Tuesday, April 3, 2012

လူရာသွင်းပြီး အသိပေးပြောကြားရင်ပဲ ကျေနပ်ပါတယ် (လူထုစိန်ဝင်း)

“လက်ကိုင်တယ်လီဖုန်းတစ်လုံးရှိရုံနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို လက်ဖဝါးပေါ် တင်ကြည့်သလို ကြည့်နိုင်တဲ့ခေတ်မှာ အညာအလှိုင်းတွေ၊ အလိမ်အကောက်တွေနဲ့ အလုပ်မဖြစ်တော့ဘူး။ ဘာကိစ္စဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန်နဲ့ အရှိကိုအရှိအတိုင်း ပြောလိုက်တာဟာ အကောင်းဆုံးပဲ။ ဝါဒဖြန့်ချိရေးတို့၊ စိတ်ဓာတ် စစ်ဆင်ရေးတို့၊ ‘မက်ခီယာဗယ်လီ’ နည်းစနစ်တို့ဆိုတာတွေဟာ လူတွေ အသိဉာဏ်ရေချိန် မြင့်တဲ့ခေတ်မှာ အသုံးမဝင်တော့ပါဘူး …”

အခုတလော ရာသီဥတုက ပူသလားမပြောနဲ့ လူဟာ ကုန်းပေါ် ပစ်တင်ခံရတဲ့ငါးလို ဟောဟဲလိုက်နေတယ်။ ဒီထဲမှာ မီးကလည်း နေ့ပျက်လိုက် ညပျက်လိုက် ဖြစ်နေပြန်လေတော့ အောက်ဆီဂျင်ဘူးအသေးနဲ့တင် မလောက်တော့လို့ ယောက်ျားကြီးနှစ်ယောက် မနည်းမရတဲ့ ဧရာမဘူးအကြီးပါ မှာထားရတယ်။

လာလိုက်ပျက်လိုက် ကြာလာတော့ 

လူနေအိမ်နဲ့ မတူတော့ဘူး။ ဆေးရုံနဲ့ တူလာတယ်။ အပြင်က လေကိုယူပြီး အောက်ဆီဂျင် ခွဲထုတ်ပေးတဲ့စက်က နှစ်လုံး ထားရတယ်။ နေ့တစ်လုံး ညတစ်လုံး။ မီးပျက်တဲ့အခါနဲ့ ရေချိုးခန်း သန့်စင်ခန်းဝင်တဲ့အခါ အတူသယ်သွားဖို့ ဆိုင်ကမှာရတဲ့ အောက်ဆီဂျင်ဘူးသေး တစ်လုံးကလည်း သီးသန့် ထားရတယ်။ နှစ်ရက်တစ်ခါ မှာရတယ်။


အခုရက်ပိုင်းကျတော့ မီးက ခါတိုင်းနှစ်တွေလို အလှည့်ကျပေးတယ်လို့ ကြေညာမထားပေမယ့် နေ့ရောညပါ နေ့တိုင်း ပျက်တယ်။ တစ်ခါတလေ သိပ်အကြာကြီးမဟုတ်ဘဲ ပျက်လိုက် လာလိုက်၊ လာလိုက် ပျက်လိုက် ခဏခဏဖြစ်ပြီး တစ်ခါတလေကျတော့ နှစ်နာရီ သုံးနာရီ ကြာချင်လည်း ကြာသွားတယ်။ အဲဒီတော့ အောက်ဆီဂျင်ဘူး အကြီးရော အသေးပါ မှာရတော့တယ်။

သမီးလေးကို သတိရတယ်

အသေးကလည်း မမှာမဖြစ်ဘူး။ နေ့တိုင်း ရေချိုးခန်းဝင်တဲ့အခါ ဘူးအသေးမှ သယ်သွားနိုင်တာ။ အိပ်ရာဘေးမှာ အောက်ဆီဂျင် ဘူးကြီး ဘူးသေးတွေ၊ အောက်ဆီဂျင်စက်တွေအပြင် အသက်ရှုချောင်အောင် နေ့စဉ်ဆေးထည့်ပြီး နှာခေါင်းအုပ်ရှုရတဲ့စက်၊ သွေးတိုး နှလုံးခုန်တိုင်းတဲ့ စက်၊ သွေးထဲက အောက်ဆီဂျင်တိုင်းတဲ့စက်၊ နိုင်ငံခြားရောက် သမီး သမားတော်မလေးကိုယ်တိုင် လုပ်ပုံကိုင်ပုံတွေ အသေအချာ သင်ပြပြီးပေးထားခဲ့တဲ့ အသက်ရှုလေ့ကျင့်ခန်းလုပ်တဲ့ ကိရိယာစတဲ့ စတဲ့စက်ပစ္စည်းကိရိယာတွေနဲ့ ဝိုင်းဝိုင်းလည်ဖြစ်နေတယ်။ သမီးသမားတော်မလေးက နိုင်ငံခြားက သတိရလို့ ဖုန်းဆက်တဲ့အခါတိုင်း အသက်ရှုလေ့ကျင့်ခန်း လုပ်တဲ့နည်းထက်ကောင်းတာ ဘာမှမရှိဘူး။ မှန်မှန်လုပ်ပါနော်လို့ တဖွဖွမှာနေကျ။ ဒီပစ္စည်းကိုကိုင်လိုက်တိုင်း သမီးလေးကို သတိရ လွမ်းဆွတ်ရတယ်။

လူရွှင်တော် ပြက်လုံး

တရားရှင်မဟုတ်လေတော့ အသက်ကြီးလေ လွမ်းစရာတွေက ပိုများလေဖြစ်လာတယ်။ အတ္တကိုပယ်ခွာပြီး အနတ္တကိုရှုမြင်ရမယ့် အစားအစွဲအလန်းတွေ သံယောဇဉ်တွေက ပိုကြီး ပိုများလာတယ်။ အသက်ကြီးလေ လွမ်းစရာတွေ ပိုများလေ ဖြစ်လာတယ်။ မီးပျက်သွားတော့လည်း မနှစ်က ဒီအချိန်ကို ပြန်လွမ်းမိလိုက်တယ်။ မနှစ်က တစ်နှစ်လုံး မီးမဖြတ်ဘူး။ နေ့ရော ညပါပေးတယ်။ မိုးကလည်း အဆက်မပြတ်လှလေတော့ သိပ်ပြီး အပူဒဏ်မခံလိုက်ရဘူး။ ဒီနှစ်တော့ အရင့်အရင်နှစ်တွေကလို အေဘီစီ အုပ်စုသုံးစုခွဲပြီး အလှည့်ကိုပေးတဲ့ စနစ်ဒီလကုန်မှာ စတော့မယ်လို့ ဂျာနယ်ထဲ ရေးထားတာ ဖတ်လိုက်ရတယ်။ သတင်းစာတွေထဲမှာတော့ ဟိုနေရာက မဂ္ဂါဝပ် ဘယ်လောက် ထွက်တယ်။ ဒီနေရာက မဂ္ဂါဝပ် ဘယ်လောက် ထွက်တယ်။ ဒီနားက ဘယ်လောက် ဟိုနားက ဘယ်လောက် ထွက်တယ် စသဖြင့် စသဖြင့် ရေးထားတာတွေ တွေ့နေရသေးတယ်။ အိမ်တွေသာ မီးမလာတာ သတင်းစာတော့ ကိုင်လိုက်ရင်တောင် ဓာတ်လိုက်နေတယ်ဆိုတဲ့ လူရွှင်တော် ပြက်လုံးကို သွားသတိရလိုက်တယ်။

ကုန်းအော်ပစ်လိုက်ချင်

မီးအကြောင်းစပြီး စဉ်းစားလိုက်တော့ မြန်မာလူမျိုးတွေ သိန်းပေါင်း သုံးဆယ်၊ လေးဆယ်လောက် ထိုင်းနိုင်ငံထဲ သွားအလုပ်လုပ်နေကြတယ်ဆိုတဲ့အကြောင်းက ခေါင်းထဲ ရောက်လာပြန်တယ်။ ထိုင်းနိုင်ငံက မြန်မာပြည်က ဓာတ်ငွေ့တွေနဲ့ စက်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ပြီး ကြီးပွားချမ်းသာနေတယ်။ ဒီတော့ ဓာတ်ငွေ့ပိုင်ရှင် မြန်မာတွေက သူတို့ဆီသွားပြီး အလုပ်ကြမ်းတွေ လုပ်နေကြရတယ်။ ဂုတ်သွေး (ကုပ်သွေး) စုပ်ချင်တိုင်းစုပ်ပြီး အနိုင်ကျင့်ချင်တိုင်း ကျင့်တာခံရတယ်။ ရင်နာစရာ သိပ်ကောင်းတယ်။ တွေးလေ တွေးလေ အရိုးထိအောင်နာပြီး ကမ္ဘာတုန်အောင် ကုန်းအော်ပစ်လိုက်ချင်တယ်။

ကျောက်မီးသွေးနဲ့ မောင်းမှာလား

ဂျာနယ်တွေ ဖတ်မိရင် ပိုဆိုးတယ်။ ရန်ကုန်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးပျံရထားလမ်းဖောက်မယ့် စီမံကိန်း၊ မြေအောက်ရထား လမ်းဖောက်မယ့် စီမံကိန်းတွေပါ ထည့်သွင်းစဉ်းစားနေတယ်။ နိုင်ငံခြား ကုမ္ပဏီတွေက အထူး စိတ်ဝင်စားကြတယ်ဆိုတာတွေဖတ်ပြီး လျှပ်စစ်မီး လုံလောက်အောင် အရင်ကြံဆပါဦး။ ကျန်တာတွေ ဖြည်းဖြည်းမှ စဉ်းစားကြပါလို့ ပြောခွင့်ရရင် ပြောချင်တယ်။ မိုးပျံရထားကို ဘာနဲ့မောင်းမှာလဲ။ ရှေးကလို ထင်းခြမ်းကြီးတွေနဲ့ ကျောက်မီးသွေးတွေနဲ့ မောင်းမှာလား။ နိုင်ငံခြားကုမ္ပဏီတွေကတော့ သူတို့ပစ္စည်းတွေ ရောင်းရ၊ သူတို့လူတွေ အလုပ်ရမှာဆိုတော့ စိတ်ဝင်စားကြမှာပေါ့။ အကြွေးပေါ်မှာ အကြွေးဆင့်မယ့်ကိစ္စမျိုးတွေကိုတော့ ရှောင်ကြပါရှားကြပါလို့ တောင်းပန်ပါရစေ။

အရှိကို အရှိအတိုင်း

ဆောက်ဖြစ်မှ ကျောင်းဒကာဆိုတာလို လုပ်ဖြစ် မလုပ်ဖြစ်ဆိုတာက နောက်မှ။ အခု လောလောဆယ်တော့ လူတွေ သဘောတွေ့သွားမှာပဲဆိုတဲ့ လုပ်နည်းလုပ်ဟန်တွေကို စနစ်ဟောင်းနဲ့အတူ ထားပစ်ခဲ့ဖို့ ကောင်းပါပြီ။ လက်ကိုင်တယ်လီဖုန်းတစ်လုံးရှိရုံနဲ့ ကမ္ဘာကြီးတစ်ခုလုံးကို လက်ဖဝါးပေါ် တင်ကြည့်သလို ကြည့်နိုင်တဲ့ခေတ်မှာ အညာအလှိုင်းတွေ၊ အလိမ်အကောက်တွေနဲ့ အလုပ်မဖြစ်တော့ဘူး။ ဘာကိစ္စဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်း မှန်မှန်ကန်ကန်နဲ့ အရှိကိုအရှိအတိုင်း ပြောလိုက်တာဟာ အကောင်းဆုံးပဲ။ ဝါဒဖြန့်ချိရေးတို့၊ စိတ်ဓာတ် စစ်ဆင်ရေးတို့၊ ‘မက်ခီယာဗယ်လီ’ နည်းစနစ်တို့ဆိုတာတွေဟာ လူတွေ အသိဉာဏ်ရေချိန် မြင့်တဲ့ခေတ်မှာ အသုံးမဝင်တော့ပါဘူး။

လက်ခံဖို့ အသင့်

ကျွန်တော်တို့ကို ပွင့်ပွင့်လင်းလင်း အမှန်အတိုင်းသာ ပြောပါ။ ကျွန်တော်တို့က လက်ခံဖို့ အသင့်ပါပဲ။ နွေရာသီ ရေခန်းလို့ ရေအားလျှပ်စစ် ထုတ်လုပ်မှုကျတယ်။ ဒါကြောင့် ခွဲတမ်းနဲ့ပေးမှဖြစ်တော့မယ်လို့ အမှန်အတိုင်း ပြောလိုက်ပါ။ ကျွန်တော်တို့က အင်ဗာတာတွေ၊ မီးစက်တွေ အသင့်ပြင်ထားကြပါမယ်။ ကျွန်တော်တို့ကို လူရာသွင်းပြီး အသိပေးပြောကြားတယ်ဆိုရင်ပဲ ကျွန်တော်တို့က ကျေနပ်နေကြတာပါ။

 Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။ 


  

No comments: