နိုင်ငံရေးမှူးဘဝ
တရုတ်ဖွဲ့စည်းပုံအတိုင်း မြစ်ဝကျွန်းပေါ်မှာ ကေအဲန်ယူကို ပြန်လည်ဖွဲ့စည်းတော့ အဖိုးက တပ်မဟာ ၃ မှာ နိုင်ငံရေးမှူး တာဝန်ယူရတယ်။ နိုင်ငံရေးမှူးဆိုတော့ တပ်တွေကို နိုင်ငံရေး အတွေးအခေါ်တွေ၊ နိုင်ငံရေး သဘောတရားတွေ၊ နိုင်ငံရေး စနစ်တွေကို သင်ပေးရတာပေါ့။ တပ်တွေကို နိုင်ငံရေးသင်တန်းတွေပေးဖို့ ဗိုလ်ချုပ်မြမောင်နဲ့ ဗိုလ်မှူးစိုးအောင်တို့က အဖိုးကို တာဝန်ပေးတယ်။
အရင်တုန်းက နိုင်ငံရေးသဘောတရား၊ မူဝါဒတွေကို အဖိုး သိပ်မသိဘူး။ တိုက်ဖို့ ခိုက်ဖို့လောက်ပဲ စိတ်သန်တယ်။ အဖိုးက နိုင်ငံရေးသင်တန်းလည်း တခါမှ မတက်ရဘူး။ တခြားလူတွေ နိုင်ငံရေးသင်တန်းတက်တာ တစ်ခါနှစ်ခါ ရှိပြီ။ ဒါနဲ့ အဖိုးကို ဗိုလ်ချုပ်မြမောင်ကို ပြောတယ်။
“ဗိုလ်ချုပ်မြမောင် ခင်ဗျားတို့လုပ်တာ မတရားဘူး။ တခြားလူတွေ နိုင်ငံရေးသင်တန်းတက်တာ နှစ်ခါသုံးခါ ကျနော့်ကိုတော့ တခါမှ မခေါ်ဘူး။ နယ်ထဲမှာပဲ ထားတယ်။ အခု ကျနော့်ကို နိုင်ငံရေးမှူး တာဝန်ပေးတယ်။ သင်တန်းတွေ ပေးခိုင်းတယ်။ ခင်ဗျားတို့ တော်တော် ဂွကျတာပဲ”
သူတို့ကပြောတယ်။
“မင်းက တက်စရာမလိုလို့ တို့ မခေါ်တာ” တဲ့။
“ဘာဖြစ်လို့ တက်စရာမလိုလဲ။ ကျနော်လည်း နိုင်ငံရေး သင်ချင်တာပဲ”
“မင်းက သင်ဖို့မလိုဘူး။ ဒါကြောင့်တို့က ထားခဲ့တာ။ ဟိုကောင်တွေ ဒီလောက်တက်တာတောင် တုံးတယ်ကွ။ မင်းကို မမီဘူးကွ”
“ဘာပဲပြောပြော နိုင်ငံရေးဆိုတဲ့ အနှစ်သာရကိုတော့ ကျနော် သင်ချင်တာပေါ့”
အဲဒီတော့မှ သူတို့က နိုင်ငံရေးတရား ဟောတော့တာပဲ။ နိုင်ငံရေးရဲ့အနှစ်သာရက စား၊ ဝတ်၊ နေရေးပဲ။ အာဏာ ရရှိရေးပဲ တဲ့။ အာဏာအမျိုးမျိုးရှိတဲ့ အထဲမှာမှ ပြည်သူ့အာဏာက အကောင်းဆုံးပဲ တဲ့။ အုပ်စိုးသူလူတန်းစားက အစိုးရတွေကြည့်။
သူတို့ နိုင်ငံရေး မူဝါဒတွေ ချပြီး အုပ်ချုပ်နေတာပဲ။
ဒါပေမယ့် တရားမျှတမှု မရှိဘူး။ ပြည်သူ့အတွက် အခွင့်အရေးတွေ မရှိဘူး။ သူ့အတွက်ပဲ ကြည့်တယ်။
ဒါကြောင့် ပြည်သူတရပ်လုံး မခံချင်တာပေါ့။ ဆန့်ကျင်တာပေါ့။ အုံကြွတာပေါ့။
အာဏာဆိုတာ ပြည်သူတွေမှာ အခြေခံတဲ့ ပြည်သူ့အာဏာဖြစ်ရမယ်။ အစိုးရကလည်း ပြည်သူက ရွေးချယ်တင်မြောက်တဲ့ အစိုးရ ဖြစ်ရမယ်။ သူက အဲဒီလိုရှင်းပြတယ်။
နိုင်ငံရေးမှူးဖြစ်လာတော့ နိုင်ငံရေးစာပေတွေ လေ့လာဖတ်ရှုတာပေါ့။ မန်းဘဇန် ရေးတဲ့ ကရင့်တော်လှန်ရေး သင်ကြားချက်တွေ၊ လက်ဝဲစာပေတွေ လေ့လာတာ တော်တော်များတယ်။
နောက်တော့ ညီညွတ်ရေးကို ရည်ရွယ်ပြီးတော့ ကွန်မြူနစ်မူဝါဒစာတမ်းကိုလည်း သင်တန်းပေးတဲ့အခါ သုံးတာပဲ။ မြစ်ဝကျွန်းပေါ် အမှတ်၂၊ အမှတ် ၃ ခရိုင်မှာ သင်တန်းတွေပေး သဘောတရားတွေပေး တခုပြီးတခု ပေးတာပဲ။ အဖိုး နိုင်ငံရေး သင်တန်းတွေ တော်တော်လေးပေးဖြစ်တယ်။
ပဲခူးရိုးမရောက်တော့လည်း နိုင်ငံရေးသင်တန်းတွေ ပေးရတာပဲ။ မြစ်ဝကျွန်းပေါ်တိုင်းလိုတော့ မဟုတ်ဘူး။ ပဲခူးရိုးမက တော်တော် လေးခက်ခဲတယ်။ တို့ ကေအဲန်ယူကို ပိတ်ဝိုင်းစစ်ဆင်ရေးကြီးတွေ လုပ်တာကိုး။ ပဲခူးရိုးမမှာ ကွန်မြူနစ်ပါတီတွေလည်း အလူးအလဲခံရတာပဲ။ အဲဒီမှာ ငှက်ဖျားကလည်း ကြမ်း။ ဆင်ရိုင်းတွေကလည်း ပေါ။ ဒီကြားထဲ ဖြတ်လေးဖြတ်လုပ်တော့ အားလုံး ရိက္ခာတွေ ဘာတွေ ပြတ်ကုန်တာပေါ့။
နိုင်ငံရေးသင်တန်းပေးရတာ လူက များတယ်။ ဆန်နို့ဆီဗူး ၁ လုံးကို လူနှစ်ယောက်နှုန်းနဲ့ သင်ပေးရတာ။ ရဲဘော်တွေက တော်တော်ဇွဲရှိကြပါတယ်။ ဆန်နို့ဆီဗူး ၁ လုံးကို သင်တန်းသား ၂ ယောက်။ တနေ့စာ ဘယ်လိုလောက်မှာလဲ။ စားဖို့ကလည်း ထမင်းတမျိုးပဲရှိတာ။ ရှိတဲ့ အသီးအရွက်အကုန် ထည့်ချက်ရတာပေါ့။ ပိတ်ဆို့ရေးကြီးတွေလုပ်တော့ ထမင်းငတ်တာလနဲ့ ချီကြာတယ်။
ပဲခူးရိုးမမှာလည်း ဗိုလ်ချုပ်မြမောင်တို့ ဦးစိုးအောင်တို့နဲ့ အဖိုးတို့ အတူတူပဲ။ နမ့်ကျင်ရွှေတို့လည်း အဖိုးတို့နဲ့ အတူတူပဲ။ နမ့်ကျင်ရွှေက မြစ်ဝကျွန်းပေါ်ကနေ ပဲခူးရိုးမကို ရွှေ့ကတည်းက အဖိုးတို့နဲ့ အတူတူပါတယ်။ မင်းတို့အဖွားနဲ့လည်း ပါတယ်။ အဖိုးတို့ ပြောင်းတာ မိန်းကလေး ၃-၄ ယောက်ပါတယ်။ တော်တော်လေးလည်း ဇွဲကောင်းကြတယ်။ သတ္တိလည်း ရှိကြတယ်။ ပဲခူးရိုးမတိုက်ပွဲမှာ ခမရ (၁ဝ၈)နဲ့ ပစ်တုန်းကဆို နာမည်ကြီးပဲ။ တို့ဆီက မိန်းကလေးတွေကလည်း ပစ်တာပဲ။ တိုက်ပွဲက အနီးကပ်တွေ များတယ်။
ကွန်မြူနစ်ပါတီက ခင်စိုးဝင်းတို့၊ နန်းတင်ရွှေတို့ သခင်ချစ်သမီး မညိုတို့ဆိုတာ နာမည်ကြီးတွေပဲ။ တော်တော် စစ်တိုက်ရဲကြတယ်။ ရန်သူကလည်း သူတို့ကို အသေရရ အရှင်ရရပဲ။ သူတို့ကလည်း တိုက်ရဲ၊ သေရဲ၊ အနိုင်ယူရဲဆိုတဲ့ အတွေးအခေါ်ကလည်း အပြည့်ပဲ။ တိုက်ပွဲတွေက တော်တော်ကြမ်းပြီး တော်တော်လည်း ပြင်းထန်တယ်။ မိန်းမသားတွေ စစ်တိုက်ရတယ်ဆိုတာ လွယ်တာမှမဟုတ်တာ။ ဒါပေမယ့် ရန်သူက မိန်းမယောက်ျား ခွဲတာမဟုတ်ဘူး။ ကလေးတွေဆိုလည်း အကုန်ပစ်၊ အကုန် သတ်တာပဲ။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment