အမေဟာ
သေခါနီးမှာ အသက်ကယ်ဆေး ထိုးပြီး ကျနော်ပြန်အလာကို စောင့်မျှော်နေမယ်လား ...
အဖေ ... အဲဒီဆေးဖိုးလေးတောင် တတ်နိုင်လိမ့်မယ် မထင်ပါဘူးလေ...။
နာဂစ်ဆိုတဲ့ မီးလျှံမုန်တိုင်း ကျနော့်ဇာတိကို ချေတော့
ကျနော့်ကို ချက်မြုပ်ခဲ့တဲ့ အိမ်ကလေး ပြားကျသွားခဲ့တယ် ... တစစီ။
အီရန် ငလျင်တုန်းကလည်း
ကျနော်တို့ရဲ့ ခံစစ်ကုန်းကလေးဟာ ရန်သူရဲ့ ယမ်းခိုးယမ်းငွေ့တွေ ဝေလို့ ...။
ခုလည်း ...
မသိချင်ယောင်ဆောင်နေတဲ့ မိုးကောင်းကင်ကိုမှ
ကျနော်တို့က ဝေဒနာကို တပြပြနဲ့
မျှော်ကိုး တွယ်တာ တမ်းတနေရဦးမှာလား ...။
ရန်သူက ရန်သူမို့ ရှင်းတယ်
ဘဝကလည်း ဘဝမို့ ရှင်းပါတယ် ...
မရှင်းတာက ကျနော်တို့ရဲ့ အတိတ်က သံယောဇဉ်တွေ ...။
မန္တလေးနဲ့ အနီးတဝိုက်မှာ ဒီနေ့လှုပ်ခဲ့တဲ့ ငလျင်ဟာ
ကျနော်တို့ဘဝတွေရဲ့အပျက်အစီးအစုအပုံတွေကနေ စတင် ဗဟိုပြုခဲ့တာပါ ...။
ကျနော်တို့ တယောထိုးနေကြမှာလား ...
နာကျည်းမှုတွေရဲ့ စန္ဒရားလက်သံတွေပေါ်မှာ
ကျနော်တို့ တဦးချင်းစီရဲ့ ဘဝခြေဖဝါးရာတွေ ...
ဒဏ်ရာနဲ့ မှတ်ကျောက်တင်ဆဲ ဖြစ်တယ် ...။ ။
ကမာပုလဲ
၁၁၊ ၁၁၊ ၂၀၁၂။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment