Wednesday, May 2, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၃၄)

ဂုဏ်ယူလိုက်စမ်းပါ 

အဖိုးရဲ့ နာမည်အရင်းက ကျော်သောင်းပဲ။ ကေအဲန်ယူထဲရောက်မှ “အောင်ဇေဦး”လို့ ပြောင်းတာ။ ရန်သူတွေက တအားလိုက်တာကိုး။ မိန်းမနဲ့ ကလေးတွေလည်း ဒုက္ခရောက်တယ်။ တောမှာထားလည်း မလုံ။ မြို့မှာထားလည်း မလုံ။ ကိုယ်ဝန်ကြီးတကားကားနဲ့ ရှောင်တိမ်းနေရတယ်။ ဝါဆို ဝါခေါင်ဆိုရင် မိုးရွာထဲမှာ မိုးကာလေးတခြမ်းနဲ့ တောထဲမှာနေရတာ။

ဒီတော့ သူက …

“ဒုက္ခ တယ်ရောက်ပါလား”

“ဒီလောက်တော့ ရှိမှာပေါ့။ ငါက တော်လှန်ရေးသမား စစ်ဗိုလ်။ စစ်တိုက်နေတော့ ငါက နာမည်ကြီးတော့ ရန်သူက နင့်ကို ငြိုးမှာပေါ့။ ငါက ကိုယ့်အမျိုးသားအတွက် လုပ်နေတာ။ နင် ဝမ်းတောင်သာရဦးမှာ”

အဖိုးက အဲဒီလိုပြောတော့ သူက ဘာမှမပြောဘူး။ အဖိုးက သူ့ကို နှစ်သိမ့်တာပါ။

သိပ်မကြာဘူး။ အဖိုး ခရီးထွက်ရပြန်ရော။

မိန်းမကို အမှုပတ်ပြီ 

အဖိုး ခရီးထွက်ပြီး သိပ်မကြာဘူး။ ပန်းတနော်က ယောက္ခမရွာကို ရန်သူ ရောက်လာတာပဲ။

သူကြီးကို “ဗိုလ်ကျော်သောင်းအိမ် ဘယ်မှာလဲ။ ပြစမ်း” တဲ့။ သူကြီးလည်း ခေါ်လာပြတာပေါ့။

“အဲဒါ ကျော်သောင်းအိမ်တော့ မဟုတ်ဘူး။ သူ့ ယောက္ခမအိမ်တဲ့။ သူ့မိန်းမလည်း ဒီမှာပဲရှိတယ်”

“သူ့အိမ် မဟုတ်ဘူးလား။ သူ ဒီမှာ မရှိဘူးလား”

“သူ ဒီမှာမနေဘူး။ သူ့အိမ် မရှိဘူး။ သူ မပြန်လာတာကြာပြီ”

“သူ့မိန်းမနဲ့ တွေ့ချင်တယ်” ဆိုတော့။ အဖွားကြီး ခပ်တည်တည်နဲ့ အိမ်အောက်ကို ဆင်းသွားတာပေါ့”

“ခင်ဗျား ကျနော်တို့နဲ့ လိုက်ခဲ့ရမယ်။ သွား ခင်ဗျားအဝတ်အစားတွေ သွားယူ” တဲ့။

သူကလည်း အိမ်ပေါ် ပြန်တက်ပြီးတော့ ထဘီ ၂ ထည် အင်္ကျီ ၂ ထည်ယူပြီး အိတ်တောင်မရှိဘူး။ လုံချည်ကွင်းထဲထည့်တာပေါ့။

နောက်တော့ သူ့ကို ကြည့်ပြီး ...


“သူ့အထုပ်ထဲမှာ ဘာပါလဲ။ ကြည့်စမ်း” တဲ့။

သူတို့ကြည့်တော့ ဘာတွေ့မှာလဲ။ ထဘီအဟောင်း၊ အင်္ကျီအဟောင်း ၂ စုံပဲ တွေ့တာပေါ့။

“ခင်ဗျားက ဗိုလ်ကတော်ဖြစ်ပြီးတော့ ခင်ဗျား အဝတ်အစားဒါပဲ ရှိသလား” တဲ့။

“ဟုတ်တယ်။ ဒါပဲ ရှိတယ်။ မယုံရင် သွားတက်ကြည့်” လို့ သူက ပြောတယ်။

သူကြီးက “ဟုတ်တယ်။ သူက ဗိုလ်သာဖြစ်နေတာ သူ့လက်ထဲမှာ လက်ပတ်နာရီလည်း မရှိ။ လက်စွပ်မရှိနဲ့။ မိန်းမကျပြန်တော့ ခင်ဗျားမြင်တဲ့အတိုင်းပဲ” လို့ ဝင်ပြောပေးတယ်။

သူကြီးက ...

“မခေါ်သွားပါနဲ့ဗျာ။ ခင်ဗျားတို့ တွေ့ချင်တဲ့အခါပြော။ ကျနော်ကိုယ်တိုင် လိုက်ပို့ပေးပါ့မယ်။ ကျနော် အာမခံပါတယ်”

သူကြီး အာမခံတော့ မခေါ်သွားတော့ဘူး။

“နင့်လင်က တော်တော်ဆိုးတယ်။ တိုက်ပွဲမှာ ဖမ်းမိတဲ့လူ ၄-၅ ယောက်ကို အကုန် သတ်ပစ်လိုက်တယ်”

ပြန်ထွက်ခါနီးကျတော့ အဲဒီစစ်ဗိုလ်က အမိန့်ပေးတယ်။

“အိမ်ကို မီးရှို့လိုက်” ... တဲ့။

သူ့စစ်သားတွေက ရှို့ရတာပေါ့။ အိမ်တော်တော်လေး မီးလောင်ပြီးမှ သူတို့ ထွက်သွားတယ်။ ပစ္စည်းနည်းနည်းပါးပါးပဲ ယူလို့မီတော့တာပေါ့။ အိမ်ကတော့ မီးလောင်သွားတယ်။

အဖိုးကတော့ ဘယ်သိမလဲ။ နောက်မှ သူတို့ပြန်ပြောပြလို့ သိရတာ။

 နှလုံးသားတွေ ကြွေကွဲရတယ် 

အဖိုး သားနဲ့သမီးကိုလည်း ရန်သူ ဖမ်းတာ ရှိသေးတယ်။ ဒီအကြောင်းကြားတော့ အဖိုး တော်တော်ဒေါသ ထွက်တယ်။ စိတ်လည်း မကောင်းဘူး။

“နင်တို့ ဖမ်းနှင့်ကြဦး။ ငါနဲ့ တွေ့မယ်”

ကလေးတွေရဲ့သတင်းကို အဖိုး နားထောင်တယ်။ ပုသိမ်နားက ရွာကလူတွေက အဖိုးနဲ့သိကြတာကိုး။ ပိုးကရင်တွေပဲ။ သူတို့နဲ့တွေ့တော့ …

“အဲဒါ ဗိုလ်ကြီးကျောင်သောင်း သားနဲ့သမီးလေ၊ သနားပါတယ်။ သူ့အဖေကတော့ တို့အမျိုးသားအတွက် စစ်တိုက်တာကွ။ မဖြစ်ဘူး။ တို့ အာမသွားခံရမယ်။ တောင်းပန်မယ်” ဆိုပြီး သူတို့ မြောင်းမြကို တက်သွားကြတာ။

မြောင်းမြကိုရောက်တော့ …

“ကျနော်တို့ ဒီကလေးနှစ်ယောက်ကို အာမခံပါတယ်။ ကလေးတွေ ဖြစ်နေလို့ပါ”

“ကလေးတွေနဲ့ ဘယ်လိုတော်စပ်သလဲ” လို့ ရွာသားတွေကို မေးတယ်။

“ဘယ်လိုမှ မတော်ပါဘူး။ ခင်ဗျားတို့ဖမ်းပြီး ဘယ်မှာထားမလဲ။ အချုပ်ထဲထည့်ရင်လည်း အသက်မှ မပြည့်သေးတာ။ ကျနော်တို့ ပြန်ခေါ်သွားပြီး ကြည့်ထားချင်တယ်။ ခင်ဗျားတို့ လိုချင်တဲ့အခါပြော ကျနော်တို့ အချိန်မရွေး ပြန်လာပေးပါ့မယ်။ မလိမ်ပါဘူး။ လိမ်ရင် ကျနော်တို့ကို သတ်ပါ”

ရွာသားတွေက တယောက်တပေါက် အာမခံ ဝိုင်းခံပေးကြတယ်။

ဒီလိုနဲ့ ကလေးနှစ်ယောက်ကို အာမခံနဲ့ ပြန်ခေါ်လာကြတယ်။ သူတို့ကို ပြန်ခေါ်လာတာ မန်းမတ် ဆိုတဲ့လူ။ သူက ကလေးတွေကို မြောင်းမြ၊ သိလ္လာကို ခေါ်သွားတယ်။ သိလ္လာရောက်သွားတော့ သူတို့ မောင်နှမနှစ်ယောက်ကို ပညာရေးကောင်းအောင် ဆိုပြီးတော့ ဘော်ဒါကျောင်းမှာ သွားထားတာ။ အဲဒီမှာ သူများတွေ ပြန်ပြောပြတာ တော်တော် ကြေကွဲစရာ ကောင်းတယ်။

အငယ်ကောင်က ကလေးကိုး။

ကျောင်းမှာ သူများ စကတ်တွေ၊ ထဘီတွေ လွှင့်ကျပြုတ်ကျရင် ကောက်ကောက်ပေးတော့ သူ့ကို သူများတွေက သနားလို့ ပိုက်ဆံ ၂ ပြား၊ ၃ ပြားပေးရင် ဒါကို မုန့်ပြေးပြေး ဝယ်စားတယ်။

မောင်နှမတွေ ဟင်းတွေဘာတွေ ငတ်တယ်။

သူ့မောင်လေးကို သူ့အစ်မက ... “ဒေးဒေး” လို့ပဲ ခေါ်တယ်။

“ဒေးဒေး လာ။ တို့ ဟင်းမစားရဘူး။ ပုရစ်သွားတူးမယ်”

မောင်နှစ်မ နှစ်ယောက် ပုရစ်သွားတူးတာပေါ့။

သူ့အစ်မက တူးလို့ရရင် သူ့မောင်လေးကို ပေးလိုက်။ သူ့မောင်လေးက ပုရစ်ကိုက်လို့ လွှတ်လိုက်။ ပုရစ်ကိုက်လို့ လွှတ်ရမလားဆိုပြီး သူ့မောင်ကို ရိုက်။ ဟိုကောင်ကလည်း ငိုတယ်။ နောက်မလုပ်တော့ပါဘူး ဆိုပြီး အော်အော်ပြီး ငိုတယ်။ သူ့မောင်ကိုရိုက်ပြီး သူ့အမကလည်း စိတ်မကောင်းဖြစ်။ ဒီပုရစ်ကို နောက်ဘယ်တော့မှ မတူးတော့ဘူး ဆိုပြီး ငိုတယ်။

သူများအိမ်တွေ ဘုရားရှိခိုးဖိတ်ရင် သူ့မောင်လေးက သွားတယ်။ အိမ်ရှင်တွေက ဝက်သားကျွေးတာကိုး။ သူ စားပြီးလို့ ဝသွားတော့ သူ့အစ်မအတွက် သူ့ပါးစပ်ထဲမှာ ကြီးကြီးတတုံး ငုံလာခဲ့တယ်။ ပြန်ရောက်တော့ ...

“ရော့ နင်စားဖို့ဝက်သား။ ငါ ပြန်ငုံလာခဲ့တယ်”

သူ့ အမကလည်း စားတာပဲ။ အဲဒီလိုတောင် ဖြစ်တာ။ ဒုက္ခဘယ်လောက်ရောက်တယ်ဆိုတာ။ အဖိုး ပြန်ကြားတော့ တော်တော်စိတ်မကောင်းဘူး။ ဒီသတင်းကြားတော့ အဖေဘက်က အမျိုးတွေရော၊ အမေဘက်က အမျိုးတွေရော လိုက်သွားတာ တယောက်မှ အာမခံပေးလို့ မရဘူး။

အဲဒီမှာ တနှစ်ကြာတယ်။ ပညာတော့ သင်ရတာပေါ့။ နောက်တော့ လက်နက်ချသွားတဲ့ ခရိုင်အတွင်းရေးမှူး စောအယ်ကော်က အာမသွားခံပေးတယ်။ ကလေးတွေကို သူ အာမခံပြီး ခေါ်လာခဲ့တယ်။ နောက်တော့ သူတို့ အဖိုးအဖွားတွေဆီပို့ပေးတယ်။

အဖိုးမှာ နာရီ ကောင်းကောင်းတလုံးရှိတယ်။ အဲဒီနာရီကို စောအယ်ကော်ဆီကို ပို့ခိုင်းလိုက်တယ်။ သူက အဖိုးဆီကို လူလွှတ်ပြီးတော့ ကလေးတွေကို သူ အာမခံပေးလို့ လွှတ်ပေးလိုက်ပြီ။ အခု သူ့အဖိုးအဖွားဆီမှာ အဲဒါ အဖိုးက ဘာမှာဦးမလဲလို့ သူက မေးတယ်တဲ့။

အဖိုးက ဒီလို လက်နက်ချ အညံ့ခံတဲ့ကောင်တွေကို ကြိုက်မှ မကြိုက်တာ။

“ဟေ့ကောင် ပြန်ပြောလိုက်။ ငါ ဘယ်တော့မှ ကျေးဇူးမတင်ဘူးလို့”

နောက်ပိုင်း ဘာသံမှလည်း မကြားရတော့ဘူး။

ဆက်လက်ဖော်ပြပါမယ်။


 

No comments: