Thursday, March 8, 2012

သံချပ်အလွမ်း (မောင်ဝံသ)

‘သစ်ရွက်ရော်ရီ၊ ဣန္ဒနီဝယ်၊ သိင်္ဂီတစ်ဝက်၊ ဖက်၍ဆေးစုံ၊ ခြယ်သောပုံသို့၊ ရဂုံမြိုင်တွင်း၊ တောလုံးလင်းသား’
 
နိုင်ငံရေးသတင်းစာဆရာအဖြစ် ဂုဏ်ယူနေတဲ့ မောင်ဝံသတစ်ယောက် ရုပ်/သံလွှင့်တဲ့ ဘောလုံးပွဲကြည့်တယ် ပြောလိုက်၊ အငြိမ့်ခွေကြည့်တယ် ပြောလိုက်နဲ့ ဟော ... ခုတစ်ခါ လာပြန်ပြီ။ အနုအလှ သမုဒယသံပါတဲ့ ကဗျာတွေ ဘာတွေ ရွတ်လို့။ တစ်ချိန်က ဆရာမင်းလူ ရေးခဲ့တဲ့ နာမည်ကြီးကဗျာတစ်ပုဒ်ရဲ့ ခေါင်းစဉ်လို ‘ဘာတွေဖြစ်ကုန်ကြပြီလဲ’ လို့ ဇဝေဇဝါတွေ မဖြစ်ကြပါနဲ့ဗျာ။

ဆောင်းအကုန် နွေအကူး လေရူးတွေ တသုန်သုန်တိုက်ခတ်လာနေပြီး ဥသြငှက်လေးတွေလည်း တစာစာ တွန်ကျူးနေချိန်မှာ ကျွန်တော့်ရင်ထဲ ဘယ်ဆီဘယ်ဝယ်မှန်းမသိ လွမ်းသလိုလို ဆွေးသလိုလို ဖြစ်လာတာနဲ့ ပါးစပ်ထဲရောက်လာတဲ့ နွေဖွဲ့ကဗျာလေးတစ်စကို ရွတ်လိုက်မိတာသာ ဖြစ်ပါတယ်။ ဘာမှဖြစ်တာ မဟုတ်ပါဘူးဗျာ။

ကမ္ဘာတစ်လွှားက နွေဦးတွေ

အားလုံးသိကြတဲ့အတိုင်း ကမ္ဘာတစ်လွှားမှာ ‘နွေဦး’ ဆိုတဲ့ စကားလုံးကလည်း အတော်ကလေး ခေတ်စားနေတာကိုးဗျ။ အာရပ်နွေဦး တဲ့။ အာဖရိကနွေဦး တဲ့။ ရုရှနွေဦး တဲ့။ ဟိုတစ်လောလေးက အစ္စရေးမှာ ဆန္ဒပြပွဲတွေ ရက်သတ္တပတ်နဲ့ချီပြီး ဖြစ်လာတော့ အစ္စရေးမှာရော နွေဦးဖြစ်လာဦးမှာလားဆိုပြီး ဂျာနယ်လစ်တွေက မေးခွန်းထုတ်ခဲ့ကြဖူးတယ်ဗျ။ အဲသလိုပဲ မလေးရှားမှာ အတိုက်အခံခေါင်းဆောင် အန်ဝါအီဗရာဟင်ကို တရားရုံးက တရားသေလွှတ်လိုက်တော့ မလေးရှားမှာ နွေဦးပေါက်လာတော့မှာလား။

နောက်တော့ တရုတ်ပြည်က လယ်သမားဆန္ဒပြပွဲတွေ အတော်များလာတာကိုကြည့်ပြီး နဂါးတို့ပြည်ကြီးရော နွေဦးကိုရှောင်လို့ လွတ်နိုင်ပါတော့မလားဆိုပြီး သတင်းထောက်တွေ၊ အယ်ဒီတာတွေ၊ ပင်တိုင် ဆောင်းပါးရှင်တွေ ပြောခဲ့၊ ဆိုခဲ့၊ ရေးခဲ့၊ သားခဲ့ကြသေးတယ်ဗျ။ မဟုတ်မှလွဲရောဆိုပြီး အနာဂတ္ထိဟောကိန်းထုတ်သူအဖြစ် လက်မ ထောင်ချင်လို့ပဲလား။ ဒါမှမဟုတ် ဆရာတင့်တယ် (အောင်မြင်) ရေးခဲ့ဖူးသလို ‘ခါနာတစ်လုတ်အတွက် ဝါစာကမာလုပ်’ ကြတာပဲလားတော့ မပြောနိုင်ဘူးပေါ့ဗျာ။

ကျွန်တော်တို့နိုင်ငံမှာကတော့ အခုမှ တကယ့်နွေဦးအစစ်က စတာ ဖြစ်တယ်ဗျ။ တင်စားချက်နွေဦး မဟုတ်ဘူး။ တကယ့် အစစ်အမှန် နွေဦးဗျ။ မြတ်စွာဘုရားရှင်ကို ဇာတိဌာနီ ကပ္ပိလဝတ်ပြည် ပြန်ချင်တဲ့ စိတ်ခံစားမှု ပေါ်ပေါက်လာအောင် ကာဠုဒါယီ အမတ်က စကားအလင်္ကာ တန်ဆာအမျိုးမျိုးဆင်ပြီး တဖွဲ့တနွဲ့ စီကာပတ်ကုံး စကားတွေနဲ့ ခြယ်သ အမွှန်းတင်ခဲ့တဲ့ တကယ်ကို လှပတဲ့နွေဦးကို ရောက်နေတာဖြစ်တယ်ဗျ။

အနှစ်သာရရှိတဲ့ နွေဦး

ပြောရရင် ကျွန်တော်တို့နိုင်ငံအတွက် ဒီနွေဦးဟာ ရာစုတစ်ဝက်ကာလအတွင်း အလှပဆုံးနွေဦး အဓိပ္ပာယ်အနှစ်သာရ အပြည့်ဝဆုံး နွေဦးဖြစ်တယ်ဗျ။ သဘာဝအရ လှပတဲ့ နွေဦးဖြစ်သလို နိုင်ငံရေးအရ အနှစ်သာရပြည့်ဝတဲ့ နွေဦး ဖြစ်တယ်ဗျ။ အကြောင်းကတော့ နှစ်ပေါင်း ငါးဆယ်ကာလအတွင်း ပါဝင်သင့်ပါဝင်ထိုက်သူ အများဆုံး ပါဝင်ခွင့်ရရှိနေကြတဲ့ နိုင်ငံရေးဝန်းကျင် အနေအထားတစ်ရပ်မှာ ကျွန်တော်တို့နိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ ထင်ဟပ်ချက်တစ်ရပ်ဖြစ်လာမယ့် ကြားဖြတ်ရွေးကောက်ပွဲတစ်ခု ဆင်နွှဲဖို့ရှိနေတဲ့ နွေဦးဖြစ်နေတာကြောင့်ပဲဗျ။ 

၁၉၉၀ ရွေးကောက်ပွဲ မကျင်းပမီနဲ့ ကျင်းပပြီးစ နွေဦးဟာလည်း အခုနွေဦးလိုပဲ လှပခဲ့တာပါပဲလို့ စောဒကတက်ချင်သူတွေ ရှိကောင်းရှိနိုင်မှာဖြစ်ပေမယ့် အဲဒီတုန်းက ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က ထောင်ထဲမှာ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က အိမ်အကျယ်ချုပ်ကျခံနေရတဲ့အပြင် အဲဒီအခြေအနေတွေရဲ့ အကျိုးဆက်အဖြစ် ကျွန်တော်တို့နိုင်ငံအပေါ် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့အမြင်ကလည်း မကြည်မလင်ဖြစ်နေတဲ့ အနေအထားတွေနဲ့ တွဲစပ်ထားတဲ့ နွေဦးဖြစ်တာကြောင့် အဲဒီအပြစ် အနာအဆာတွေ ကင်းရှင်းနေတဲ့ ဒီကနေ့ နွေဦးကိုသာ နှစ်ငါးဆယ်အတွင်း အလှစုံနွေဦးလို့ ကျွန်တော်ဆိုခြင်း ဖြစ်တယ်ဗျ။

သဘာဝ ဧကရာဇ်နွေဦး

တခြားနိုင်ငံတွေရဲ့ နွေဦးတွေမှာ ဘယ်လိုအင်္ဂါရပ်တွေ ပါဝင်တယ်ဆိုတာ ကျွန်တော် မသိပေမယ့် ကျွန်တော်တို့နိုင်ငံရဲ့ နွေဦးကတော့ တပ်တောင်တာ ဗိုလ်ထု အခြွေအရံအသင်းအပင်းများစွာ ဝန်းရံခနေတဲ့ သဘာဝဧကရာဇ်တစ်ပါးပဲဆိုတာ ကျွန်တော်တို့ နိုင်ငံသားအားလုံး သိပါတယ်ဗျာ။

အဲဒီထဲမှာ အထင်ရှားဆုံးသော အခြွေအရံတွေထဲကတစ်ခုကတော့ လေရူးနဲ့အတူ လွင့်မျောပြီး မှန်မှန်လွင့်ပျံနေတဲ့ ဥသြတွန်သံ ဖြစ်တယ်ဗျ။ နောက် အခြွေအရံကတော့ အစွမ်းကုန်ဖူးပွင့်လာကြတဲ့ ပန်းပေါင်းစုံဖြစ်တယ်ဗျ။ အဲဒီပန်းတွေထဲမှာ အခေါင်အချုပ်ကတော့ ‘တစ်နှစ်တွင် သည်တစ်လ၊ တစ်လတွင် တစ်ရက်တည်း၊ ခက်ခဲတဲ့ ရက်ဗုဒ္ဓါ၊ ပွင့်ရှာကြ စုံမြိုင်တွင်း’ ဆိုသလို နွေဦးရဲ့အလှဆုံး အထူးဆုံး တစ်ရက်ကို ရွေးပြီး အစွမ်းကုန်ပွင့်အာလေ့ရှိတဲ့ ပန်းပိတောက်မင်း ဖြစ်တယ်ဗျ။ အဲဒါတွေပြီးတဲ့နောက် ကျွန်တော်တို့နိုင်ငံမှာ နွေဦးရဲ့ အထူးခြားဆုံး အခြွေအရံကြီးကတော့ နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းခြင်းကို အမှတ်အသားပြုတဲ့ သင်္ကြန်ပွဲတော်ကြီး ဖြစ်တယ်ဗျ။

သင်္ကြန်နဲ့သံချပ်

အခုအချိန်မှာ အဲဒီသင်္ကြန်ပွဲတော်ကြီးရဲ့ ရှေ့တော်ပြေး ‘တူးပို့ တူးပို့’ တေးသံတွေကိုလည်း ဟိုနား ဒီနားတွေက ခပ်စိပ်စိပ် ကြားလာနေရပြီဗျာ။ ဒီအချိန်မှာ ကျွန်တော့်ဆောင်းပါးအစမှာ ရေးခဲ့သလို ကျွန်တော့်ရင်ထဲ ဘယ်ဆီ ဘယ်ဝယ် ဘာကိုများ လွမ်းသလိုလို ဆွေးသလိုလို ဖြစ်နေပါလိမ့်ဆိုတာကို နက်နက်တွေးကြည့်လိုက်မိတော့ တခြားဟုတ်ပါရိုးလား။ ကျွန်တော်တို့ လူမျိုးတွေရင်ထဲ ‘နှစ်လွှာပေါင်းမှ တစ်ရွက်မည်တဲ့’ စွယ်တော်ရွက်ကို မြင်နေကြသလို သူပါမှ သင်္ကြန်အစစ်မည်သလို မြင်နေကြတဲ့ ‘သံချပ်’တွေပဲ ဖြစ်တယ်ဗျ။

အလံတံခွန် မပါသော ရထား၊ ခင်ပွန်းယောက်ျားမရှိသော မိန်းမတို့ဟာ လောကအလယ်မှာ မတင့်တယ်သလို ကျွန်တော်တို့နိုင်ငံက ပြည်သူတွေအတွက်လည်း သင်္ကြန်နဲ့သံချပ်ဆိုတာ နှစ်လွှာပေါင်းမှ တစ်ရွက်မည်တဲ့ စွယ်တော်ရွက်လို တင့်တယ်ပြီး ကျက်သရေ မင်္ဂလာရှိတဲ့ အရာတစ်ခုဖြစ်ခဲ့တာ အားလုံးအသိဖြစ်တယ်ဗျ။ သင်္ကြန်နဲ့သံချပ် ပေါင်းဖက်မှု သမိုင်းကြောင်းနဲ့ပတ်သက်ပြီး တိတိကျကျမသိပေမယ့် သမိုင်းခေတ် အတော်စောစောကတည်းက သူတို့နှစ်ခု အတွဲအဖက်ဖြစ်ခဲ့ကြတာဖြစ်တယ်ဆိုတာလောက်တော့ ကျွန်တော် သိတယ်ဗျ။ အားလုံးသိကြတဲ့အတိုင်း သံချပ်ဆိုတဲ့ ကဗျာလင်္ကာကလည်း လူ့အဖွဲ့အစည်း အသိုင်းအဝိုင်းအတွင်း ဖြစ်ပျက်နေတာတွေထဲက အမြင်မတော်တာတွေကို အပြုသဘောနဲ့ ထောက်ပြဖို့ ပေါ့ပေါ့ပါးပါး ပျော်ရွှင်ရယ်မောရင်း ပြုပြင်သွားစေနိုင်မယ့်စကားလုံး အသုံးအနှုန်းမျိုးတွေနဲ့ ရေးစပ်သီဆိုရတာဖြစ်တာမို့ မြန်မာပြည်သူအားလုံးလောက်က ချစ်ခင်နှစ်သက်ကြတာ ဖြစ်တယ်ဗျ။

ဖြေသိမ့်စရာ ဖြစ်ခဲ့တယ်

၁၉၆၂ မှ ပါတီစုံ ဒီမိုကရေစီစနစ် တစ်ခန်းရပ်သွားပေမယ့် ဒီမိုကရေစီရဲ့ အခက်အလက်တစ်ခုဖြစ်တဲ့ သံချပ်တွေကတော့ နောက်တစ်ကြိမ် နိုင်ငံရေးအလှည့်အပြောင်းဖြစ်တဲ့ ၁၉၈၈ နားရောက်တဲ့အထိ အံ့ဖွယ်သရဲ ဆက်လက်ရှင်သန်နေခဲ့ပြီ။ အဲဒီကာလနောက်ပိုင်းကျမှသာ ‘မျိုးတုံးပျောက်ကွယ်’ သွားခဲ့တာ အားလုံးအသိဖြစ်တယ်ဗျာ။ ဒီမိုကရေစီ ဆိတ်သုဉ်းနေတယ်လို့ အများသိထားခဲ့ကြတဲ့ လမ်းစဉ်ပါတီခေတ်တစ်လျှောက်လုံးမှာ သင်္ကြန်သံချပ်တွေဟာ အခြေခံပြည်သူလူထု အများစုကြီးအတွက် ဖြေသိမ့်စရာဖြစ်ခဲ့တယ်ဗျာ။ 

ဂန္ထဝင်မောင်ဝိုင်းတို့၊ မောင်ကြေးမုံတို့ စတဲ့ သံချပ်ဆရာတွေ၊ ‘ဆိတ်ပါးစပ် နတ်မျက်စိ’ ‘အနန္တစွမ်းအားရှင်’ စတဲ့ သံချပ်အဖွဲ့တွေဟာ ပြည်သူတွေရဲ့ အသည်းကျော်တွေပေါ့ဗျာ။ ကျွန်တော် ကြာဖူးသလောက် အခု လူထုခေါင်းဆောင်တစ်ဦးဖြစ်နေပြီဖြစ်တဲ့ ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်တို့၊ နာမည်ကျော် ဟာသသရုပ်ဆောင် ဗေလုဝတို့ဆိုရင်လည်း တစ်ချိန်က သံချပ်အဖွဲ့သားတွေ ဖြစ်ခဲ့ဖူးတယ်လို့ သိရတယ်ဗျ။

သင်္ကြန်သံချပ်တွေကို သတိရလိုက်တာနဲ့ ၁၉၈၉ ခုနှစ် ဒီချုပ်ရဲ့ သင်္ကြန်သံချပ်ပြိုင်ပွဲတွေကို ပြေးမြင်လိုက်တယ်ဗျာ။ ၄၄ တက္ကသိုလ်ရိပ်သာလမ်း၊ ဒီချုပ်ရဲ့ ထိုစဉ်က ဌာနချုပ်ရှေ့မှာ စင်ကြီးထိုးပြီး တိုင်းနဲ့ ပြည်နယ် အဖွဲ့ပေါင်းစုံက အကအလှတွေ အပြင် သဘာဝကျကျ သံချပ်ထိုး ပြိုင်ပွဲဝင်ကြတာကိုး။ ပြိုင်ပွဲ ကြီးကြပ်သူလူကြီးတစ်ယောက်အနေနဲ့ ကျွန်တော်တို့ ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီပွဲဟာ ရန်ကုန်မြို့ရဲ့ နောက်ဆုံး သင်္ကြန်သံချပ်သံတွေ ဝေစည်ခဲ့တဲ့ပွဲဖြစ်မယ် ထင်ပါတယ်။ သင်္ကြန်လည်းပြီးရော၊ ပြိုင်ပွဲဝင် သံချပ်မောင်တွေလည်း အင်းစိန်ထောင်ထဲ ရောက်ကုန်ကြတာပါပဲဗျာ။

လမ်းမပျောက်အောင် သတိပေးနိုင် 

မည်သို့ရှိစေ၊ သံချပ် အထူးသဖြင့် သင်္ကြန်သံချပ်တွေဟာ ဘယ်သူပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး ရယ်မောပျော်ရွှင်ရင်း ကိုယ့်ရဲ့ ချွတ်ယွင်းအားနည်းချက်တွေကို မသိမသာပြုပြင်သွားစေနိုင်တဲ့ အခွင့်အရေး ရစေတဲ့အရာတွေဖြစ်တာကြောင့် ကျွန်တော်တို့လူ့အဖွဲ့အစည်းအတွက် ဘယ်ဘက်က ကြည့်ကြည့် သိပ်ကို အရေးပါတဲ့ အခြင်းအရာ တစ်ခုဖြစ်တယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ထားတယ်ဗျာ။ အထူးသဖြင့် အခုလို ကျွန်တော်တို့နိုင်ငံ အိမ်နီးနားချင်းနိုင်ငံတွေနဲ့ ယှဉ်ရင်တောင် အတော်ကလေး နောက်ကျနေပြီဖြစ်တဲ့အချိန်မျိုးမှာ သင်္ကြန်သံချပ်တွေဟာ ကျွန်တော်တို့ အားလုံး ဒီမိုကရေစီပန်းတိုင်ဆီသို့ ချီတက်နေကြရင်း လမ်းပျောက်မသွားစေဖို့၊ လမ်းဖောက်မမှားစေဖို့၊ လမ်းကောက်မသွားမိစေဖို့ သတိပေးတဲ့နေရာမှာ အများကြီး အထောက်အကူ ဖြစ်စေမှာဖြစ်တယ်ဗျ။

ဒါကြောင့် နှစ်ပေါင်းငါးဆယ်အတွင်း ကျွန်တော်တို့နိုင်ငံရဲ့ အလှဆုံးနွေဦးကို ဖြတ်သန်းနေချိန်မှာ အဲဒီနွေဦးရဲ့ သင်္ကြန်ဟာ ခြိမ့်ခြိမ့်သဲသဲ သံချပ်ပြိုင်ပွဲကြီးတွေနဲ့ ပေါင်းစပ်ထားတဲ့ သင်္ကြန်သာဖြစ်ခဲ့မယ်ဆိုရင်တော့ ဒီနွေဦးဟာ တကယ့်ကို အလှထူးတဲ့ မြန်မာ့နွေဦးဖြစ်လာမှာ ဧကန် မုချပါပဲဗျာ။

၂၈၊ ၀၂၊ ၂၀၁၂
မောင်ဝံသ

ယခုအပတ်ထုတ် TRUE NEWS ဂျာနယ်ပါ မောင်ဝံသ မှန်တာပြောသစ္စာ ဆောင်းပါး။


 

No comments: