ဆေးပုလဲရွာ
နောက်တော့ အဖိုးတို့ ဆက်သွားတယ်။ စစ်တောင်းမြစ် ကမ်းနဘေးအတိုင်းပဲ။ အဲဒီမှာ ဆေးရွက်ကြီးပင်တွေစိုက်တဲ့ ဆေးပုလဲရွာဆိုတာကို တွေ့တယ်။ ဆေးပုလဲရွာကို မရောက်ခင် အဖိုးတို့ လမ်းဖြတ်ကူးကြသေးတယ်။
ဆေးပုလဲရွာက ဟိုဘက်ကမ်းမှာ။
လမ်းက ကားလမ်းဟောင်းကြီးပဲ။ စစ်တောင်းမြစ်နဲ့ နီးတယ်။ အဖိုးတို့အင်အားက ၁ဝဝ ကျော် ရှိတယ်။ စစ်တောင်းမြစ်ထဲ မျောသွားတော့ နည်းနည်း လျော့သွားတယ်။ ကားလမ်းကို မိုးမချုပ်တချုပ်မှာ ကူးတယ်။ အဖိုးတို့တပ်စုက အရင်ကူးပြီး ဒီဘက်အခြမ်းကနေ ပြန်စောင့်တယ်။
နောက်တော့မှ ဗိုလ်ချုပ်မြမောင်တို့အဖွဲ့ ကူးတယ်။ ကားလမ်းဘေးမှာ ကိုင်းတောကြီးရှိတော့ ကူးပြီးတာနဲ့ ကိုင်းတောထဲ လိမ့်ချလိုက်။ လိမ့်ချလိုက် ဒီလိုကူးကြတာ။ အားလုံး ကင်းကင်းရှင်းရှင်းပဲ။ ကားလမ်းဖြတ်ပြီးတော့ ခုနပြောတဲ့ ဆေးပုလဲရွာကို ရောက်တယ်။ ဆေးရွက်ကြီးပင်တွေ အများကြီးပဲ။ ရွာသားတွေက ခူးလို့တော့ ကုန်ပြီ။ နားဘန်ရွက်တွေပဲ ကျန်တော့တယ်။ သူတို့ မခူးကြတော့ဘူး။
အဖိုးတို့အဖွဲ့တွေ သူများ မခူးတော့တဲ့ နားဘန်ရွက်တွေ လိုက်ခူးကြတယ်။ ခူးပြီးတော့ဆက်သွားတာ ချောင်းတချောင်းကို ဖြတ်ရသေးတယ်။ ချောင်းက ရေတိမ်တိမ်ပဲ။ ဒူးကျော်ကျော်လောက်ပဲ ရှိတယ်။ အဲဒီချောင်းကိုကူးပြီးမှ တောင်ကုန်းလေးတခုကို ရောက်သွားတာ။ အဲဒီမှာ အဖိုးတို့ကျောပိုးအိတ်တွေချပြီးနားကြတယ်။ ဗိုလ်ချုပ်မြမောင်တို့အဖွဲ့ ရောက်လာပြီးတော့ …
“ဒီည ဒီမှာ အိပ်ရအောင်ဗျာ”
အလှည့်ကျ ကင်းချပြီး အိပ်ကြရအောင်ပြောတော့ အဖိုးတို့ အဲဒီမှာ အိပ်ကြတယ်။ တနာရီကျော်ကျော်လောက်တော့ မိုးလင်းလာတာပဲ။ မိုးလင်းတော့ သွားလို့မရတော့ဘူး။ အဲဒီမှာ အဖိုးတို့လမ်းပြရှာတာ လူတယောက်ရတယ်။ သူ့နာမည်က ‘တောက်တဲ့’ တဲ့။
ညဘက်မှ အဖိုးတို့ ခရီးစထွက်ကြတယ်။ ပဲခူးရိုးမကို ရောက်ပြီ။ ရောက်တော့ အဖိုးတို့ အဆက်အသွယ်လုပ်ကြတာပေါ့။ လမ်းမှာ ရွာတရွာ တွေ့သေးတယ်။ ရွာက ကရင်ရွာပဲ။ အဖိုးတို့အဖွဲ့ အဲဒီရွာကိုသွားပြီး အခြေအနေ စုံစမ်းတယ်။ ဗိုလ်ချုပ်မြမောင်ကိုတော့ ရွာနားက တောထဲမှာပဲ ထားခဲ့တယ်။
“ကျနော်တို့ ကရင်တွေပဲ။ မြစ်ဝကျွန်းပေါ်ကနေ တပ်တွေ တဆင့်တဆင့်ဆုတ်ပြီး ဒီကိုရောက်လာတာ။ သူကြီး ဒီမှာ အခြေအနေ ဘယ်လိုရှိလဲ။ ခင်ဗျားရွာမှာ တညလောက် နားမယ်။ အိပ်လို့ မရဘူးလား”
သူကြီးက …
“ဟာ ရတာပေါ့”
“ဒီလိုဆိုရင် ကျနော်တို့တပ်ကို ထမင်းတနပ်လောက် ကျွေးလို့မရဘူးလား”
“ရတာပေါ့” တဲ့။
အခြေအနေကို ဗိုလ်ချုပ်မြမောင်တို့ကို သတင်းသွားပို့တော့ ဗိုလ်ချုပ်မြမောင်တို့လည်း တက်လာတယ်။ အဲဒီမှာ အဖိုးတို့ တညအိပ်တယ်။ အဲဒီရွာက အဖိုးတို့ကို ထမင်းကျွေးတယ်။ ဆန်က တောင်ပေါ်ဆန်။ တော်တော်ကောင်းတယ်။ ငါးတကောင် နှစ်ကောင်းနဲ့ ငါးပိရည်ကျိုကို ငရုပ်သီးစိမ်းလေး ထည့်ထားတယ်။ အဖိုးစားတာ ကောင်းလိုက်တာ။ ကောင်းတာပေါ့။ ငတ်လာတာကိုး။
အဲဒီရွာမှာ တို့ ၂ ည အိပ်တယ်။ သူကြီးကလည်း ကရင်ပဲ။ အဖိုးတို့က အဖိုးတို့ရဲ့ မူဝါဒလမ်းစဉ်တွေကို ပြောပြတော့ သိပ်ကောင်းတယ်တဲ့။ သူကြီးက အဖိုးတို့ကို ထောက်ခံတယ်။
ကွန်မြူနစ်နဲ့ အထင်မှား
မနက်ကျတော့ အဖိုးတို့က တပ်မဟာ ၃ ကို သွားမှာကိုး။ အဲဒီမှာ အဖိုးတို့က အဆက်အသွယ် သွားလုပ်တယ်။ ရဲဘော်တယောက်ကို ရှေ့ပြေးလွှတ်လိုက်တယ်။ လွှတ်လိုက်တော့ ကုန်းအတက်မှာ သူတို့ပစ်တာ ထိတော့ မထိဘူး။ သူ ပြန်ပြေးလာတယ်။
“ကျနော့်ကို ဆီးပြီးပစ်တာ။ ကံကောင်းလို့ မသေတယ်”
“ဟ ဘယ်လိုဟာလဲ”
အဖိုးတို့ စဉ်းစားလို့ မရဘူး။ နောက်မှ သိရတာက ပစ်တာ ကစယ်ဒိုတို့ အဖွဲ့ကပဲ။ အခြေအနေကို အဖိုးက ဗိုလ်ချုပ်မြမောင်ဆီ သွားပြီးပြောတော့ …
“ဘယ်လိုဟာတွေလဲကွ။ အဆက်အသွယ်လုပ်မယ်လို့ ပြောထားသေးတယ်။ ပစ်လည်း ပစ်သေးတယ်”
“အေးကွ။ အဲဒါ မင်းဘယ်လိုဆက်လုပ်မလဲ။ ဒီတခါတော့ မင်းအလှည့်ပဲ။ မင်းသွားရဲလား။ သွားရဲတာပေါ့”
“အေး ဒါဆို မင်းသွား”
ဒါနဲ့ အဖိုးသွားတာပေါ့။ အဲဒီမှာ အဆင်ပြေသွားတယ်။ သူတို့ကလည်း ရန်သူထင်ပြီး ပစ်တာ၊၊ နောက်မှ အချိတ်အဆက်မိပြီး အဆင်ပြေသွားတာ။ အဲဒါနဲ့ ဗိုလ်မှူးချုပ် ကစယ်ဒိုဆီ ရောက်သွားတယ်။ ရောက်တော့ စကားတွေ ဘာတွေ ပြော။ ရေမိုးချိုး။ ထမင်းတွေ ချက်ကြတယ်။ အဲဒီမှာ ဗိုလ်ချုပ်မြမောင်က ဝက်သားစားချင်တယ်ဆိုပြီး တောင်းစားတယ်။ တို့ ဝက်သား မစားရတာကြာပြီ။
ကစယ်ဒိုကလည်း ‘အေး အေး’ ဆိုပြီး လူကြီးတွေကိုခေါ်ပြီး အဖိုးတို့ကို ဝက်တကောင် ပေါ်ပေးတယ်။
အဲဒီမှာ ဗိုလ်ချုပ်မြမောင် ဝက်သားစားတာ အဆီတုံးတွေချည်းပဲ။ ဝက်ဆီတုံးကို ပျားရည်နဲ့ သူ တို့တို့ပြီး စားလိုက်တာ အားရပါးရပဲ။ သူက ဝက်သား သိပ်ကြိုက်တယ်။ စားလိုက်ရင်လည်း အဆီတုံးသက်သက်ပဲ။
ကစယ်ဒိုက အဖိုးတို့အဖွဲ့ ပဲခူးရိုးမကို ရောက်လာတာကို ကွန်မြူနစ်တွေ လာတယ်ထင်ပြီး အဖိုးတို့အဖွဲ့ကို ချတော့မလို့။ သူ့တပ်ရင်း ၂ ရင်း ပြင်ထားပြီး စောင့်နေတာ။ မြစ်ဝကျွန်းပေါ်က တက်လာတဲ့လူတွေကို ကွန်မြူနစ်တွေဆိုပြီး အထင်မှားတာ။ သူတို့တပ် ရွာထဲရောက်တော့ ဘယ်သွားမလဲမေးတော့ ကွန်မြူနစ်တွေကို သွားတိုက်မလို့ တဲ့။
“ဘယ်က ကွန်မြူနစ်တွေလဲ”
“မနေ့တနေ့တုန်းကလာတဲ့ ကွန်မြူနစ်တွေပေါ့”
“အဲဒါ ကွန်မြူနစ်မှ မဟုတ်ဘဲ ကရင်တွေပဲ။ ဒီကောင်တွေက တကယ်တိုက်တဲ့လူတွေ မြစ်ဝကျွန်းပေါ်ကနေ ဖြတ်လေးဖြတ်ကို ဖြတ်ကျော်ပြီး ဒီကိုရောက်လာတာ။ ဒါကို မင်းက တခါသွားတိုက်မယ်။ မတိုက်နဲ့” ကျေးရွာလူထုက ပြောတာပေါ့။
ရွာလူထုက မတိုက်နဲ့။ အဲဒီကောင်တွေက တခါတည်း စုတ်ပြတ်သတ်၊ ငတ်ပြတ်ပြီး ရန်သူကို တိုက်ပြီးတော့မှ ထွက်လာတာ။ အဖိုးတို့ကို ဒီလို အထင်လွဲကြသေးတယ်။
နောက်တော့မှ ကစယ်ဒိုရဲ့ယောက်ဖလား မသိဘူး။ အဖိုးတို့ ရောက်လာတာကြားတော့ ပေါက်ချလာတယ်။ သူ့နာမည်က ဗိုလ်ဒီဝ ဆိုလားပဲ။ သူရောက်လာပြီး ဗိုလ်ချုပ်မြမောင်နဲ့ တွေ့တယ်။
“ဟာကွာ မင်းလာတာ တို့သိသားပဲ”
“မင်း ဘာလို့ တို့နဲ့လာမဆက်သွယ်လဲ။ မင်းမဆက်သွယ်လို့ ဒုက္ခရောက်နေတာ မင်း ဘယ်လိုကောင်လဲ”
အဲဒီတော့မှ အဖိုးတို့ အချိတ်အဆက်မိသွားတယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment