အခုလောလောဆယ်မှာ ‘အဆိုးထဲက အကောင်း’ ဆိုသလို တစ်ဖက်မှာ သေမိန့်ကျရောဂါတစ်ခုအဖြစ် အများနားလည်ထားကြတဲ့ ကင်ဆာရောဂါနဲ့ စစ်ပွဲဆင်နွှဲနေရပေမယ့် အခြားတစ်ဖက်မှာတော့ အရင်ကနဲ့စာရင် အချိန်ပိုရသလို ဖြစ်နေတာကြောင့် စာတွေ ပိုပြီး ဖတ်ဖြစ်နေတယ်ဗျ။ အထူးသဖြင့် ဒီကနေ့ စာဖတ်သူအများစုကို သူ့ထက်ငါကောင်း အပြိုင်အဆိုင် စည်းရုံးဆွဲဆောင်နေကြတဲ့ ဂျာနယ်တွေကို ပိုပြီးတော့လည်း များများ၊ ပိုပြီးတော့လည်း စူးစူးနစ်နစ် ဖတ်ဖြစ်နေမိတယ်ဗျာ။
ဦးခွန်ထွန်းဦးရဲ့စကား
အခုရက်ပိုင်းအတွင်း ဖတ်ဖြစ်ခဲ့တဲ့ ဂျာနယ်ပါ သတင်းဆောင်းပါး တွေ့ဆုံမေးမြန်းခန်းတွေထဲက ကျွန်တော့်အာရုံမှာ လာငြိတာတွေထဲက တစ်ခုကတော့ The Voice ဂျာနယ်ထဲက ရှမ်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးရဲ့ စကားတစ်ခွန်း ဖြစ်တယ်ဗျ။ ဂျာနယ်ထဲမှာပါတဲ့ သူ့စကားက ဒီလိုဗျာ။
“လွန်ခဲ့တဲ့ နှစ်ရက်လောက်က သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ဖက်ဒရယ်ဆိုတာ ပြည်ထောင်စုမူလို့ လက်ခံလာသလို နိုင်ငံရေးပါတီတွေ၊ သတင်းဂျာနယ်တွေမှာလည်း ဖက်ဒရယ်စနစ်နဲ့ပတ်သက်ပြီး ခွဲထွက်ရေး မဟုတ်ဆိုတာကို ကျယ်ကျယ်ပြန့်ပြန့် သိရှိလာတယ်။ အဘိုး၊ အဖေနဲ့ အန်ကယ်ကိုယ်တိုင် ထောင်ကျခံပြီး ဖက်ဒရယ်ကို နားလည် လက်ခံလာအောင် ကြိုးပမ်းရကျိုးနပ်တယ်” လို့ ပြောလိုက်တာဗျ။
ခွဲထွက်ရေးမူအမြင်ကို စွန့်လွှတ်လိုက်ပြီလား
အားလုံးသိကြတဲ့အတိုင်း ၂၀၀၈ အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနဲ့ ငြိမ်းချမ်းရေးရရှိရေးအတွက် အစိုးရကို ကိုယ်စားပြုပြီး စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်နေတဲ့ ယခင် မီးရထားဝန်ကြီး၊ ယခု သမ္မတရုံးဝန်ကြီး ဦးအောင်မင်းဟာ ယခင် စစ်အစိုးရလက်ထက်က တိုင်းမှူးအဆင့်အထိ တာဝန်ယူခဲ့ဖူးတဲ့ စစ်အရာရှိဟောင်းကြီးတစ်ဦး ဖြစ်တယ်ဗျ။ အဲဒီတော့ ဦးခွန်ထွန်းဦး စကားအရ ဖက်ဒရယ်မူကို ခွဲထွက်ရေးမူအဖြစ် နှစ်ပေါင်း ငါးဆယ်လောက် သဘောထားလာခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ ကိုယ်စားလှယ်တစ်ဦးဟာ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ အဲဒီအမြင်ကို စွန့်လွှတ်လိုက်တဲ့သဘောလို့ ယူဆရမှာ ဖြစ်တယ်ဗျ။
အဓိက အကြောင်းပြချက်ကြီး
ဖယ်ဒရယ်မူဆိုတာ ကျွန်တော်တို့နိုင်ငံရဲ့ နိုင်ငံရေးစနစ် တစ်ဆစ်ချိုး ကွေ့သွားခဲ့တဲ့ ဇာတ်လမ်းမှာ အဓိက အကြောင်းပြချက်ကြီး ဖြစ်ခဲ့တယ်ဗျ။ အကြောင်းကတော့ ပါလီမန် ဒီမိုကရေစီစနစ်ကို မြေမြှုပ် သင်္ဂြိုဟ်၊ သူ့အခေါ် ဆိုရှယ်လစ် ဒီမိုကရေစီစနစ်၊ ပြည်သူလူထု အများစုကြီးအခေါ် ဆိုရှယ်လစ်အရေခြုံ တစ်ပါတီ အာဏာရှင်စနစ်ကို ဗိုလ်ချုပ်ကြီးနေဝင်း ထူထောင်ရာမှာ သူ အဓိကပေးခဲ့တဲ့ အကြောင်းပြချက်က အဲဒီဖက်ဒရယ်မူ ဖြစ်တယ်ဗျ။ ၁၉၄၇ အခြေခံဥပဒေထဲမှာ ထည့်သွင်းထားတဲ့ ခွဲထွက်ခွင့် တစ်နည်း ဖက်ဒရယ်မူကို အကြောင်းပြုပြီး ပြည်နယ်တစ်ခုက ခွဲထွက်ဖို့ ကြံစည် ကြိုးပမ်းလာတာကြောင့် ပြည်ထောင်စုကြီး မပြိုကွဲသွားရလေအောင် နိုင်ငံတော် အာဏာကို တပ်မတော်က ရယူထိန်းသိမ်းလိုက်တာဖြစ်တယ်လို့ အဲဒီတုန်းက ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီးနေဝင်းက တိုင်းပြည်ကို အသိပေး ကြေညာခဲ့တာ ဖြစ်တယ်ဗျ။
အကြံရ ကျပ်နေတုန်းမှာ
ရှစ်ဆယ့်ရှစ် အရေးတော်ပုံကာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာတဲ့သတင်းတစ်ခုမှာ ဗိုလ်ချုပ်ကြီးနေဝင်းဟာ အာဏာသိမ်းတဲ့ကိစ္စ (ပထစ အစိုးရ ခေါင်းဆောင်တွေနဲ့ ရှမ်းစော်ဘွား အများစုကို ဖမ်းဆီး ထိန်းသိမ်းတဲ့ကိစ္စ) ပြီးတဲ့နောက် တပ်မတော်က ဘာကြောင့် အာဏာသိမ်းရတယ်ဆိုတာ တိုင်းပြည်ကို တရားဝင် အသိပေးကြေညာဖို့ အကြံရ ကျပ်နေတုန်း သူ့လက်ထောက် စစ်ဗိုလ်ကြီးတစ်ဦးက ကြေညာချက်တစ်စောင် ရေးယူလာတယ်။ အဲဒီကြေညာချက်ထဲမှာ ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီး ပြိုကွဲရတော့မယ့် အန္တရာယ်ရှိလာတဲ့အတွက် အာဏာသိမ်းရတယ်လို့ ရေးထားတယ်။ အဲဒါကို ဗိုလ်ချုပ်ကြီးနေဝင်းက ဖတ်ကြည့်ပြီး “အေး ကောင်းတယ်၊ အဲဒီအတိုင်း ရေဒီယိုက အသံလွှင့် ကြေညာလိုက်”လို့ ပြောခဲ့တယ်လို့ ဆိုတယ်။ အဲဒီဖော်ပြချက်သာ မှန်တယ်ဆိုရင်တော့ ဗိုလ်ချုပ်ကြီးနေဝင်းဟာ ဖက်ဒရယ်မူကြောင့် ပြည်ထောင်စုကြီးပြိုကွဲမှာကို တကယ်ပဲစိုးရိမ်ပြီး အာဏာသိမ်းတာမဟုတ်ဘဲ သိမ်းချင်လို့သိမ်းပြီးမှ ဖက်ဒရယ်မူနဲ့ ပြည်ထောင်စု ပြိုကွဲမယ့် အန္တရာယ်ဆိုတာကို တမင်သက်သက် ဆင်ခြေဆင်လက် ဆင်နားရွက်လုပ်လိုက်တာဖြစ်တယ်လို့ ယူဆရမှာ ဖြစ်တယ်ဗျ။
ဝန်ကြီးချုပ်ဟောင်းဦးနုရဲ့ သဘောထား
ထားပါတော့ဗျာ။ အခုအချိန်မှာ ဗိုလ်ချုပ်ကြီးနေဝင်းရော၊ အဲဒီကြေညာချက် ရေးယူလာတဲ့ စစ်ဗိုလ်ကြီးရော၊ အဲဒီ အာဏာသိမ်းပွဲပြီးနောက် ဖွဲ့စည်းတဲ့ တော်လှန်ရေးကောင်စီအဖွဲ့ဝင် အကုန်လုံးနီးပါးလောက် မရှိကြတော့ပြီမို့ ဒီကိစ္စကို အကျယ်အကျယ် မငြိမ်းဖွယ် လုပ်မနေချင်တော့ပါဘူးဗျာ။ တစ်ဆက်တည်းမှာ ဝန်ကြီးချုပ်ဟောင်း ဦးနုက “ပြည်ထောင်စုကြီး ပြိုကွဲမယ့်အန္တရာယ် အမှန်တကယ်ရှိနေပြီလို့ ကျုပ်ကို နှစ်မိနစ်လောက်ပဲ ကြိုပြောပါ၊ အာဏာသိမ်းစရာ မလိုပါဘူး၊ ကျုပ်ကိုယ်တိုင် တပ်မတော်ကို အာဏာအပ်မှာပါ”လို့ ပြောခဲ့တာကို ၁၉၆၆ ခု စက်တင်ဘာလက သတင်းထောက်တစ်ယောက်ဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင် နားနဲ့ဆတ်ဆတ်ကြားခဲ့ရပြီး သတင်းရေးခဲ့ဖူးပါတယ်။ ဝန်ကြီးချုပ်ဟောင်း ဦးနုလည်း အခုအချိန်မှာ မရှိတော့ပြီမို့ ဒီကိစ္စကို ‘ရာဇဝင်ထဲမှာ ထားရစ်ခဲ့’ လို့ ဆိုရတော့မပေါ့ဗျာ။
ပြည်ထောင်စုပြိုကွဲရေးဆိုတဲ့ အမြင်
ဖက်ဒရယ်မူကြောင့် အာဏာသိမ်းတာလား။ အာဏာသိမ်းပြီးမှ ဖက်ဒရယ်မူကို အကြောင်းပြချက် ဆင်ခြေအဖြစ် ဆွဲသုံးသလားဆိုတဲ့ အချက်ကို ရာဇဝင်ထဲမှာထားရစ်ခဲ့လို့ ရကောင်းရမှာဖြစ်ပေမယ့် ရာဇဝင်ထဲမှာ မနေရစ်ခဲ့ဘဲ အဲဒီနောက် နှစ်ပေါင်းများစွာအထိ လိုက်လာခဲ့တဲ့ကိစ္စကတော့ မြန်မာပြည်သူ အစိတ်အပိုင်းတချို့ အထူးသဖြင့် မျိုးဆက်သစ် တပ်မတော် ခေါင်းဆောင်အများစု စိတ်ထဲ ဖက်ဒရယ်မူဆိုတာကို ပြည်ထောင်စုပြိုကွဲရေး လမ်းစအဖြစ် စွဲနေကြတဲ့ကိစ္စဖြစ်တယ်ဗျ။ တကယ်ပဲ စိုးရိမ်လို့လေလား။ ဒါမှမဟုတ် သူ အာဏာသိမ်းတဲ့ ကိစ္စကို တရားမျှတတယ် (justify) လို့ အများက မြင်အောင်လေလားတော့ မသိဘူး။ ဗိုလ်ချုပ်ကြီးနေဝင်းနဲ့ သူ ဦးဆောင်တဲ့ အစိုးရပုံဏ္ဍာန်နှစ်ခု (တော်လှန်ရေး ကောင်စီနဲ့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ) က အဲဒီအချက်ကို ထပ်တလဲလဲ သံမှိုနှက်သလို နှက်ခဲ့တာကြောင့်လည်း အဲသလိုစွဲနေခဲ့ကြတာ ဖြစ်တယ်ဗျ။
ရွှေပြည်တော် မျှော်တိုင်းမနီး
ဗိုလ်ချုပ်ကြီးနေဝင်းက ဖက်ဒရယ်မူကို ရိုးရိုးသားသား စိုးရိမ်စိတ်နဲ့ပဲ ဖြစ်ဖြစ်၊ မရိုးမသား အသုံးချခဲ့တာပဲဖြစ်ဖြစ် သူကတော့ အဲဒီပုစ္ဆာကို ပဟေဠိအဖြစ်ထားခဲ့ပြီး လောကထဲက ထွက်သွားခဲ့ပြီမို့ သူ့အတွက်တော့ ပြဿနာမရှိတော့ဘူးဗျာ။ ပြဿနာရှိနေတာက ဖက်ဒရယ်မူကို ပြည်ထောင်စု ဖြိုခွဲရေးမူအဖြစ် တပ်မတော်ခေါင်းဆောင်အဆက်ဆက်က သဘောထားနေခဲ့ကြတာကြောင့် ကျွန်တော်တို့နိုင်ငံမှာ ပြည်တွင်းစစ်မီး မငြိမ်းနိုင်ဖြစ်နေခဲ့တဲ့ ကိစ္စဖြစ်တယ်ဗျ။
တပ်မတော်ခေါင်းဆောင်တွေက ဖက်ဒရယ်မူဆိုတဲ့စကားပြောလိုက်တာနဲ့ ပြောတဲ့သူကို မျက်ထောင့်နီကြီးတွေနဲ့ ကြည့်၊ ဖက်ဒရယ်မူကိုကိုင်စွဲပြီး မိမိလူမျိုးစုအခွင့်အရေး (Nationality’s Right) အတွက် တိုက်ပွဲဝင်နေသူတွေကို လူမျိုးစု သောင်းကျန်းသူတွေအဖြစ် ရှုမြင်လာကြရင်းနဲ့ပဲ ကျွန်တော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးကင်းမဲ့ပြီး ရွှေပြည်တော် မျှော်တိုင်းမနီး ဖြစ်လာခဲ့တာ အခုတိုင်ဖြစ်တယ်ဗျ။ ငြိမ်းချမ်းရေးမှမရတော့လည်း ကျွန်တော်တို့ နိုင်ငံတကာမှာ မပြောနဲ့ ဒေသတွင်းမှာတောင် ဓားမ နောက်ပိတ်ခွေးဖြစ်တာ ဘာဆန်းသလဲဗျာ။
ပြန်လည် ဆန်းစစ် သုံးသပ်ခွင့်ရှိ
အခုအချိန်မှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုရဲ့ အကျိုးဆက်အဖြစ် စာနယ်ဇင်းလွတ်လပ်ခွင့်လည်း အတော်ကလေးရလာနေပြီမို့ ဖက်ဒရယ်မူနဲ့ပတ်သက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေ ကိုယ်တိုင် ပြောနေဆိုနေ ရေးနေသားနေကြပြီမို့ ဖက်ဒရယ်မူနဲ့ပတ်သက်ပြီး တကယ့်အဓိပ္ပာယ် အစစ်အမှန်ကို ပြည်သူတွေ အတော်ကလေး သဘောပေါက် နားလည်နေကြပြီလို့ ကျွန်တော် ယူဆတယ်ဗျာ။ တပ်မတော်သားတွေလည်း ဖယ်ဒရယ်မူနဲ့ပတ်သက်ပြီး မိမိတို့အရင်တုန်းကရှိထားခဲ့တဲ့ နားလည်သဘောပေါက်မှုဟာ မှန်မမှန်ဆိုတာကို ပြန်လည် ဆန်းစစ် သုံးသပ်ခွင့်ရရှိနေကြပြီ ဖြစ်တယ်ဗျာ။ ကျွန်တော်တို့ ပြည်သူ့ခေတ်ဂျာနယ်မှာ ဦးအေးသာအောင် အခန်းဆက်ရေးခဲ့တဲ့ ပင်လုံနဲ့ ဖယ်ဒရယ် ဆောင်းပါးတွေကို ဖတ်ရှုခဲ့ကြသူများအနေနဲ့ ကျွန်တော်တို့ ပြည်ထောင်စုကြီးရဲ့အတိတ်ကို မှန်မှန်ကန်ကန် သိရှိပြီး အနာဂတ်အတွက် မြော်မြော်မြင်မြင်နဲ့ တွေးဆနိုင်ကြလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်ဗျ။
ပြည်နယ်အာဏာ ခွဲဝေပေးရေး အဓိက
တကယ်တော့ ၁၉၆၁ အစောပိုင်းကာလမှာ တိုင်းရင်းသား ခေါင်းဆောင် အချို့ (အထူးသဖြင့် ရှမ်းစော်ဘွားတွေ) ပြည်ထောင်စုအစိုးရကို အရေးဆိုဖို့ စီစဉ်ခဲ့ကြတာက ခွဲထွက်ခွင့်တောင်းဖို့ မဟုတ်ဘူးဗျ။ ပင်လုံညီလာခံမှာ ချမှတ်ခဲ့တဲ့ အခြေခံမူများမှ တစ်စတစ်စ သွေဖည်လာပြီး တစ်နေ့တခြား တိုးတက် ဆုံးရှုံးလာနေတဲ့ တိုင်းရင်းသားလူမျိုး အခွင့်အရေးတွေကို မှန်မှန်ကန်ကန်ရရှိဖို့ ဖြစ်တယ်ဗျ။ တစ်နည်းပြောရရင် ၁၉၄၇ အခြေခံဥပဒေမှာ ဖော်ပြထားတဲ့ တိုင်းရင်းသား အခွင့်အရေးတွေကို လက်တွေ့မှာ အမှန်တကယ်ရရှိရေး တောင်းဆိုဖို့သာ စီစဉ်ခဲ့တာ ဖြစ်တယ်ဗျ။ နိုင်ငံရေးရဲ့ သဘာဝအတိုင်း အကျပ်ကိုင်တာ ဖိအားပေးတာ ဈေးဆစ်တာ ဈေးကိုင်တာတွေတော့ ပါချင်လည်း ပါမှာပေါ့ဗျာ။
ဒါပေမဲ့ တိုင်းရင်းသားခေါင်းဆောင် အများစုက ပြည်ထောင်စုက ခွဲထွက်လိုစိတ်မရှိကြတာတော့ ကျွန်တော် လေ့လာမိသလောက် သေချာတယ်ဗျာ။ သူတို့ အဓိကလိုချင်ကြတာက ပြည်ထောင်စု အာဏာနဲ့ ပြည်နယ်တွေရဲ့ အာဏာကို ပင်လုံညီလာခံ (တစ်နည်း) ၁၉၄၇ အခြေခံဥပဒေပါ ဖော်ပြချက်တွေအတိုင်း တိတိကျကျ ခွဲဝေပေးဖို့ပဲ ဖြစ်တယ်ဆိုတာ အထောက်အထားတွေ အများကြီး ရှိပါတယ်ဗျာ။
ကျွန်တော်တို့နိုင်ငံကို ပြည်ထောင်စု မြန်မာနိုင်ငံလို့ တရားဝင် ခေါ်ထားပေမယ့် တိုင်းရင်းသားတွေကတော့ “ပြည်ထောင်စု အမည်ခံ တစ်ပြည်ထောင်တည်း” အဖြစ် တစ်လျှောက်လုံး ရှုမြင်ခဲ့ကြတယ်ဗျ။ ကျွန်တော်တို့ တကယ် စစ်မှန်တဲ့ ငြိမ်းချမ်းရေး လိုချင်ကြတယ်ဆိုရင်တော့ တိုင်းရင်းသားတွေရင်ထဲက အဲဒီအမြင် ပပျောက်လွင့်စဉ်သွားအောင် လူများစုဖြစ်တဲ့ ကျွန်တော်တို့ ဗမာတွေက လုပ်ဆောင်ကြရမှာ ဖြစ်တယ်ဗျ။ ဒီတော့မှသာ ရွှေပြည်တော် မျှော်တိုင်းမဝေးတော့မယ့် အခြေအနေကို ဆိုက်ရောက်မှာ ဖြစ်တယ်ဗျာ။
ဗိုလ်ချုပ်အောင်ဆန်းရဲ့ စကား
ကျွန်တော်ကတော့ တိုင်းရင်းသားဒေသတွေမှာ သေနတ်သံတွေ မစဲသေးဘူးဆိုတဲ့ သတင်းတွေကြားရတိုင်း လွတ်လပ်ရေး ဗိသုကာ တိုင်းရင်းသား သွေးစည်းညီညွတ်ရေး ဗိသုကာ၊ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့စကား တစ်ခွန်းကိုပဲ အမြဲ ကြားယောင်မိတယ်ဗျာ။ ၁၉၄၇ အခြေခံဥပဒေထဲမှာ ပြည်နယ်ခွဲထွက်ခွင့် ပုဒ်မထည့်ဖို့ကိစ္စကို မြန်မာ ခေါင်းဆောင်တချို့က ကန့်ကွက်ကြတော့ ဗိုလ်ချုပ်က “အိုဗျာ ... ဒီဆယ်နှစ်အတွင်း ပြည်နယ်တွေ ခွဲမထွက်ချင်အောင် ကျုပ်တို့ ဗမာတွေက ကြိုးစားရမှာပေါ့၊ ဒီလိုမှ မကြိုးစားနိုင်ရင် ကျုပ်တို့ ညံ့လို့ပေါ့” လို့ ပြောခဲ့တယ်လို့ ကြားဖူးတယ်ဗျာ။
ဟုတ်ပါတယ်ဗျာ။ နှစ်ပေါင်းအရာ အထောင် တစ်မြေတည်းနေ တစ်ရေတည်းသောက်လာခဲ့ကြတဲ့ တိုင်းရင်းသားတွေနဲ့ စုပေါင်းတည်ထောင်ထားတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံတော်ကြီး မပြိုကွဲရလေအောင် လူများစုလူမျိုးစုဖြစ်တဲ့ ကျွန်တော်တို့ ဗမာလူမျိုးတွေက တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ တန်းတူညီမျှ ဝါဒဖြူစင်တဲ့နည်းလမ်း အသုံးပြုပြီး စတင် ကြိုးပမ်းသင့်ကြပြီလို့ ကျွန်တော် ယူဆတယ်ဗျာ။
(မှတ်ချက် ။ ။ ၁၉၆၁-၆၂ မှာ အတိအလင်း တောင်းဆိုခဲ့တဲ့ ရှမ်းမူလို့ နာမည်ကြီးတဲ့ ဖက်ဒရယ်မူ သို့မဟုတ် ပြည်ထောင်စုစစ်စစ်မူအကြောင်းနဲ့ ဖြစ်ရပ်မှန်များကို ထဲထဲဝင်ဝင် လေ့လာလိုသူများ ‘မြန်မာ့သမိုင်း ဖြစ်ရပ်အမှန်များ ရေးသားပြုစုရေးအဖွဲ့’က စိစစ်ထုတ်ဝေတဲ့ ‘၁၉၅၈-၁၉၆၂ မြန်မာ့နိုင်ငံရေး’ တတိယတွဲ အခန်း ၁၃၊ ယင်းစာအုပ် စတုတ္ထတွဲအခန်း ၁၄၊ အခန်း ၁၅၊ အခန်း ၁၆၊ ထို့အပြင် အခန်း ၁၇ စာမျက်နှာ ၂၃၅ အောက်ခြေမှတ်စုပါ ၁၉၆၂ ဖေဖော်ဝါရီ ၂၄ ပြည်လမ်း အသံလွှင့်ရုံ လူမျိုးပေါင်းစုံ နှီးနှောဖလှယ်ပွဲတွင် ဦးထွန်းမြင့် (တောင်ကြီး) ပြောကြားသော မိန့်ခွန်း ကောက်နုတ်ချက်တို့ကို စေ့စေ့စပ်စပ် ဖတ်ရှု လေ့လာ ဆင်ခြင် စဉ်းစားသင့်ပါကြောင်း)
၂၉၊ ၁၀၊ ၂၀၁၂
maungwuntha@gmail.com
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
No comments:
Post a Comment