေမယ့် မပျက်သင့်ဘဲ ပျက်တာ၊ ပျက်စီးတာကို ပျက်စီးမှန်းမသိဘဲ ပျက်တာ၊ ပျက်စီးတာကို ရှောင်ကြဉ်စရာလို့ မမြင်ကြတော့တာက ဆိုးတဲ့အဖြစ်တွေပါ။ ‘စပွန်ဆာ’ ဆိုတဲ့ တွင်တွင်သုံးလာတဲ့စကားလုံးက အဖြစ်အပျက်တွေ များစွာကြောင့် ပေါ်ထွက်လာတဲ့ စကားလုံးပါ။ တချို့က အကူအညီလိုလို့ စပွန်ဆာရှာတယ်၊ တချို့က ကြော့ကြော့မော့မော့ နေနိုင်ဖို့ စပွန်ဆာရှာတယ်၊ တချို့ ရည်မှန်းချက်တခုခု အကောင်အထည်ဖော်နိုင်ဖို့ စပွန်ဆာရှာတယ်။ စပွန်ဆာအမည်ခံ ပုဂ္ဂိုလ်များကလည်း ကိုယ်စီ လိုအင်ဆန္ဒတွေနဲ့ ဖြစ်ပါလိမ့်မယ်။ အကူအညီလိုတာကို အကူအညီပေးတယ်ဆိုတာက မင်္ဂလာရှိပါတယ်။ ဒါပေမယ့် ရောင်းကုန်သဘော ဖြစ်ကုန်တာကတော့ ၂ ဖက်စလုံးအတွက် မကောင်းပါဘူး။ အထူးသဖြင့် အားမကျသင့်တဲ့အရာကို အားကျတာ၊ ရှောင်ကြဉ်စရာကို မက်မောစရာအဖြစ် မှတ်ယူကုန်တာမျိုးတွေ ကျယ်ပြန့်သွားရင် နောက်ဆက်တွဲ ဆိုးကျိုးမျိုးစုံကို ရင်ဆိုင်ရမှာပါ။
ဒါတွေဟာ လူအများသိနေတဲ့ အကြောင်းအရာများစွာထဲက တချို့တဝက်ပဲ ရှိပါသေးတယ်။ ဒီဖြစ်ရပ်တွေကိုကြည့်ရင် အကောင်းနဲ့ ဒွန်တွဲနေတဲ့ အဆိုးတွေကို တွေ့ရမှာပါ။ ဒါပေမယ့် ‘လူမတန် ကံပုံချ’ ဆိုသလို ခေတ်ကိုပဲ ပုံချလို့ မဖြစ်ပါဘူး။ ဒီလိုပဲ နေရာတကာ လှေကြုံလိုက် ရေစုံမျှောလို့လည်း မဖြစ်ပါဘူး။ လှော်သင့်ရင် လှော်၊ ဆန်သင့်ရင် ဆန်မှ ကိုယ်လိုရာ ရောက်မှာပါ။ တပါးသူရဲ့လိုအပ်ချက်ကို ထောက်ပြတဲ့အချိန်မှာ ကိုယ့်လိုအပ်ချက်ကိုလည်း ဆန်းစစ်ရပါမယ်။ အခြေအနေကြောင့် ပျက်စီးရတယ်လို့ ပြောတဲ့အချိန်မှာ ပျက်စီးတာဖုံးကွယ်ဖို့ အခြေအနေကို လက်ညှိုးညွှန်သလို မဖြစ်ဖို့လိုပါတယ်။
ခေတ်ဆိုတာ လူတွေက လုပ်တာပါ။ ခေတ်ဆိုးတယ် ခေတ်ကောင်းတယ် ဆိုတာလည်း ထိုနည်းနှင်နှင်ပါပဲ။ အုပ်ချုပ်ရေး မကောင်းတာ အုပ်ချုပ်သူတွေမှာ တာဝန်ရှိသလို၊ ပြည်သူတွေဘက်ကလည်း တည့်မတ်ပေးဖို့လိုပါတယ်။ ကိုယ်လိုချင်တဲ့ အုပ်ချုပ်ရေးပုံစံရဖို့ လူတိုင်းက တာဝန်ရှိရှိ ပါဝင်ဆောင်ရွက်ရမှာပါ။ ဒီလိုပဲ ခေတ်အခြေအနေကြောင့် စာရိတ္တမဏ္ဍိုင် ပျက်စီးတယ်ဆိုရင်လည်း ယိုယွင်းနေတဲ့စနစ်ကို ပြင်ဖို့တာဝန်ရှိသူက ပြင်ပြီး၊ ကာယကံရှင်တွေကလည်း တစ်ဦးချင်း စိတ်ဓာတ်နဲ့ အသိအမြင် အတွေးအကြံ မြင့်မားအောင်လုပ်နိုင်ပါမှ ခေတ်ကောင်း စနစ်ကောင်းကို ရရှိမှာဖြစ်ပါတယ်။ “အူမ မတောင့်လို့ သီလမစောင့်” ဘူးဆိုတာကို တွင်တွင် သုံးနေမယ့်အစား သီလကိုစောင့်ပြီး အူမတောင့်နိုင်တဲ့နည်းလမ်းတွေ အူမတောင့်နိုင်မယ့်အခြေအနေတွေ ဖန်တီးဖို့လိုပါတယ်။ ကိုယ်လျှောက်မယ့်လမ်းက အဆင်သင့်ဖောက်ပြီးသား မရှိသေးရင် ကိုယ့်လမ်းကိုယ်ဖောက်ပြီး ပန်းတိုင်အထိ သွားရမှာပါ။ ခေတ်ဆိုတာ လူတွေက လုပ်တာပါခင်ဗျာ။ ။
ထိန်လင်း
၂၀၁၀ အောက်တိုဘာ ၁၈
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment