Wednesday, December 5, 2012

ကိုယ့်ထက်သာ နာလိုတတ်တဲ့ စိတ်ဓာတ် (မောင်ဝံသ)

“လူသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသေးငယ်ဆုံး အဖွဲ့ကလေးတွေအစ အကြီးဆုံး နိုင်ငံတော်အဆုံး ခေါင်းဆောင်ကောင်းရရှိရေးဟာ အသက်ပမာ အရေးပါတာ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းက အဖွဲ့အစည်းကို၊ နိုင်ငံကို ရှေ့သို့ ရွေ့လျားစေပြီး ခေါင်းဆောင်ညံ့က နောက်သို့ နိမ့်လျှော့ကျဆင်း ဆုတ်ယုတ်စေပါတယ် …” 

ခေါင်းဆောင် ရွေးကြတဲ့အခါ 

အခုအချိန်ဟာ ကျွန်တော်တို့နိုင်ငံဟာ ခေတ်ဟောင်းတစ်ခုကနေ ခေတ်သစ်တစ်ခုဆီသို့ ကူးပြောင်းဖို့ အားယူနေချိန် အခင်းအကျင်းတွေ ပျိုးနေချိန်ဖြစ်တယ်ဆိုတာ အထူးပြောနေစရာ မထင်ဘူးဗျ။

တစ်ကျော့ပြန် ပေါ်ပေါက်လာတဲ့ ပါတီစုံဒီမိုကရေစီစနစ်အတွင်း နိုင်ငံတော်အာဏာကို မျှော်မှန်းတဲ့ နိုင်ငံရေးပါတီတွေရော မမျှော်မှန်းတဲ့ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေပါ အပြိုင်းအရိုင်း ပေါ်ပေါက်လာနေတာလည်း အားလုံး အမြင်အတွေ့ပါပဲဗျာ။ အဖွဲ့အစည်းတွေဖြစ်တာနဲ့အညီ၊ အဲဒီ အဖွဲ့အစည်းတွေအတွင်း အဆင့်ဆင့်သော ခေါင်းဆောင်များ ရွေးချယ် တာဝန်ပေးအပ်ရေးကိစ္စကို မရှောင်မလွှဲသာ မျက်မှောက်ပြုနေကြရပြီး အကျိုးဆက်အဖြစ် ဆူဆူညံညံ ပူညံပူညံ အသံတွေ ထွက်ပေါ်နေတာလည်း သတိမပြုဘဲ မနေနိုင်အောင်ပါပဲ။

ပါတီကြီးတစ်ခုက အသံတွေဆိုရင် ပါတီစက်ဝန်းကိုကျော်ပြီး မီဒီယာတွေကတစ်ဆင့် ပြည်သူတွေနားထဲအထိ ပွက်လောရိုက်ခဲ့တယ်ဗျာ။ မလိုသူတွေက ဒီကိစ္စကို လက်ညှိုးထိုးပြီး အမနာပပြောစရာ ဖြစ်သွားပေမယ့် ကျွန်တော်တို့ကတော့ ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ သဘာဝတစ်ခုလို့ပဲ ရှုမြင်လက်ခံလိုက်တယ်ဗျာ။


အရေးကြီးတာက အဖွဲ့တိုင်းကို ခေါင်းဆောင်ကောင်းက ဦးဆောင်ခွင့်ရဖို့ ဖြစ်ပါတယ်။ ဒါမှ အဆင့်ဆင့် တက်ပြီး ခေါင်းဆောင်ကောင်းများက နိုင်ငံတော်အဆင့်အထိ ဦးဆောင်ခွင့်ရမှာ ဖြစ်တယ်ဗျာ။

အတော်ဆုံး ခေါင်းဆောင်ဆိုတာ 

ခေါင်းဆောင်ကောင်းရဲ့ အရည်အချင်းကို ဘယ်လိုဖွင့်ဆိုမလဲ။ အများကြီး ဖွင့်ဆိုနိုင်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ဆယ့်လေးနှစ်တုန်းက လူငယ်အစည်းအဝေးတစ်ခုမှာ လူငယ်တစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်ကို “ခေါင်းဆောင်ကောင်းဆိုတာရဲ့ အဓိပ္ပာယ်ကို ဝါကျတစ်ကြောင်းတည်းနဲ့ ဖွင့်ဆိုပေးပါ” လို့ တောင်းဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က “ခေါင်းဆောင်ကောင်းဆိုတာ ခေါင်းဆောင်ကောင်းတွေကို ရှာဖွေဖော်ထုတ်ပေးနိုင်သူပေါ့” လို့ ပြောခဲ့တာ ကျွန်တော် မှတ်မိနေတယ်ဗျ။

အဖွဲ့အစည်းတစ်ခုမှာ ငါ ခေါင်းဆောင် ဖြစ်သင့်တယ်၊ ငါဟာ ဒီနေရာအတွက် ထိုက်တန်သူဖြစ်တယ်လို့ ရိုးရိုးသားသား ယုံကြည်ယူဆထားသူများရှိတာ သဘာဝ ဖြစ်ပါတယ်။ သူတို့ဟာ အဲသလို တွေးနိုင်လောက်တဲ့ အရည်အသွေး ရှိထားသူများလည်း ဖြစ်လေ့ရှိပါတယ်။ အဲဒီလိုမျိုးလူတွေထဲမှာမှ ပိုပြီးတော်တဲ့သူကတော့ ကိုယ့်မှာသာ ခေါင်းဆောင် အရည်အသွေးရှိတာ မဟုတ်ဘူး။ အခြားသူများမှာရှိတဲ့ ခေါင်းဆောင် အရည်အသွေးများကိုပါ မြင်နိုင်စွမ်းရှိသူ ဖြစ်ပါတယ်။

ဒါထက် ပိုတော်တဲ့သူကတော့ တခြားသူတွေမှာရှိတဲ့ ခေါင်းဆောင်အရည်အသွေး နည်းနည်းလေး သေးသေးလေးကို များလာအောင် ကြီးလာအောင် ကူညီပံ့ပိုးပေးသူ ဖြစ်ပါတယ်။ အတော်ဆုံးသူကတော့ ကိုယ့်ထက် အရေးပါတဲ့ အရည်အသွေးအများစုမှာ ပိုသာတဲ့သူ (တစ်နည်း) ကိုယ့်ထက် ပိုတော်တဲ့သူကို ခေါင်းဆောင်နေရာမှာထားပြီး မိမိက သူ့အောက်မှာ သူပေးတဲ့တာဝန်များကို ကျေပွန်အောင် ကြိုးစားဆောင်ရွက်သူပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားက ဒီအချက်ကို ဆိုလိုပုံရပါတယ်။

ခေါင်းဆောင်မှု ဖြစ်ပေါ်လာပုံ 

လူ့အဖွဲ့အစည်းရဲ့ အသေးငယ်ဆုံးယူနစ်က လူဖြစ်ပါတယ်။ အဲဒီကမှတစ်ဆင့်တက်လာတော့ လူယောက်ျားနဲ့ လူမိန်းမတို့ သွေးနှောပေါင်းစည်းမှုဖြစ်တဲ့ ဇနီးမောင်နှံ၊ အဲဒီကမှ နောက်တစ်ဆင့်တက်လာတော့ အဲဒီဇနီးမောင်နှံက ပွားစည်းလာတဲ့ သားသမီးတွေပါ ပါဝင်လာတဲ့ မိသားစု၊ အဲဒီကမှ နောက်တစ်ဆင့်တက်လာတော့ မိသားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ လူ့အသိုင်းအဝိုင်း၊ အဲဒီကမှ လူ့အဖွဲ့အစည်း၊ အဲသလို အဆင့်ဆင့် ဖြစ်တည်နေတာ ဖြစ်ပါတယ်။

ကျွန်တော် ပြောချင်တာက ခေါင်းဆောင်အကြောင်း၊ ခေါင်းဆောင်မှုအကြောင်းပါ။ အစုအဖွဲ့နဲ့ နေထိုင်သွားလာ ကျက်စားတဲ့ အလေ့အထ ပေါ်ပေါက်ထွန်းကားမလာခင် လူရယ်လို့ပေါ်ဦးစအချိန်တုန်းကတော့ လူသားဟာ အထီးတည်းလည်း ရပ်တည်တယ်။ သူဟာ သူဆန္ဒရှိတဲ့အတိုင်း ရွေးချယ်ဆုံးဖြတ် နေထိုင်လုပ်ကိုင်တာမို့ သူဟာ တစ်ချိန်တည်းမှာ ခေါင်းဆောင်ဖြစ်သလို နောက်လိုက်လည်းဖြစ်တယ်။ သူ့ကြမ္မာကို သူ အပြည့်အဝ ပြဋ္ဌာန်း စီရင်ပိုင်ခွင့် ရှိတယ်။

မိသားစုရယ်လို့ ဖြစ်လာချိန်မှာတော့ လိင်နှစ်မျိုးမှာ ပိုမိုအားကောင်းတဲ့လိင်ဖြစ်တဲ့ ယောက်ျားက မိသားစုအတွက် အစားအစာကို အဓိက ရှာဖွေသူ၊ မိသားစုအပေါ်ကျရောက်လာမယ့် အန္တရာယ်တွေကို အဓိက ကာကွယ် စောင့်ရှောက်ပေးသူဖြစ်တာကြောင့် အိမ်ထောင်ဦးစီး ယောက်ျားဟာ မိသားစုရဲ့ခေါင်းဆောင် ဖြစ်လာပါတယ်။ ဒီအထိ ခေါင်းဆောင် ရွေးချယ်မှုပြဿနာ မရှိသေးဘူး။

ရိုးရှင်း လွယ်ကူရာမှ ရှုပ်ထွေး နက်နဲလာ 

သွေးသားတော်စပ်ခြင်းမရှိတဲ့ မိသားစုတွေ ပေါင်းစည်းနေထိုင်ကြတဲ့ လူ့အသိုင်းအဝိုင်းတစ်ခု ဖြစ်လာချိန်ကစပြီး ခေါင်းဆောင်ရွေးချယ်မှုဟာ ပြဿနာနည်းနည်း ရှိလာပါပြီ။ အိမ်ထောင်ဦးစီး ယောက်ျားတစ်ယောက်ဟာ ကိုယ့်မိသားစုမှာ ကိုယ်က အလိုအလျောက် ခေါင်းဆောင်ဖြစ်နေပေမယ့် တစ်ခုထက်မကတဲ့ မိသားစုတွေနဲ့ ပေါင်းစည်း ဖွဲ့စည်းထားတဲ့ လူ့အသိုင်းအဝိုင်းတစ်ခု ပေါ်ထွန်းလာတဲ့အခါမှာတော့ ကိုယ်ဟာ အဲဒီအသိုင်းအဝိုင်းရဲ့ခေါင်းဆောင် အလိုအလျောက် ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ မိသားစုခေါင်းဆောင် (အိမ်ထောင်ဦးစီး) တွေထဲကမှ အရည်အချင်း အပြည့်ဝဆုံး သူက အသိုင်းအဝိုင်းတစ်ခုလုံးရဲ့ ခေါင်းဆောင်ဖြစ်လာမှာ ဖြစ်ပါတယ်။ ပြောရရင် အဲဒီခေတ်ကာလမှာ ခေါင်းဆောင် ရွေးချယ်မှု လုပ်ငန်းဟာ ရာနှုန်းပြည့်လို့ဆိုရမလောက် ချောမွေ့ညင်သာခဲ့တာ ဖြစ်ပါတယ်။ သမိုင်းဦး ဘုံမြေခေတ်မှ မြေရှင်ပဒေသရာဇ်ခေတ်သို့ ကူးပြောင်းစကာလတွေမှာ ခေါင်းဆောင် ရွေးချယ်မှုလုပ်ငန်းဟာ အဲသလို ရိုးရှင်း လွယ်ကူခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ အားလုံးသိကြတဲ့အတိုင်း နောက်ပိုင်းမှာ လူ့အသိုင်းအဝိုင်း လူ့အဖွဲ့အစည်းဟာ ပိုပြီး ကြီးမားကျယ်ပြန့်လာလေလေ ခေါင်းဆောင် ရွေးချယ်မှုလုပ်ငန်းဟာ ပိုပိုပြီး ရှုပ်ထွေး သိမ်မွေ့ ခက်ခဲနက်နဲလာလေလေ ဖြစ်လာခဲ့ပါတယ်။ အကျိုးဆက်ကတော့ ကမ္ဘာတစ်ဝန်း နေရာတိုင်းမှာ ခေါင်းဆောင်မှု အပြောင်းအလဲကို ရည်မျှော်တဲ့ တော်လှန်ရေးတွေ ပေါ်ပေါက်လာခဲ့တာပါပဲ။ အဲဒီဖြစ်စဉ်ဟာ ဒီကနေ့အထိ မရပ်မနား ဆက်လက် ဖြစ်ပွားနေဆဲဖြစ်ပြီး မြင်နိုင်တဲ့ အနာဂတ်မှာတော့ ရပ်ဆိုင်းသွားမယ့်ပုံ မရှိပါဘူး။

ပြည်သူက ဆုံးဖြတ်တယ်ဆိုသော်လည်း

နိုင်ငံတစ်ခု အရာရာကို အဆုံးအဖြတ်ပေးတာ ပြည်သူဖြစ်တယ်လို့ ဆိုကြပါတယ်။ မှန်ပါတယ်။ ဒါပေမဲ့ အဲဒါဟာ ယေဘုယျ အမှန်တရားသာ ဖြစ်ပါတယ်။ သီးခြားရွေးထုတ်ပြောရမယ်ဆိုရင် ခေါင်းဆောင်မှုကသာ အဲဒီနိုင်ငံရဲ့ကံကြမ္မာကို စီရင် ဆုံးဖြတ်တာ ဖြစ်ပါတယ်။ အဖွဲ့အစည်းတစ်ခုမှာလည်း ခေါင်းဆောင်ကသာ အဲဒီ အဖွဲ့အစည်းရဲ့ ကံကြမ္မာကို ပြဋ္ဌာန်းစီရင်တာ ဖြစ်ပါတယ်။

ဒါကြောင့် လူသားတွေနဲ့ ဖွဲ့စည်းထားတဲ့ အသေးငယ်ဆုံး အဖွဲ့ကလေးတွေအစ အကြီးဆုံး နိုင်ငံတော်အဆုံး ခေါင်းဆောင်ကောင်းရရှိရေးဟာ အသက်ပမာ အရေးပါတာ ဖြစ်ပါတယ်။ ခေါင်းဆောင်ကောင်းက အဖွဲ့အစည်းကို၊ နိုင်ငံကို ရှေ့သို့ ရွေ့လျားစေပြီး ခေါင်းဆောင်ညံ့က နောက်သို့ နိမ့်လျှော့ကျဆင်း ဆုတ်ယုတ်စေပါတယ်။

ကိုယ့်ထက်သာတာကို နာလို လက်ခံမှု 

ဒီဆောင်းပါးကို ဥပမာကောင်းကောင်းလေးပေးပြီး နိဂုံးချုပ်ဖို့စဉ်းစားတဲ့အခါ အခြေခံပညာအထက်တန်း ကျောင်းသုံး မြန်မာစကားပြေ စာအုပ်တစ်အုပ်ထဲက ဆောင်းပါးတစ်ပုဒ်ကို သွားသတိရမိပါတယ်။ ရွှေဥမင်ဆရာတော်နဲ့ တောင်ဖီလာ ဆရာတော်တို့ တွေ့ဆုံ စကားပြောကြပုံကို စာရေးဆရာက မြင်ယောင်စိတ်ကူးနဲ့ကြည့်ပြီး ပုံဖော်ထားတဲ့ဆောင်းပါးပါ။

အဲဒီဆောင်းပါးမှာပါတဲ့ အဓိက အချက်တစ်ခုကတော့ မိမိရေးသားပြုစုထားတဲ့ကျမ်းထက် ရွှေဥမင် ဆရာတော် ပြုစုထားတဲ့ကျမ်းက ပိုကောင်းတာကိုတွေ့သွားတဲ့ တောင်ဖီလာ ဆရာတော်က သူ့ကျမ်းကို ဘုရားရင်ပြင်တော်ပေါ်မှာ မီးရှို့ပူဇော်လိုက်တဲ့အကြောင်းပါ။ ဒီဆောင်းပါးဟာ ဒီကနေ့ ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နေချိန်မှာ ခေါင်းဆောင်ကောင်း၊ ခေါင်းဆောင်လောင်းတွေရဲ့ အရည်အသွေးတစ်ခုကို ဖော်ပြနေတယ်လို့ ကျွန်တော် ယူဆပါတယ်။

(၀၁ - ၁၂ - ၂၀၁၂)
Maungwuntha@gmail.com

(ပြည်သူ့ခေတ် ဂျာနယ် မှ ...)


No comments: