Thursday, March 29, 2012

ပြောတော့ ပြောတာပေါ့၊ ဒါပေမယ့် မပြောဘူး (လူထုစိန်ဝင်း)


"နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့မိန့်ခွန်းမှာ မြန်မာလို ၁ ကြိမ် အင်္ဂလိပ်လို ၉ ကြိမ်၊ စုစုပေါင်း ၁၀ ကြိမ်တိတိ တရားဥပဒေစိုးမိုးရေး (Rule of Law) ဆိုတာ ပြောသွားခဲ့တယ်။ ယေဘုယျ သဘောပဲရှိပြီး လက်တွေ့ ဘယ်လို လုပ်နေကြတယ်ဆိုတာတွေတော့ ရှင်းလင်းပြောကြားသွားတာ မတွေ့ရဘူး။ ဥပဒေဆိုတာ ပြဋ္ဌာန်းထားတဲ့ စာအုပ်ထဲမှာရှိရုံနဲ့ပြီးတာ မဟုတ်ပါဘူး။ လက်တွေ့ လိုက်နာကျင့်သုံးဖို့ လိုပါတယ်။ တရားဥပဒေစိုးမိုးရေးသာ မှန်မှန်ကန်ကန် တိတိကျကျ ပြည့်ပြည့်ဝဝ ခံစားကြရမယ်ဆိုရင် ..."

မတ်လ ၁ ရက်က လွှတ်တော်မှာပြောကြားခဲ့တဲ့ နိုင်ငံတော်သမ္မတရဲ့ မိန့်ခွန်းနဲ့ပတ်သက်ပြီး တချို့က ထူးခြားတဲ့မိန့်ခွန်းလို့ သဘောထားကြပြီး၊ တစ်ချို့ကတော့ သမ္မတကြီးပြောခဲ့သမျှ မိန့်ခွန်းတွေထဲမှာ အားရစရာမရှိဆုံး မိန့်ခွန်းလို့ ရှုမြင်ကြကြောင်း တွေ့ရတယ်။

၂၄ ကြိမ်တိတိ

ထူးခြားတဲ့မိန့်ခွန်းလို့ ယူဆသူများက တိုင်းပြည်ရဲ့ သမ္မတတစ်ဦးအနေနဲ့ ပြည်သူများကို “မိဘပြည်သူများ” လို့ သုံးနှုန်းပြောဆိုတာဟာ ထူးခြားချက်ဖြစ်တယ်လို့ ထောက်ပြတယ်။ နှစ်ပေါင်း ၅၀ လုံးလုံး “တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ” လို့ ကြွေးကြော်လာခဲ့ကြရာက ပြည်သူများက မိဘဖြစ်တယ်လို့ ပထမဆုံးအကြိမ် ပြောကြားလိုက်တာကို သတိထားခဲ့မိတယ်။ ကိုယ်တိုင်က “အစိုးရက မိဘလား၊ ပြည်သူက မိဘလား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ် ရေးခဲ့ဖူးတာကြောင့် ပိုပြီး သတိထားမိတာ ဖြစ်တယ်။ သမ္မတရဲ့ မိန့်ခွန်းတစ်ခုလုံးမှာ “မိဘပြည်သူများ” ဆိုတဲ့ အသုံးအနှုန်း ၂၄ ကြိမ်တိတိပါတယ်ဆိုတာကို ရေတွက်ကြည့်လို့ သိရတယ်။ ပြီးတော့ Rule of Law ဆိုတဲ့စကားက ၉ ကြိမ်ပါပြီး ဗမာလို တရားဥပဒေစိုးမိုးရေးဆိုတာက တစ်ကြိမ် စုစုပေါင်း တရားဥပဒေစိုးမိုးရေး စကား ၁၀ ကြိမ်ပါတာလဲ မှတ်သားထားလိုက်တယ်။

ပြည်သူကို အစီရင်ခံစာတင်ပြ

ဒီမိုကရေစီနိုင်ငံတွေက ခေါင်းဆောင်တိုင်းဟာ နိုင်ငံတော် အခြေပြမိန့်ခွန်းကို တစ်နှစ်တစ်ကြိမ် လွှတ်တော်ရှေ့မှောက်မှာ လာရောက်ပြောကြားတဲ့ အစဉ်အလာရှိကြတယ်။ တစ်နှစ်တာအတွင်း လုပ်ဆောင်ခဲ့သမျှတွေကို ပြည်သူသိရှိအောင် အစီရင်ခံတင်ပြတဲ့ သဘောဖြစ်တယ်။ ရှေ့တစ်နှစ်အတွက်လုပ်မယ့် အစီအစဉ်တွေလည်း ပြောကြတယ်။


အဓိကအားဖြင့် နိုင်ငံတော်ရဲ့ ဘဏ္ဍာရေး၊ စီးပွားရေး၊ ကာကွယ်ရေးနဲ့ နိုင်ငံခြားရေးကိစ္စတွေကို ဦးစားပေးပြောကြတယ်။ ဒါ့အပြင် လတ်တလော လူတိုင်းစိတ်ဝင်စားနေတဲ့ အကြောင်းအရာများကိုလည်း ရှင်းလင်းပြောကြားကြတယ်။ အခွန်အတုတ် လျှော့ချရေးကိစ္စ၊ ကျန်းမာရေး စောင့်ရှောက်မှုကိစ္စ၊ အလုပ်လက်မဲ့နှုန်း လျှော့ချရေးကိစ္စတဲ့ အချိန်အခါအလိုက် ရှေ့တန်းရောက်နေတဲ့ကိစ္စမျိုးတွေ ဖြစ်တယ်။

နားဝင်ချိုတဲ့ မိန့်ခွန်း

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာလည်း ဒီမိုကရေစီ ဖော်ဆောင်ရေးကိစ္စ၊ စည်းလုံးညီညွတ်ရေးကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ တရားဥပဒေ စိုးမိုးရေးကိစ္စ၊ လစာတိုးပေးရေးကိစ္စ္စ၊ ငါးထောင်တန်ဖုန်းကိစ္စ၊ စတုတ္ထမဏ္ဍိုင်ကိစ္စ စတဲ့ စတဲ့ကိစ္စတွေ အားလုံးပါဝင်တာ တွေ့ရတယ်။ သတင်းသမားတစ်ယောက်အနေနဲ့ အခေါက်ခေါက် အခါခါဖတ်ပြီး သေသေချာချာ လေ့လာဆန်းစစ်ပါတယ်။ အပေါ်ယံကြည့်ရင်တော့ အင်မတန် နားဝင်ချိုတဲ့မိန့်ခွန်း ဖြစ်တယ်။ “မိုးပေါ်ထောင် မပစ်ဘူး၊ ထိအောင် ပစ်တယ်” ဆိုတဲ့စကား “ပြည်ပအားကိုး ပုဆိန်ရိုးတွေကို အမြစ်ပါမကျန် သုတ်သင် ရှင်းလင်းကြ” ဆိုတဲ့စကားတွေနဲ့တော့ လုံးဝ ဆန့်ကျင်ဘက်ဖြစ်တယ်။ မိဘပြည်သူများဆိုတဲ့ စကားကို ၂၄ ကြိမ်တိတိ ထပ်ခါတလဲလဲ သုံးစွဲပြောဆိုသွားတာကိုလည်း ဝမ်းသာအားရ ကြိုဆိုပါတယ်။

ကောက်ချက်ဆွဲလိုက်တော့

ဒါပေမယ့် မိန့်ခွန်း နားမထောင်လိုက်ရသူတွေ၊ မဖတ်လိုက်ရသူတွေက ဘာတွေ ထူးထူးခြားခြား ပြောသွားလဲလို့ မေးတဲ့အခါကျတော့ ဘာပြန်ပြောရမှန်း မသိတော့ဘူး။ ပြောတာတွေကတော့ အစုံပဲ။ လက်ဆုပ်လက်ကိုင် ပြောစရာ၊ ပြစရာတော့ တစ်ခုမှမရှိဘူး။ ငြိမ်းချမ်းရေးကိစ္စ ပြောသွားတယ်။ လောလောဆယ်တော့ မငြိမ်းချမ်းသေးဘူး။ လစာတိုးရေးကိစ္စ ပြောသွားတယ်။ ဘယ်တော့ ဘယ်လိုလုပ်ပေးမယ်ဆိုတဲ့ ကတိကဝတ်ပြုသွားတာ မရှိဘူး။ ငါးထောင်တန် ဖုန်းကိစ္စ ထည့်ပြောတယ်။ ခွင့်ပြုမယ် မပြုဘူးဆိုတာတော့ ပြောမသွားဘူး။ ပြန်ပြီး ကောက်ချက်ချလိုက်တော့ သမ္မတကြီးက “အားလုံးတော့ ပြောသွားတယ်။ ဒါပေမယ့် တစ်ခုမှတော့ ပြောမသွားဘူး” လို့ပဲ ပြောရလိမ့်မယ် ထင်တယ်။ အကြောင်းအရာတွေတော့ စုံအောင်ပြောသွားပါတယ်။ ဘာတစ်ခုမှတော့ ရှင်းရှင်းလင်းလင်း မသိလိုက်ကြရဘူး။ ဒါကြောင့် “ပြောတော့ ပြောတာပေါ့ ဒါပေမယ့် မပြောဘူး” လို့ပဲ ပြောချင်ပါတယ်။

စိတ်ဘဝင် မကျ

နိုင်ငံတော်သမ္မတကြီး အရင်ကပြောခဲ့တဲ့ မိန့်ခွန်းတွေကို ဝမ်းသာအားရ ကြိုဆိုခဲ့ကြတာတွေ့ရပေမယ့် ဒီတစ်ခါတော့ သိသာထင်ရှားတဲ့ ကြိုဆိုမှုမျိုး မတွေ့ရဘူး။ အားမလို အားမရဖြစ်ပြီး ဘာသိဘာသာနေလိုက်ကြတာ များတယ်။ လစာတိုးရေးကိစ္စနဲ့ ငါးထောင်တန် ဖုန်းကိစ္စ မျှော်လင့်ချက်တွေ ပြည့်ဝတော့မယ်ထင်ပြီး မိန့်ခွန်းအစအဆုံး ဂရုစိုက် နားထောင်ခဲ့ပြီး အဆုံးသတ်ကျတော့မှ စိတ်ဘဝင်မကျ ဖြစ်သွားတယ်။ လစာတိုးရေးကိစ္စ ချက်ချင်း အကောင်အထည်ဖော်မပေးနိုင်တာကို လူတွေက နားလည်နိုင်ပေမယ့်၊ ငါးထောင်တန် ဖုန်းကိစ္စကိုတော့ ဘယ်လိုမှ နားမလည်နိုင်ကြပါဘူး။ စီးပွားရေးသမားကတောင် လုပ်ပေးနိုင်တယ်ဆိုတာကို အစိုးရက ဘာတွေစဉ်းစားပြီး ဘာတွေ ငဲ့ကွက်နေတာလဲလို့ တွေးရခက်ကြီး ဖြစ်နေကြတယ်။ မြန်မာပြည်ရဲ့ ပွဲဦးထွက် ဆယ်လူလာဖုန်းတုန်းက လုပ်ပိုင်ခွင့်ရှိသူတွေနဲ့ ဗောင်းတော့ညိတ်၊ စိတ်တော်သိ စီးပွားရေးသမားတွေ လက်ဝါးချင်းရိုက်ပြီး “ရိုက်စား” လုပ်တာ ခံခဲ့ရဖူးတာကို ပြန်ပြီးအမှတ်ရနေကြတယ်။

ကုတ်သွေးစုပ်တာ ကာကွယ်

မတ်လ ၆ ရက်နေ့ ဂျာနယ်တစ်စောင်မှာ ဂျီအက်အမ်ဖုန်းကို နှစ်သိန်း၊ WCDMA ဖုန်းကို နှစ်သိန်းခွဲနဲ့ ရောင်းပေးမယ်လို့ ရေးထားတာ ဖတ်လိုက်ရတယ်။ ဒီလိုဆိုတော့ အရင်က ဂျီအက်အမ်ဖုန်းကို ဆက်သွယ်ရေးက ၁၅ သိန်းပေးဝယ်ရသူတွေ အရမ်းနစ်နာတာပေါ့။ ငါးထောင်နဲ့တောင် ရောင်းနိုင်တဲ့ပစ္စည်းကို တစ်ဆယ့်ငါးသိန်းနဲ့ ရောင်းတယ်ဆိုတော့ မတရား အမြတ်တင်ထားတာဖြစ်တယ်။ ဈေးကွက်စီးပွားရေးဆိုပေမယ့် ပြည်သူလူထုအပေါ် ကြိုက်သလို ကုတ်သွေးစုတ်တာမျိုးကိုတော့ တားဆီးကာကွယ်မှု ရှိရပါမယ်။ သုံးသူတွေက သူတို့ရဲ့ နစ်နာမှုများအတွက် အရေးဆို၊ တရားစွဲနိုင်တဲ့ ဥပဒေများ ပြဋ္ဌာန်းသတ်မှတ်ပေးသင့်တယ်။

လူလတ်တန်းစား နိုင်ငံ

အာဏာရှင်စနစ်တွေမှာ အာဏာလက်ကိုင်ရှိသူတွေနဲ့ သူတို့ရဲ့ အလိုတော်ရိ စီးပွားရေးသမားတွေက တိုင်းပြည်ရဲ့ စီးပွားရေးကို သူတို့ဘိုးဘွားပိုင်လို သဘောထားပြီး ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လေ့ရှိတယ်။ ကမ္ဘာပေါ်က ဘယ်လို အာဏာရှင်နိုင်ငံမှာမဆို တိုင်းပြည်ရဲ့စီးပွားချမ်းသာ ၇၅ ရာခိုင်နှုန်းလောက်က ၁၀ ရာခိုင်နှုန်းလောက်သာရှိတဲ့ ထိပ်ပိုင်း ရေပေါ်စီ လူတန်းစားတွေလက်ထဲမှာ ရှိနေပြီး၊ ၉၀ ရာခိုင်နှုန်းရှိတဲ့ ပြည်သူတွေအားလုံးကတော့ လက်ကျန် ၂၅ ရာခိုင်နှုန်းကိုသာ မျှဝေသုံးစွဲနေရတာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ သမိုင်းအစဉ်အလာအားဖြင့် အလွန်အကျွံ ချမ်းသာသူမျိုးတွေ မရှိသလို၊ အလွန်အကျွံ ဆင်းရဲသူလည်း မရှိခဲ့ပါဘူး။ လူလတ်တန်းစား နိုင်ငံတစ်ခုသာဖြစ်ခဲ့တယ်။

လက်ညှိုးညွှန်ရာ ရေဖြစ်

၁၉၆၂ ခုနှစ်နောက်ပိုင်းကစပြီး လူလတ်တန်းစား တဖြည်းဖြည်း ပျောက်ကွယ်ခဲ့ပြီး အခုချိန်မှာတော့ လူလတ်တန်းစားလွှာတစ်ခုလုံး ကွယ်ပျောက်သွားပြီလို့တောင် ဆိုနိုင်တယ်။ ဆင်းရဲချမ်းသာ ကွာဟချက် ကြီးမားလွန်းခြင်းဟာ အန္တရာယ်မျိုးစုံကို ဖိတ်ခေါ်သလိုဖြစ်တယ်ဆိုတာ လူတိုင်းသိနေကြတာပဲ။ ဒီကွာဟချက်ရဲ့ အရင်းအမြစ်ဟာ တရားဥပဒေစိုးမိုးရေး လုံးဝ မရှိခြင်းဖြစ်တယ်။ တရားဥပဒေက ပြည်သူလူထု ၉၀ ရာခိုင်နှုန်းအပေါ်မှာသာ သက်ရောက်ပြီး ကျန် ၁၀ ရာခိုင်နှုန်းကတော့ တရားဥပဒေရဲ့ ပြင်ပမှာရှိနေကြတယ်။ သူတို့ ဘာလုပ်လုပ် တရားဥပဒေက လက်လှမ်းမမီဘူး။ အရေးမယူနိုင်ဘူး။ သူတို့ကလည်း “ရှက်စိတ်ဆိုတာ လုံးလုံး နားမလည်သူတွေဖြစ်တော့ ကြာလေ အတင့်ရဲလေဖြစ်ပြီး နောက်ဆုံးမှာ လက်ညှိုးညွှန်ရာ ရေဖြစ်တယ်ဆိုတာမျိုးတွေ ဖြစ်ကုန်ကြတယ်။

လေမဟုတ် အလုပ်နဲ့ပြ

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့မိန့်ခွန်းမှာ မြန်မာလို ၁ ကြိမ် အင်္ဂလိပ်လို ၉ ကြိမ်၊ စုစုပေါင်း ၁၀ ကြိမ်တိတိ တရားဥပဒေစိုးမိုးရေး (Rule of Law) ဆိုတာ ပြောသွားခဲ့တယ်။ ယေဘုယျ သဘောပဲရှိပြီး လက်တွေ့ ဘယ်လို လုပ်နေကြတယ်ဆိုတာတွေတော့ ရှင်းလင်းပြောကြားသွားတာ မတွေ့ရဘူး။ ဥပဒေဆိုတာ ပြဋ္ဌာန်းထားတဲ့ စာအုပ်ထဲမှာရှိရုံနဲ့ပြီးတာ မဟုတ်ပါဘူး။ လက်တွေ့ လိုက်နာကျင့်သုံးဖို့ လိုပါတယ်။ တရားဥပဒေစိုးမိုးရေးသာ မှန်မှန်ကန်ကန် တိတိကျကျ ပြည့်ပြည့်ဝဝ ခံစားကြရမယ်ဆိုရင် နိုင်ငံသားတိုင်းက အစိုးရကို မထောက်ခံပဲ မနေပါဘူး။ ရှေးပဒေသရာဇ် ရှင်ဘုရင်များကိုတောင် တရားနဲ့အညီအုပ်စိုးတဲ့မင်းများကို မင်းကောင်း မင်းမြတ်များအဖြစ် ရာဇဝင်မှာ စာတင်ခဲ့ကြပါတယ်။ တရားဥပဒေစိုးမိုးရေးကိုသာ လေမဟုတ် အလုပ်နဲ့ပြပါလို့ သမ္မတကြီး ဦးသိန်းစိန်ကို တိုက်တွန်းလိုက်ပါရစေ။

ဒီလှိုင်း မှာ ဖော်ပြခဲ့တဲ့ ဆောင်းပါး။

No comments: