ကျုပ်က အသက်တွေ ကြီးခြင်းမကကြီးလာတော့ ခြေထောက်ကလည်း တုန်တုန်ဆိုင်း၊ ဦးနှောက်ကလည်း မှုန်မှုန်မှိုင်း။ ရိုင်းလိုက်တဲ့ လူကလေးတွေဗျာ။ မတော်တရော်တွေ မေးခွန်းလာထုတ်ကြတယ်။ ကျုပ်ဖြင့် ပြော မပြောချင်ပါဘူး။ မေးတဲ့ဟာကလည်း ကြည့်အုန်းလေ။ ဘာတဲ့။
“ဒီနေ့တစ်ပြည်လုံးမှာ ဆန္ဒပြပွဲတွေ အုန်းအုန်းထနေတယ်။ အဘ ဘယ်လိုထင်သလဲ။ ဒီလူတွေ နောက်ကြောင်းပြန်ဖို့ ခြေလှမ်းပြင်လာကြသလားဗျာ” တဲ့။
ကျုပ် ဘာသိမှာလဲ။ နောက်ကြောင်းပြန်ဆိုတာ ဘာလဲ။ ခြေလှမ်းပြင်ဆိုတာ ဘာလဲ။ ကိုယ့်ကိုယ်ကိုတောင်မှ အနိုင်နိုင်ရယ်။ မယိုင်မလဲ၊ မရွဲမယိုအောင် အတော်ထိန်းနေရတာ။ ဟေ့ သူငယ် ... နောက်ကြောင်း၊ နောက်ကျွမ်းတွေ လာပြောမနေနဲ့။ မသိဘူးဟေ့။
ကိုယ်တော်ချောလေးက အတော်စကားကြော ရှည်တယ်။
“ဟာ အဘကလည်း၊ နောက်ကျွမ်းပစ်တာ မပြောပါဘူး။ နောက်ကြောင်းပြန်တာ ပြောနေတာဗျ”
“မကြားဘူးပေါင်ကွာ၊ ဟိုစစ်သားတွေ နောက်တန်းပြန်တယ်ဆိုတာမျိုးပဲ ကြားဖူးပါတယ်”
“အဲ့ဒါပြောတာပေါ့ အဘရဲ့။ စစ်တပ်က ရှေ့တန်းထွက်တာတို့၊ နောက်တန်းပြန်တာတို့ ဆိုတာတွေ လုပ်နေကျဆိုတော့ အခုရော နောက်တန်း နောက်ကြောင်းပြန်ဦးမှာလားလို့ မေးနေရတာပေါ့။ ဒီမိုကရေစီ လုပ်မယ်ဆိုရာက နောက်ပြန်ဆုတ်မှာလား မေးတာဗျို့”
“နေပါဦး၊ စစ်အစိုးရက ဘယ်တုန်းက ရှေ့တန်းရောက်နေလိုက်တာလဲ”
“သေပါတော့ အဘရယ်၊ စစ်အစိုးရပြောတာ မဟုတ်ဘူး။ သမ္မတကြီးဦးသိန်းစိန် အစိုးရတက်လာချိန်ကတည်းက ဒီမိုကရေစီ နိုင်ငံရေးအပြောင်းအလဲတွေလုပ်နေပြီလို့ ကြေညာထားတာလေဗျာ”
“ဟေ့ကောင် သေစကားတော့ လာမပြောနဲ့။ ဒီမိုကရေစီသံကြားလေ၊ ငါ မသေချင်လေကွ”
“ချင်ချင် မချင်ချင်ဗျာ၊ ဒီမိုကရေစီဆိုလား၊ ဘာဆိုလားကြီးကတော့ သေစော်နံ လာနေပြီနဲ့တူရဲ့”
“ဟေ့ ... ဟေ့ အဲ့ဒီဟာကြီးဆိုတာက ဘယ်တုန်းကမှ မရှင်ခဲ့တာ။ ဘာ သေစော်နံရမှာလဲကွ။ အဲ့ဒါကြီး နောက်ကြောင်းပြန်မှာလားတို့၊ နောက်ကျွမ်းပစ်မှာလားတို့ လာမမေးနဲ့။ ဘာမှမလုပ်ဘူးလဟဲ့။ စိတ်ချ။ နဂိုကတည်းက ဒုံရင်း ဒုံရင်းကွ”
ဒီခေတ်ကလေးတွေ တယ်ဒုံးဝေးကြသဗျာ။ ဘာကြောင့်များ ဒီလိုမေးခွန်းတွေ ထုတ်နေကြပါလိမ့်။ ဒါနဲ့မေးကြည့်မိတယ်။
“နေပါဦးကွဲ့။ ဘာဖြစ်လို့ မင်းတို့က ဒီမိုကရေစီ သေစော်နံလာပြီ ပြောနေရတာလဲ”
“ဟာ အဘကလည်း ‘ဒိတ်အောက်’ နေပြန်ပါပြီ။ မကြားမိဘူးလားဗျာ။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဖျက်ပေး တောင်းဆိုနေကြတာ။ မကြားမိဘူးလားဗျာ။ ဒေသခံလူထုရော၊ ဒေသဝန်းကျင်လူထုရော ဝိုင်းကူ ဆန္ဒပြနေကြတာ။ မမြင်ဘူးလားဗျာ။ သပိတ်စခန်း အကြမ်းဖက်ဖြိုခွဲခဲ့လို့ သံဃာတော်တွေ မီးလောင်ဗုံးစာမိခဲ့တာ”
“စစ်အစိုးရပဲကွာ၊ ဒီလောက်တော့ လက်သံပြောင်လိမ့်မပါ့”
“ဟာ အဘကလည်း လုပ်ပြန်ပြီဗျာ။ ဘယ်ကလာ စစ်အစိုးရလဲဗျာ၊ ဘောင်းဘီချွတ်လိုက်ပြီဗျ။ အရပ်သားအစိုးရဗျို့၊ အရပ်သားအစိုးရ။ လွှတ်တော်ကြီးလည်း ပေါ်ပြီဗျာ။ စာနယ်ဇင်းတွေလည်း ဆော်ပြီဗျာ”
“ဟ ... ဟ ဘာဆော်တာလဲ”
“မှားလို့ အဘရေ မှားလို့။ ပျော်နေပြီ ပြောတာပါ။ သမ္မတရုံးဝန်ကြီးတစ်ပါး မီဒီယာတွေနဲ့ တွေ့သတဲ့။ ပြောသတဲ့။ သမ္မတကြီးကို ပျော်အောင်ထားကြပါ တဲ့”
“အကောင်းသားပေါ့ကွဲ့။ နှလုံးရောဂါသမား သနားပါတယ်။ ပျော်ပျော်နေပလေ့စေကွယ်”
“အဲ့လိုလည်း မဟုတ်သေးဘူး အဘရဲ့။ သူ့ခမျာ ဘယ်မှာ ပျော်အားပါ့မလဲဗျာ။ တစ်ပြည်လုံးနှံ့ သပိတ်ကင်ဆာရောဂါ ပြန့်နေပြီဗျာ။ သမ္မတကြီးက ဟိုကော်မရှင်ဖွဲ့၊ ဒီကော်မရှင်ခိုင်း လုပ်နေလို့သာ တိုင်းပြည်က ငြိမ်ကုပ်ကုပ်ဖြစ်နေတာ အဘရဲ့။ အေးလှတာ မဟုတ်ဘူး။ သပိတ်စုံရင်တော့လား။ သူပုန်ဆိုလား ဘာဆိုလား၊ ထမှာ ကြွမှာများတောင် စိုးရသတဲ့”
“မဟုတ်မဟတ်တွေကွယ်။ ဖွဟဲ့ လွဲပါစေ၊ ဖယ်ပါစေ။ ဒါတွေကြောင့် နောက်ကြောင်းပြန်မှာလားတွေ ဒါတွေအတွက် ရင်လေးတွေးပူ ပြောနေကြတာနဲ့တူရဲ့။ အေးလေ။ တွေးလည်း ကြောက်မနေကြနဲ့ကွဲ့။ အစိုးရများကတော့ အရိပ်အကဲ စောင့်ကြည့်နေဟန်တူပါရဲ့။ ဒီနေရာမှာ မင်းတို့တစ်တွေသိရမယ့် စကားလေးတစ်ခွန်းရှိသကွဲ့။ အဲ့ဒါကတော့ ...”
“ဘယ်လိုတုံးဗျ။ ပြောပါဦးဗျ”
“ဒေါ်အောင်ဆန်းကြည့်ရဲ့စကားကွဲ့။ အစိုးရ နောက်ကြောင်းပြန်လှည့် မလှည့်ဆိုတာ လူထုအပေါ်မူတည်သတဲ့။ နောက်ကြောင်းလှည့်အောင်လည်း လူထုပဲ လုပ်နိုင်သတဲ့။ နောက်ကြောင်း မလှည့်အောင်လည်း လူထုပဲ လုပ်နိုင်သတဲ့။ မှတ်သားစရာပေါ့ကွယ်”
“ဒီလိုဆို ကျွန်တော်နဲ့ လူထုနဲ့တွဲပြီး အစိုးရ နောက်ကြောင်းမပြန်အောင် ဝိုင်းတွန်းကြရမှာဗျို့”
“အေးပေါ့ကွယ်။ လုပ်စရာရှိတာ လုပ်ကြပေါ့။ ငါ ပြောချင်တာကတော့ နောက်ကြောင်းပြန်တာတွေ မပြန်တာတွေ သိပ်ပြောမနေပါနဲ့ကွာ။ နောက်ကြောင်း အကျန်အကြွေင်းတွေက အာဏာပိုင်တွေ ကြားမှာရှိတုန်းလဟ။ ဒီနေ့လူထုကို နားပန်ကျင်းနေတာ သူ့တို့လဟဲ့။ ဒီနေ့ ဘုန်းကြီးတွေကို မီးအရုဏ်ဆွမ်းကပ်နေတာ သူတို့လဟဲ့။ တို့ ဒီနေ့ တကယ်လုပ်ရမှာက အဲဒီ ‘ကျန်စစ်သား’ တွေရော၊ အစိုးရရော၊ လွှတ်တော်တွေရော၊ မီဒီယာတွေရော အားလုံးကို ဒီမိုကရေစီလမ်းကြမ်းပေါ် တွန်းတင်ကြဖို့ပဲကွဲ့။ ဒီမိုကရေစီလမ်းကြောင်းအတိုင်း ဝိုင်းဆွဲခေါ်ကြဖို့ပဲကွဲ့”။
ဟံသာဝတီ ဦးဝင်းတင်
ဒီလှိုင်းဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၄၈)
နောက်ဆုံးရ မြန်မာသတင်းများ
4 years ago
No comments:
Post a Comment