Thursday, March 29, 2012

မြန်လား နှေးလား ပုံမှန်လား (မောင်ဝံသ)

ဒီတစ်ပတ်မှာတော့ တရုတ်နိုင်ငံရဲ့ လွှတ်တော် သို့မဟုတ် ပါလီမန်ဖြစ်တဲ့ ‘အမျိုးသားပြည်သူ့ကွန်ဂရက်’ အကြောင်း ပြည်တွင်းနဲ့ နိုင်ငံခြားသတင်းထောက်တွေကို ရှင်းလင်းပြောဆိုတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ဝန်ကြီးချုပ် ဝမ်ကျားပေါင် ပြောဆိုခဲ့တဲ့ စကားတချို့အကြောင်း စာဖတ်ပရိသတ်တွေကို မျှဝေချင်တယ်ဗျာ။
ဒီနှစ်နှောင်းပိုင်းမှာ တရုတ်နိုင်ငံရဲ့ ခေါင်းဆောင်စုတရားဝင် အပြောင်းအလဲတွေ ဖြစ်ပေါ်လာမှာဖြစ်တာကြောင့် ကိုယ့်ကိုယ်ကိုယ် နှိမ့်နှိမ့်ချချနဲ့ အောက်ကျို့ကျို့နေတတ်တဲ့သူ့ရဲ့သဘာဝကြောင့် ‘ပြည်သူတို့ရဲ့ ချန်ပီယံ’ အဖြစ် ရှုမြင်ခြင်းခံရပြီး “ဘိုးဘိုးဝမ်” အဖြစ် မကြာခဏ ရည်ညွှန်းခြင်းခံရလေ့ရှိတဲ့ ဝမ်ကျားပေါင်အတွက် အခုကွန်ဂရက်ဟာ ဝန်ကြီးချုပ်အဖြစ် နောက်ဆုံးတက်ရောက်တဲ့ ကွန်ဂရက်ဖြစ်ဖွယ်ရှိတယ်ဗျ။

အလျင်အမြန် ပြောင်းလဲဖို့ လိုနေပြီ

တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင် သတင်းစာရှင်းလင်းပွဲအတွင်း ပြောခဲ့တဲ့စကားတွေအနက် အထူးခြားဆုံးလို့ ကျွန်တော်ယူဆမိတဲ့ စကားကတော့ တရုတ်နိုင်ငံဟာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေကို အလျင်အမြန်ပြုလုပ်ဖို့ လိုအပ်နေပြီ။ အဲသလိုမလုပ်ဘူးဆိုရင် ‘ယဉ်ကျေးမှု တော်လှန်ရေး’ လို ဝမ်းနည်းကြေကွဲဖွယ်ဖြစ်ရပ်တွေ အချိန်မရွေး ပေါ်ပေါက်လာနိုင်တဲ့ အန္တရာယ်ရှိနေတယ်ဆိုတဲ့စကား ဖြစ်တယ်ဗျ။


သတင်းထောက်တစ်ဦးရဲ့ အမေးကို ဖြေကြားရင်း ပြောဆိုခဲ့တဲ့သူရဲ့ နောက်ထပ် အရေးကြီးတဲ့စကားတစ်ခုကတော့ အရှေ့အလယ်ပိုင်း ဒေသက ပြည်သူတွေရင်ထဲ လတ်တလော ပေါ်ပေါက်နေတဲ့ ဒီမိုကရေစီရေး အာသာဆန္ဒတွေကို လေးစားရမယ်၊ မှန်မှန်ကန်ကန် တုံ့ပြန်ရမယ်ဆိုတာပဲဖြစ်တယ်ဗျ။ ဝမ်ကျားပေါင်က “ဒီမိုကရေစီသို့ ဦးတည်နေတဲ့ အဲဒီတိမ်းညွှတ်မှုကို ဘယ်လိုအင်အားမျိုးကမှ ကန့်သတ်ပိတ်ပင် ဟန့်တားပိတ်ဆို့ထားနိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်တယ်” လို့ ပြောခဲ့တယ်ဗျ။

နောက်ပြီး ကြောက်ခမန်းလိလိ အရှိန်အဟုန်နဲ့ တိုးတက်လာခဲ့တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေးကို ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း အရှိန်မပျက် ဆက်လက်လည်ပတ်နေနိုင်အောင် မောင်းနှင်ခဲ့တဲ့ကိစ္စမှာ သမ္မတ ဟူကျင်းတောင် ပြီးရင် အရေးအပါဆုံး ပုဂ္ဂိုလ်ဖြစ်ခဲ့ပေမယ့် ဝန်ကြီးချုပ် ဝမ်ကျားပေါင်က “ကျွန်တော့်မှာ ဖြည့်ဆည်းစရာအရည်အသွေးတွေ ပြုပြင်စရာ ချွတ်ယွင်းချက်တွေ ရှိနေပါသေးတယ်” လို့ နှိမ့်ချမှုအပြည့်နဲ့ ပြောဆိုခဲ့တဲ့အပြင် သူ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ကာလအတွင်း ပေါ်ပေါက်ခဲ့တဲ့ စီးပွားရေးနဲ့ လူမှုရေးပြဿနာတွေအတွက် ဝမ်းနည်း စိတ်မကောင်းဖြစ်မိကြောင်းအပြင် အဲဒီ အားနည်းချက်တွေအတွက်လည်း သူ့မှာ တာဝန်ရှိတယ်လို့ခံယူကြောင်း ပြောဆိုခဲ့တယ်ဗျ။

ဝေဖန်ရေးအမြင်တွေ

ကျွန်တော်က အဲဒီစကားတွေကို ဘီဘီစီဝက်ဘ်ဆိုက်သတင်းတစ်ပုဒ်မှာ ဖတ်ခဲ့ရတာဖြစ်တယ်ဗျ။ အဲဒီသတင်းနဲ့ တစ်ဆက်တည်းမှာ ဝန်ကြီးချုပ်ရဲ့စကားတွေအပေါ် ဝေဖန်သူတချို့ရဲ့အမြင်တွေကို ဖော်ပြထားတာကြောင့် ကျွန်တော် ဆက်ဖတ်ပြီး အဲဒါတွေထဲက စိတ်ဝင်စားစရာကောင်းတဲ့ အမြင်တချို့ကို မျှဝေလိုက်ပါတယ်။

တစ်ယောက်က တရုတ်နိုင်ငံမှာ ပြည်သူအများစုဟာ အညည်းအညူ အတိုင်အတောထူနေကြပေမယ့် သူတို့ဟာ လက်ရှိအစိုးရနဲ့ လက်ရှိ အခြေအနေကို မုန်းတီးဆန့်ကျင်စိတ် မရှိကြကြောင်း၊ ပြည်သူတွေဟာ ပိုကောင်းတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို လိုလားတောင့်တနေကြကြောင်း၊ ဝန်ကြီးချုပ်ရဲ့ စကားတွေက အင်မတန် အပြုသဘောဆောင်ကြောင်း၊ အစိုးရက ပြည်သူတွေကို ပိုမိုကောင်းမွန်တဲ့ လူ့ဘောင်တည်ဆောက်ရေး လုပ်ငန်းအများစုမှာ ပါဝင်ပတ်သက်ခွင့်ပြုနေကြောင်း ရေးသားထားတယ်ဗျ။

ဒီမိုကရေစီ ဖြစ်လာတဲ့အထိ

နောက်တစ်ယောက်က တရုတ်အာဏာရ ကွန်မြူနစ်ပါတီထဲမှာ မတူတဲ့အုပ်စုတွေအကြား ရှုပ်ထွေးတဲ့ အနေအထားတစ်ခု ရှိကြောင်း၊ မိမိကတော့ အဆုံးတစ်နေ့မှာ မစ္စတာဝမ်လို ပြုပြင်ပြောင်းလဲရေးဝါဒီတွေ အနိုင်ရသွားတာကို မြင်လိုကြောင်း၊ ဒါပေမယ့် အနောက်နိုင်ငံတွေအနေနဲ့ တရုတ်ကိစ္စကို သတိကြီးကြီးထား ကိုင်တွယ်ဖို့လိုကြောင်း၊ အခုလောလောဆယ်မှာ မြင့်တက်လာတဲ့ တရုတ်ပါဝါကို ထိန်းဟန့်ဖို့ ခက်နေတယ်ဆိုရင် ဒီမိုကရေစီနိုင်ငံတစ်ခု ဖြစ်လာတဲ့အထိ စိတ်ရှည်ရှည် စောင့်သင့်ကြောင်း ရေးထားတယ်ဗျ။

နောက်တစ်ယောက်ကတော့ လေသံ နည်းနည်းမာတယ်ဗျ။ သူက တရုတ်ခေါင်းဆောင်တွေ ဘာပြောသလဲဆိုတာထက် ဘာလုပ်သလဲဆိုတာကို ကြည့်ကြရမှာဖြစ်ကြောင်း၊ လောလောဆယ် ဆီးရီးယားအရေးမှာ ရပ်တည်နေပုံတွေ၊ တိဘက်နဲ့ ပြည်တွင်းက အစိုးရနဲ့ သဘောထား ကွဲပြားသူတွေအပေါ် ပြင်းပြင်းထန်ထန် ကြမ်းကြမ်းတမ်းတမ်း နှိပ်ကွပ်နေပုံတွေက တရုတ်နိုင်ငံဟာ စီးပွားရေးအရ အင်အားကြီးလာပေမယ့် နိုင်ငံရေးအရ သမိုင်းဦး ဘုံမြေခေတ်မှာပဲ ရှိနေသေးတယ် ဆိုတာကို ပြသနေကြောင်း ရေးသားထားတယ်ဗျ။

ထူးခြားတဲ့ အရွေ့တစ်ခု

နောက်တစ်ယောက်ကတော့ ဝန်ကြီးချုပ်ရဲ့ ပြောစကားတွေကို အတော်လေး အကောင်းမြင်ထားတယ်ဗျ။ သူက မိမိဟာ ဘာလင်တံတိုင်းကြီး ပြိုလဲသွားတာ၊ ဆိုဗီယက်ယူနီယံ ပြိုကွဲသွားတာ၊ နယ်လ်ဆင်မင်ဒဲလား လွတ်မြောက်လာတာနဲ့ အာဖရိက အမျိုးသားကွန်ဂရက် အာဏာရလာတာ တို့လို အံ့သြမှင်တက်လောက်စရာ အပြောင်းအလဲတွေကို ကြုံခဲ့ဖူးသူဖြစ်ကြောင်း၊ အခုလို တရုတ်ဝန်ကြီးချုပ်တစ်ဦးဟာ အာရပ်နွေဦးကို ထောက်ခံတာ၊ ပြည်တွင်းမှာ အပြောင်းအလဲတွေ အမြန်လုပ်ဖို့လိုအပ်ကြောင်း ပြောဆိုတာနဲ့ ယဉ်ကျေးမှုတော်လှန်ရေးကို ကြေကွဲစရာတစ်ခုအဖြစ် ရည်ညွှန်းပြောဆိုတာတွေဟာ သိပ်ကို ထူးခြားတဲ့ အရွေ့တစ်ခုဖြစ်ကြောင်း ရေးသားထားတယ်ဗျ။

နောက်ဆုံးတစ်ယောက်ကတော့ မကြာသေးခင်ကအထိ ကျွန်တော်တို့ နိုင်ငံက ပြည်သူတွေလည်း အဆက်မပြတ်လိုကို ဖတ်နေ ကြားနေကြရတဲ့ အပ်ကြောင်းထပ် ဓာတ်ပြားဟောင်းထဲက ဝေဖန်ချက်မျိုးဖြစ်တယ်ဗျ။ အဲဒါကတော့ အနောက်နိုင်ငံတွေဟာ သူတို့ကိုယ်ပိုင် စည်းမျဉ်းတွေနဲ့ လုပ်ငန်းစဉ်တွေကို တရုတ်နိုင်ငံက လိုက်နာကျင့်သုံးလာဖို့ ဖိအားပေးနေတာတွေကို ရပ်ဆိုင်းသင့်ကြောင်း၊ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ဆိုတဲ့ စကားလုံးတွေဟာ ကြီးမြတ်ကြောင်း၊ ဒါပေမယ့် တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့ ပြည်တွင်းအခြေအနေတွေကို သတိပြုသင့်ကြောင်း၊ တရုတ်နဲ့ အနောက်ကမ္ဘာဟာ မတူကြောင်း၊ တရုတ်လူ့အဖွဲ့အစည်းကြီး မပြိုကွဲရေးဟာ အနောက်ကမ္ဘာရဲ့ အကျိုးစီးပွားလည်း ဖြစ်ကြောင်း၊ တရုတ်ပြည်သူတွေဟာ လက်ရှိအခြေအနေအပေါ် ကျေနပ်အားရ ပျော်ရွှင်နေကြတဲ့အတွက် ဒီအခြေအနေကို ပြောင်းလဲသွားအောင်လုပ်ဖို့ အနောက်ကမ္ဘာမှာ အခွင့်အရေးမရှိကြောင်း ရေးသားထားတယ်ဗျ။

ပေါင်းစည်းမလား၊ တစ်စင်ထောင်မလား 

တရုတ်နိုင်ငံမြင့်တက်လာမှုဟာ ဒီကနေ့ ကမ္ဘာ့ရေးရာတွေရဲ့ အလယ်ဗဟိုမှာရှိနေတဲ့ အရေးကိစ္စဖြစ်တယ်ဆိုတာ နိုင်ငံတကာရေးရာများကို စိတ်ဝင်တစား လေ့လာနေသူတိုင်း သိရှိကြတဲ့ကိစ္စဖြစ်တယ်ဗျ။ ကမ္ဘာ့သမိုင်းတစ်လျှောက် အင်ပါယာများပေါ်ထွန်းလာခဲ့ကြ၊ ပြိုကွဲသွားခဲ့ကြပုံတွေကို အထူးပြုလေ့လာနေကြတဲ့ ပညာရှင်တွေက အင်အားရှင် နိုင်ငံကြီးတစ်ခုအဖြစ်သို့ တရွေ့ရွေ့ ထွန်းသစ်ရောက်ရှိလာနေတဲ့ တရုတ်နိုင်ငံဟာ လက်ရှိရှိနေတဲ့ အမေရိကန်ဦးဆောင်တဲ့ နိုင်ငံတကာစနစ် (world order) ထဲသို့ ဂျာမန်နဲ့ ဂျပန်တို့လို ပေါင်းစည်းသွားမလာ၊ ဒါမှမဟုတ် ဆိုဗီယက်လို တစ်ထီးတစ်နန်း တစ်စင်ထောင်သွားမလား၊ ပေါင်းစည်းသွားရင် အကြောင်းမဟုတ်ပေမယ့် တစ်စင်ထောင်သွားရင် ပါဝါအဟောင်းနဲ့ အသစ် ပဋိပက္ခ ဘယ်လောက်အထိ ပြင်းထန်သွားနိုင်သလဲဆိုတာတွေကို ရှုထောင့်ပေါင်းစုံက ဆွေးနွေး သုံးသပ် ခန့်မှန်းနေကြတယ်ဗျ။

ပြုပြင်ပြောင်းလဲစရာတွေ

တစ်ချိန်တည်းမှာ အမေရိကန်နဲ့ဖြစ်နေတဲ့ ကုန်သွယ်ရေး မညီမျှမှုကိစ္စ၊ အိမ်နီးချင်းနိုင်ငံတချို့နဲ့ ဖြစ်နေတဲ့ ရေပြင်ပိုင်နက် အငြင်းပွားမှု ကိစ္စ၊ ဆီးရီးယားနဲ့ ဆူဒန်တို့လိုကိစ္စတွေမှာ သိက္ခာထက် ရိက္ခာကို ပိုအလေးထားတယ်လို့ စွပ်စွဲခံနေရတဲ့ ကိစ္စတို့လို နိုင်ငံခြားရေး ပြဿနာတွေနဲ့ရော တိဘက်ကိစ္စ၊ ထိုင်ဝမ်ကိစ္စ၊ မူဆလင်လူနည်းစုတွေကိစ္စ၊ လယ်မြေ အသိမ်းခံရတဲ့ လယ်သမားတွေကိစ္စ၊ လာဘ်ပေးလာဘ်ယူကိစ္စ၊ ဆင်းရဲချမ်းသာကွာဟမှုကိစ္စ၊ ဒီမိုကရေစီ ပိုမို လိုချင်လာကြတဲ့ အလယ်အလတ်တန်းလွှာတွေကိစ္စ စတဲ့ ပြည်တွင်းရေးပြဿနာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အလျင်အမြန်ပြုလုပ်ဖို့ လိုအပ်လာပြီလားဆိုတဲ့ စဉ်းစားချက်တွေလည်း ပေါ်ထွက်လာတာဖြစ်တယ်ဗျ။

ကျွန်တော်တို့နိုင်ငံမှာ
အားလုံးသိကြတဲ့အတိုင်း ကျွန်တော်တို့နိုင်ငံမှာလည်း ဒီမိုကရေစီရေးပြုပြင်ပြောင်းလဲမှုတွေ ပေါ်ပေါက်နေပြီး အဲဒါတွေဟာ လိုအပ်တာထက် ပိုမြန်နေတယ် သို့မဟုတ် ပိုနှေးနေတယ် သို့မဟုတ် သွားသင့်တဲ့အရှိန်အတိုင်း သွားနေတယ်ဆိုတဲ့ အမြင်တစ်မျိုးမျိုးရှိနေချိန်မှာ ကျွန်တော်တို့ရဲ့ အိမ်နီးချင်း ထွန်းသစ်စကမ္ဘာ့အင်အားကြီးနိုင်ငံက ထိပ်တန်း ခေါင်းဆောင်တစ်ဦးရဲ့ စကားတွေကို ထည့်သွင်းစဉ်းစားနိုင်ကြဖို့ မျှဝေလိုက်ရခြင်း ဖြစ်ပါတယ်ဗျာ။

မောင်ဝံသ
၂၁၊ ၃၊ ၂၀၁၂


 

No comments: