Tuesday, November 13, 2012

မျောနေတဲ့ … မြို့ (ကမာပုလဲ)

အရိပ်ပြင်းပြင်း တခွက် သောက်ချင်ပါတယ်
ဆည်းဆာရီမှာ ကျောက်ပေါက်ခွက်ထဲ လမင်းသာလို့
လမ်းတွေ လမ်းလျှောက်နေပုံက သေလုမျောပါး
တံတားတွေ မအိပ်အောင် မျက်ခုံးနဲ့ထောက်ထားရတယ်
ဒဏ်ရာတွေနဲ့ ရောင်စုံပြက်လုံးတွေနဲ့ မြွေပွေးကို လည်ပင်းပတ်ထားတဲ့ အပြုံးတွေနဲ့
မနက်ဖြန်ကို ဖြတ်ကြမယ်တဲ့ … လှည်းကျိုးကြီးရဲ့ ထမ်းပိုးမှာ နံ့သာပါရီရေမွှေးတွေနဲ့
စိဉ္စမာနကြီး အတောင်ပေါက်
ကြယ်မပွင့်တဲ့ မိုးကောင်းကင်ကနေ ခုန်ချလာမယ် …။


လက်ဖက်ရည်တွေ ဈေးမကျခင် အဲဒီကဗျာ နိုင်ငံတကာလှည့်တယ်
လက်မှတ်ကို ဒူးခေါင်းနဲ့လိုက်ထိုးနေတဲ့ သူရဲကောင်းကြီးများ
မကြောက်ဘူးပြောနေတဲ့ သွေးပျက်ဖွယ်ထုပ္ပတ်
သူ့ခြေ ယိုင်နေပုံက သိုးတွေကတောင် သနား … သားသတ်ရုံဝမှာ
ပရိတ်တရားတွေ … မေတ္တာသုတ်တွေ … နီတိတွေ … ကျန်းဂန်လာ အဆုံးအမတွေ
သူရူးတွေထုတ်ဝေတဲ့ ဟောစာတမ်းတွေထဲ ရင်းစားရင် မြတ်မယ့် ဂုဏ်သိက္ခာပစ္စည်းတွေ
ပြောချင်ရာပြော … ပြောပြီး … ပြီးပြီးပျောက်ပျောက်
ဖျက်ခဲ့တဲ့ ကတိတွေက ရှယ်ရွှန်စတုံးရဲ့ ဂျူရီလူကြီး မျက်လုံးများပေါ် ရီဝေဝေ တွားတက်
မနေ့က အစာငတ်ခံ ကောင်မလေးများ စတိုင်
မော်ဒယ် အခမ်းအနားတွေဟာ ဘယ်အချိတ်ထမီနဲ့ လိုက်လေမလဲ
အကျဉ်းအကျပ်ထဲမှာ နှစ်ဘဝ တွေ့ကြတာတောင် သွေးအေးခဲ့ကြ
ပြန်တွေ့တော့ သဘင်သည်တွေရဲ့ မျက်လုံးလိုအကြည့်များ …။

မင့် ဇာတိအိမ်ကလေးဟာ အရင်တုန်းကလို ဓနိမိုးပဲ
ပြောင်းလဲလာတာဆိုလို့ သူ့ညာဘေးဘက်က ကပ်လျက်
ဝံ့ဝံ့စားစား ရပ်နေတဲ့ မိုးထိ ပုဂ္ဂလိက ဘဏ်တိုက်သစ်ကြီး
ကဖေးဆိုင်တွေလား …. မင်းရှိတုန်းကလိုပဲ
မင်းမရှိတော့မှ … ရပ်ကွက်ထဲ သေတဲ့လူတွေ များလာတယ် …
ပျမ်းမျှတွက်ကြည့်တော့ ၃၅ နဲ့ ၄၀ တွေချည်း
ဟုတ်လား … အေးငါ့ကိုယ်စား အဖေ့ကို တခွန်းလောက် မေးပေးစမ်းကွာ
ဘာလို့ အဖေ့အသက်က ကိုးဆယ်ကျော် တရာနီးနေရတာလဲလို့။ ။

ကမာပုလဲ 
၁၀၊ ၁၁၊ ၁၂။


 

No comments: