Monday, April 2, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၃၁)

ဆားမလောက်ကို တိုက်ပြီ

၎ နာရီထိုးတော့ လာခေါ်တာပဲ။ ဘယ်နေရာတိုက်မယ်ဆိုတာ မပြောဘူး။ အဖိုးလည်း လိုက်သွားတာပေါ့။ အဖိုးက မေးကြည့်တယ်။

“တို့ ဘယ်နေရာတိုက်ရမလဲ”

“ပြောလို့မရဘူး” တဲ့။

အဖိုးစိတ်ထဲမှာတော့ သတင်းပေါက်မှာကြောက်လို့ မပြောတာဘဲဖြစ်မယ်လို့ တွေးလိုက်တယ်။ အတော်ကြာကြာ သွားလိုက်ရတယ်။ ကြည့်လိုက်တော့ ဆားမလောက်ဂိတ် ဖြစ်နေတာကိုး။

“အဲဒီနေရာကို ခင်ဗျားတို့ တိုက်ရမယ်”

လာပြတဲ့လူက ပြန်သွားတယ်။ ကျနော် သွားတော့မယ် တဲ့။ သူ ပြန်သွားတော့ အဖိုးက တပ်စုမှူးတွေ၊ ဒုစုမှူးတွေ၊ တပ်ကြပ်ကြီးတွေကို ခေါ်တာပေါ့။

“တို့တိုက်ရမှာက ဒီနေရာပဲကွ” 

အဖိုးက သူတို့ကို လက်ညှိုးထိုးပြလိုက်တယ်။

“ဘယ်လိုလဲ။ တိုက်လို့မရရင်လည်း ရှက်စရာကြီး”

အဖိုးတို့အင်အားက ၃ဝ လောက်တော့ ရှိတယ်။ အဖိုးလူတွေကလည်း ချမယ်တဲ့။ 

သတ္တိကောင်းတဲ့ ကောင်တွေချည်းပဲကိုး။

သူတို့က အင်္ဂလိပ်လို ခေါ်တယ်ကွ။ အဖိုးလည်း သိပ်နားမလည်ဘူး။ ဇီးရိုး အာဝါ ဆိုလား။

အဲဒါက စမယ်။ သေနတ်သံကြားရင် ချတော့ အဲဒီလိုပြောတယ်။

အဖိုးက ပြောတယ်။

“တို့ တိုက်မဲ့လူတွေ ဒီမှာနေတာ ဝေးတယ်ကွ။ ဝမ်းလျားမှောက်ပြီးတော့ သွားမယ်။ ငါ့နောက် လိုက်ခဲ့။ မတ်တပ်ရပ်ပြီး သွားရင် သူတို့ မြင်ရမယ်”

သေနတ်ကျောပေါ်တင်ပြီး ဝမ်းလျားမှောက်ပြီးသွားတာ ညီတူညာတူပဲ။

ကိုက် ၁ဝဝ လောက် အကွာရောက်တော့ တော်ပြီထင်တယ်။

လှမ်းကြည့်တော့ ကောင်းကောင်းမြင်နေရပြီး။ ၄ နာရီကျော် ၅ နာရီနား နီးနေပြီ။

သူတို့ကတော့ ကင်းစောင့်တဲ့ကောင်က စောင့်၊ အိပ်တဲ့ကောင်က အိပ်နေဦးမှာပေါ့။ အဖိုးက ပြောထားတယ်။ အဆင်သင့် နေထားကြ။ သေနတ်သံကြားတာနဲ့ တပြိုင်ထဲ ပစ်မယ်လို့။

တခါတည်း သေနတ်သံ ‘ဒိုင်းခနဲ’ ကြားတာနဲ့ အဖိုးတို့အဖွဲ့လည်း ပစ်တော့တာပဲ။

“ဒိုင်း ဒိုင်း ဒိုင်း ဒိုင်း” “ဝေါ ဝေါ ဝေါ” နဲ့ အကုန် တက်သိမ်းပစ်တာပဲ။

သူတို့ဘက်က ၄ ယောက် ၅ ယောက် ရှိမယ်။ အကုန်သတ်ပစ်တာပဲ။

ဟိုဘက်ကကောင်တွေကတော့ ပစ်တုန်း။ သူ့တာဝန်နဲ့သူ ပေးထားတာကိုး။

အဖိုး ဒုစုမှူးက အဖိုးကို ပြောတယ်။

“ဒီလိုပဲ ကြည့်နေလို့ ဖြစ်မလား။ သွားကူရင် မကောင်းဘူးလား”

“မင်းကို ဘယ်သူကူခိုင်းလို့လဲ။ မကူခိုင်းဘဲနဲ့ သွားကူရင် သေသွားရင် ပြဿနာဖြစ်ဦးမယ်။ အမိန့်ကျလာမှ သွားကူမယ်”

“အေး ဒါလည်း ဟုတ်တာပဲ”

အဖိုးတို့က သေနတ် ၆ လက် ရတယ်။ အဖိုးတို့ ထိုင်ပြီးတော့ စောင့်နေကြတာပေါ့။ အမိန့်မှ ကျမလာသေးပဲ။ အဖိုးတို့ထိုင်စောင့်ရင်း တယောက်တပေါက်ပြောကြတာပေါ့။

ငါ ချလိုက်တာ ဘယ်လိုလဲ။ ဘာညာနဲ့ နိုင်တော့ ကြွားနေကြတာပေါ့။ အဖိုးကလည်း အမြင်ကပ်တာနဲ့ …

“ဟေ့ကောင်တွေ စစ်တိုက်တာ ကြွားဖို့ မဟုတ်ဘူးကွ။ ဂုဏ်ယူဖို့ကွ။ မင်းတို့ကောင်တွေ တယ်ကြွားချင်ကြတာကိုး။ နိုင်ရင် ဂုဏ်ယူရတယ်။ ရှုံးရင် ကျက်သရေနည်းနည်းမှ မရှိဘူး။ မကြွားနဲ့။ ဂုဏ်ယူကြ”

အဲဒီလို ပြောတော့ သူတို့ ရယ်နေကြတယ်။ ဘာမှမပြောတော့ဘူး။ အဲဒါနဲ့ တပ်ရင်းမှူးက လူလွှတ်ပြီး ပြောခိုင်းတယ်။ မရသေးတဲ့အဖွဲ့ကို ကူတိုက်ဖို့။ အဖိုးက ကိုယ့်လူကိုယ်ခေါ်တာပေါ့။

“ကူရမယ်လို့ ပြောတယ်။ တို့က ကူမယ်။ ကူတာတော့ ဟုတ်ပြီ။ တို့အရမ်းပစ်လို့တော့ မဖြစ်သေးဘူး။ အဲဒီမှာ တိုက်နေတဲ့အကောင်တွေကို မင်းသွားမေးကြည့်။ သူတို့ဘယ်မှာနေပြီး ဘယ်နေရာကို တိုက်တာလဲ။ မှတ်လာခဲ့ပြီးရင် မင်း ပြန်လာခဲ့”

တို့လွှတ်တဲ့လူ ပြန်လာတော့ တာရိုးကနေ လှမ်းပစ်နေကြတာ။ အဖိုးတို့ တာရိုးကနေလာမယ်။ အရှေ့တည့်တည့် လှဲပစ်မယ်။ ပစ်ရင် ဖုတ်(ကတုတ်ကျင်း)ကိုပဲ ပစ်မယ်လို့။ အဖိုးတို့က နောက်ကျောက ဝင်တိုက်မှာ။ ဒီကောင်တွေက အရှေ့ကိုပဲ မဲနေတာ။

အဲဒီမှာ အဖိုး စတင်းဂန်းကို မောင်းတင်ပြီး ‘ဖောင်း ဖောင်း ဖောင်း’ နဲ့ ချတာ။ ဒီကောင်တွေ ဘယ်ခံနိုင်မလဲ။ ၄ ယောက် ကျသွားတယ်။ အဲဒီမှာ အဖိုးတို့ဘက်က နိုင်တာပေါ့။

ဆက်လက်ဖော်ပြပါမယ်။ 


 

No comments: