မြန်မာများက လွှမ်းမိုးအုပ်ချုပ်လို၍ မဟုတ်
အထူးသဖြင့် ပြည်နယ်တွေရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ ကိုယ်ပိုင်အုပ်ချုပ်ရေးအနေအထားများကို စောင့်ကြည့်မိတယ်ဗျာ။ ပင်လုံစာချုပ်မှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တောင်တန်းဒေသ ခေါင်းဆောင်တွေ သဘောတူခဲ့ကြသလို၊ ဗိုလ်ချုပ်က “တောင်တန်းနယ်များ မလွတ်လပ်သရွေ့ ဗမာပြည်လွတ်လပ်ပြီဟု မဆိုနိုင်ကြောင်း၊ ဗမာများသည် တောင်တန်းလူမျိုးများကို ၄င်းတို့ဘာသာ အုပ်ချုပ်စေလိုကြောင်း၊ ဗမာများသည် ရှမ်း၊ ကချင်၊ ချင်းတို့၏ ပြည်တွင်းရေးကို စွက်ဖက်မည်မဟုတ်ကြောင်း” ပြောကြားခဲ့သလို၊
“ဤကဲ့သို့ လွတ်လပ်ရေးကို တစ်ပေါင်းတည်း ရယူလိုခြင်းမှာလည်း တောင်တန်းဒေသများကို မြန်မာများက လွှမ်းမိုးအုပ်ချုပ်လို၍ မဟုတ်မူဘဲ မြန်မာများနည်းတူ တောင်တန်းသားများကိုပါ တစ်ပြိုင်တည်း တစ်ပါတည်း လွတ်လပ်စေချင်၍သာ ဖြစ်ပေသည်” လို့ အာမခံခဲ့သလို တကယ် အကောင်အထည်ပေါ်ခဲ့ရဲ့လားဆိုတာ ဆန်းစစ်ဖို့လိုမယ်ဗျ။
ဆက်ဆံပုံ လေးလေးစားစား မရှိ
ပြည်နယ်နဲ့ တိုင်းဒေသကြီးတချို့ကို သတင်းတာဝန်နဲ့ သွားရောက်ခဲ့တဲ့ သတင်းစာဆရာမိတ်ဆွေတချို့က သူတို့စိတ်ထဲ ဘဝင်မကျတဲ့ အချက်တစ်ချက်ကို ပြောတယ်။ အုပ်ချုပ်ရေးပိုင်း (ဝန်ထမ်း) တချို့ဟာ အချို့အချို့သော ပြည်နယ်နဲ့ တိုင်းဒေသကြီးများက အစိုးရအဖွဲ့ဝင်တွေကို ပညာပြနေသလိုလို၊ သူတို့ကပဲ အပေါ်စီးက ပြန်ခိုင်းနေသလိုလို မြင်တွေ့ခံစားမိတယ်လို့ ဆိုတယ်ဗျ။ ပြည်ထောင်စု လွှတ်တော်မှာတောင် အာဏာရပါတီဘက်က မဟုတ်တဲ့ လွှတ်တော်အမတ်တွေကို အချို့အချို့သော ဝန်ထမ်းကြီးများက ဆက်ဆံပုံဟာ လေးလေးစားစား မရှိလှသလို မြင်တွေ့ခံစားမိသတဲ့ဗျာ။
သတိဆွဲ အလေးပြုသူ
အဲဒီစကားကြားရတော့ ကျွန်တော် ပြုံးမိရင်း ၁၉၉၀ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲရလာဒ်တွေထွက်ပြီး နောက်တစ်နေ့ မြင်ကွင်းတစ်ခုကို သတိရလိုက်တယ်။ ကျွန်တော် နိုင်တယ် ဆိုတာသိရပြီးတဲ့ နောက်နေ့မနက်မှာ မနက်စောစာ စားဖို့ ကျွန်တော့်အဖွဲ့တွေနဲ့ လက်ဖက်ရည်ဆိုင်သွားတယ်။ လမ်းမှာ မြို့နယ်က အဆင့်မြင့် အရာရှိကြီးတစ်ယောက်ကို သူ့နောက်လိုက် နောက်ပါတွေနဲ့အတူ တည့်တည့်တိုးတယ်။ ကျွန်တော်က စည်းရုံးရေးအပြုံးနဲ့ သူ့ကို လှမ်းကြည့်တယ်။ သူက ရုတ်တရက် သတိဆွဲလိုက်ပြီး အလေးပြုပါလေရောလား။ ကျွန်တော်ကလည်း ပြုံးပြုံးရွှင်ရွှင်နဲ့ ပြန်နှုတ်ဆက်လိုက်ပါတယ်။ ကျွန်တော့်အဖွဲ့တွေကတော့ သဘောအကျကြီး ကျနေကြတာပေါ့။ ကျွန်တော်က လမ်းမှာ ပြောပြရတယ်။ “စောင့်ကြည့်ကြပါဦး။ ကျွန်တော်တို့ အခြေအနေ တစ်မျိုးပြောင်းသွားရင် ဒီဆရာ အချိုး တစ်မျိုးပြောင်းဦးမှာပဲ” လို့ ပြောလိုက်တာပါ။ ကျွန်တော့်ပါးစပ်ပုပ်နဲ့ပြောမိတာ ဒက်ထိ မှန်ခဲ့တာပဲ။
အမတ်တစ်ယောက် လေ့လာသင့်တာတွေ
သည်ကြားထဲ ကျွန်တော်က ပြည်သူ့လွှတ်တော်အမတ်အဖြစ် ရွေးကောက်တင်မြှောက်ခံထားရသူအနေနဲ့ လုပ်သင့်တာတွေ လုပ်ထားရမယ်ဆိုပြီး ကျွန်တော့်မဲဆန္ဒနယ်အတွင်း အောက်ပါတို့ကို လေ့လာဖို့ ကြိုးစားပါတယ်။
(၁) တစ်ရွာနဲ့တစ်ရွာ ဆက်သွယ်ရေးလမ်းတွေ ပျက်စီးနေတာ ဘယ်လောက်များသလဲ။ လမ်းတွေ ပျက်နေခြင်းကြောင့် ပြည်သူတွေ ဘယ်လောက် အတိဒုက္ခရောက်နေသလဲ။
(၂) စာသင်ကျောင်း မရှိတဲ့ရွာ ဘယ်လောက်များသလဲ။ ကျောင်းမရှိတဲ့ ရွာက ကလေးတွေ ပညာရေး ဘယ်လို စခန်းသွားနေရသလဲ။
(၃) ကျေးရွာ ကျန်းမာရေးဆေးပေးခန်း မရှိတဲ့ရွာ ဘယ်လောက်များသလဲ။ ဆေးပေးခန်းရှိရင် ဆရာဝန်ကော ရှိရဲ့လား၊ ရှိတဲ့ဆရာဝန်က ရွာမှာနေရဲ့လား။ လစ်လစ်နေသလား။ သားဖွားဆရာမတွေ ရှိရဲ့လား။
(၄) မဲဆန္ဒနယ်ထဲက ရွာတွေမှာ စာကြည့်တိုက် မရှိတဲ့ရွာ ဘယ်လောက်များသလဲ။ စာကြည့်တိုက်ဖွင့်ရင် စာဖတ်ချင်တဲ့ လူကြီးလူငယ် အင်အား ဘယ်လောက်ရှိသလဲ။
(၅) ရွာထဲမှာ အလုပ်မရှိ တစ်ရာ့ကိုး တစ်ရာ့တစ်ဆယ်လုပ်နေတဲ့ ဘွဲ့ရ အလုပ်လက်မဲ့လူငယ် ဘယ်လောက်များသလဲ။ သူတို့အတွက် မဲဆန္ဒနယ်ထဲမှာ အလုပ်အကိုင် အခွင့်အလမ်း ဘာတွေရှိသလဲ။
(၆) မြေလွတ်မြေရိုင်း ဘယ်လောက်ရှိသလဲ။ လယ်မဲ့ယာမဲ့ ဘယ်လောက်များသလဲ။ လယ်ယာမြေတွေ မတရားအသိမ်းခံရတာ ရှိသလား။
(၇) မြို့နယ်နဲ့ ကျေးရွာ အုပ်ချုပ်ရေးတာဝန်ရှိသူတွေအပေါ် လူထုက ကျေနပ်မှုရှိရဲ့လား။ မကျေနပ်ဘူးဆိုရင် ဘယ်လို ကဏ္ဍတွေမှာ မကျေနပ်တာလဲ။
(၈) မြို့နယ်ထဲမှာ လောင်းကစားမှုတွေ ဘယ်လောက်များသလဲ။ ဘယ်လို ထိန်းကွပ်သလဲ။
စတဲ့ စတဲ့ မေးခွန်းတွေကို ကျွန်တော်ကရေးပြီး မိတ္တူတွေပွားကာ ရွာတွေက စုံစမ်းဖော်ထုတ်ပေးမယ့် ရဲဘော်တွေဆီ ပို့ပေးတယ်။ အမတ်တစ်ယောက်အနေနဲ့ ကိုယ့်မဲဆန္ဒနယ်ထဲက သိသင့်သိအပ်တဲ့ အခြေအနေတွေကို မှတ်တမ်းတင်ဖို့ စီစဉ်တာပါ။ အခြေအနေမှန်တွေသိရင် ကိုယ်တိုင် ဆောင်ရွက်ပေးနိုင်တာ ဆောင်ရွက်ပေးမယ်။ မဆောင်ရွက်ပေးနိုင်တာကို အကူအညီရှာမယ်။ အဲဒီစေတနာနဲ့ လုပ်ခဲ့တာပါ။
ရန်သူလို သဘောထားလိုက်ပြီ
သို့ပေမယ့် စောစောက ကျွန်တော့်ကို သတိဆွဲ အလေးပြုတဲ့ပုဂ္ဂိုလ်ရဲ့အမိန့်နဲ့ပဲ ဘာတစ်ခုမှ ရှေ့ဆက်လေ့လာလို့ မရတော့ပါဘူး။ အခု သူက ကျွန်တော့်ကို ရန်သူလို သဘောထားလိုက်ပြီလေ။ အလေးပြုတဲ့နေ့ကနေ ရေတွက်ရင် ၂ လခွဲပဲ ကြာပါတယ်ဗျာ။ ခုတော့ သူ့အမိန့်မပါဘဲ အဲသလို စုံစမ်းမေးမြန်းမှုတွေ လုံးဝ မလုပ်ရဘူးလို့ အာဏာပြပါလေရောလား။ သူတွက်တာလည်း အတော်နီးစပ်ပါတယ်။ အဲဒီကနေ နောက် သုံးလလောက်ပဲ ကြာတယ်။ အမတ်မင်းခမျာ ရေကြည်အိုင်ကတစ်ဆင့် အင်းစိန်ကို ရောက်သွားတာပါပဲ။
ဝန်ထမ်းကို ပြန်ကြောက်ရမယ့်ကိန်း
အဲသလို အမြော်အမြင်ကြီးတဲ့ အုပ်ချုပ်ရေးဝန်ထမ်းမျိုးဆက်ဟာ နှစ်ပေါင်း ၂၀ ကျော်ကြာပြီးတဲ့တိုင် အားကောင်းနေတုန်းပဲဗျ။ တိုင်းဒေသကြီးအချို့နဲ့ ပြည်နယ်အချို့က အစိုးရအဖွဲ့ဝင်အချို့ဟာ အုပ်ချုပ်ရေးဝန်ထမ်း လက်ထောက်ပြတဲ့နေရာမှာ လက်မှတ်ထိုးပေးနေရတယ်။ အမတ်မင်းအချို့နဲ့ ဝန်ကြီးအချို့ဟာ အုပ်ချုပ်ရေးဝန်ထမ်းကို ပြန်ကြောက်ရမယ့်ကိန်း ဆိုက်နေသလိုလို၊ သူတို့နဲ့ဖက်ပြီး နင်ဘဲငဆ ရန်ဖြစ်ရမလိုလို ကြုံနေရသတဲ့ဗျာ။ (ပွင့်ပွင့်လင်းလင်းပြောရရင် ဝါးလုံးရှည်နဲ့ သိမ်းရမ်းတယ် အပြောခံရမှာစိုးလို့ အချို့ အချို့လို့ ထည့်ရေးနေတာပါ။ တကယ်ကတော့ နေရာအတော်များများမှာ အဲသလို ဖြစ်နေတာလို့ သိရတယ်ဗျ။)
ဒီမိုကရေစီဆိုတာ ဗျူရိုကရေစီကို ကျုံ့ပစ်ရမှာဗျ။ ဗျူရိုကရေစီကို ကြီးထွားအောင် ဘယ်နည်းနဲ့မှ အားမပေးသင့်ဘူး။ ဗျူရိုကရေစီကို လိုအပ်သလောက်ပဲ အသုံးချရမှာဖြစ်ပြီး ဒီမိုကရေစီနယ်ပယ်ကိုသာ ပို၍ ကျယ်ပြန့်အောင် ချဲ့ထွင်ရမှာ ဖြစ်ကြောင်းပါဗျာ။
၂၇၊ ၀၄၊ ၁၂
maungwuntha@gmail.com
ယနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ ဆောင်းပါး။
No comments:
Post a Comment