မြစ်ဝကျွန်းပေါ်ကို ပြန်ပြီ
အင်းစိန်တိုက်ပွဲအပြီးမှာ ပွဲဦးထွက် လက်နက်ချအညံ့ခံသွားတာက မန်းဂျိမ်းစ်ထွန်းအောင် ပဲ။
တော်လှန်ရေးသက်တမ်းကလည်း နုသေးတာကိုး။ အင်းစိန်က ဆုတ်လာပြီးနောက် ကြာအင်းဇောင်းလား။ ဇောလား မသိဘူး။ အဲဒီရွာမှာ လူကြီးတွေ အစည်းအဝေးထိုင်ကြတယ်။ တာဝန်တွေခွဲကြတဲ့အခါမှာ စောဘဦးကြီးနဲ့ ဗိုလ်ချုပ် စိုင်းကေတို့က အရှေ့တိုင်း၊ တောင်ငူခရိုင်။ မန်းဘဇန်နဲ့ ဟံတာသာမွှေးတို့က မြစ်ဝကျွန်းပေါ်တိုင်း။
ဒီလို တာဝန်ခွဲပြီး အသီးသီးသွားကြတာပေါ့။
မန်းဘဇန် ဘော်ဒီဂတ်
အဖိုးတို့ကတော့ မန်းဘဇန်တို့နဲ့အတူ မြစ်ဝကျွန်းပေါ်ဘက်ကို ပြန်ဆုတ်လာတယ်။
မန်းဘဇန်နဲ့ စတွေ့တာက အင်းစိန်မှာထဲက တွေ့ကြတာပေါ့။
မန်းဘဇန်က ကေအဲန်ဒီအို ဗိုလ်ချုပ်ကြီး။ မြစ်ဝကျွန်းပေါ်ရောက်တော့ သူက မအူပင်နောက်ကြောက ကြည်ပင်သာဘက်ကို ပြန်ဆုတ်လာရတော့ ဟိုပုန်းဒီရှောင်၊ ဒီရွှေ့ ဟိုရွှေ့ပေါ့။
အဖိုးက သူ့ ဘော်ဒီဂတ် လုပ်ရသေးတယ်။ ၁၉၄၉၊ ၅ဝ မှာပေါ့။ တနှစ်ကျော်လောက် လုပ်ရတယ်။ သူက ခေါင်းဆောင်ဆိုတော့ ရန်သူက သူ့နောက် အနံ့ခံလိုက်တာပေါ့။ အဖိုးတို့က သူ့ကို လုံခြုံရေးယူပေးနေရတာပေါ့။
အဖိုးတို့ သုံးလေးယောက်ပဲ ရှိတော့တယ်။ သူလည်း ရပါတယ် ပြောတာကိုး။
အဖိုးက အမြဲပေါ့။ ပြောင်းရွှေ့တဲ့အခါမှာ အထုပ်တွေ အကုန်ထမ်း၊ ထမီထုပ်ရော အင်္ကျီထုပ်ရော အကုန်ပဲ။ အဲဒီလို ရွှေ့ရပြောင်းရရင် အဖိုးတို့က အရမ်းမရွှေ့ဘူး။
ရွာတွေမှာက လူကြီးတွေ ရှိတာကိုး။ လူကြီးတွေခေါ်တွေ့ပြီးတော့မှ တရွာပြီးတရွာ ပြောင်းကြတာ။ ကိုယ့်ကရင်ရွာတွေဆိုတော့ ပြည်သူတွေ ထောက်ခံမက အပြည့်ရှိတာပေါ့။
မြစ်ဝကျွန်းပေါ်မှာ မြောင်းမြခရိုင်ကို အဖိုးတို့က အမှတ် ၂ ခရိုင် သတ်မှတ်ထားတယ်။ မအူပင်က အမှတ် ၇၊ အမှတ် ၃ ခရိုင်က ဟံသာဝတီဘက်မှာ။
နောက်တော့ မန်းဘဇန်က တာဝန်တခုနဲ့ ပဲခူးရိုးမကို သွားရတယ်။ ဒီတော့ သူက …
“ဟေ့ ဗိုလ်ကျော်သောင်း ငါ ခရီးသွားရမယ်ကွ။ ငါ့ နောက်ပိုင်းတွေကို ဘယ်မှာထားရရင် ကောင်းမလဲ”
အဖိုးက စဉ်းစားတယ်။
“ထားလို့ရတဲ့ နေရာတွေကတော့ အများကြီး။ အကောင်းဆုံးကတော့ ပန်းတနော်မြို့နယ် တောကျောင်းမှာထားရင် ပိုကောင်းမယ်”
မန်းဘဇန်က “လုံပါ့မလား” တဲ့။
“လုံတာပေါ့။ အဲဒီမှာ မန်းစိန်အေး ရှိတယ်။ သူတို့ဘက်က ငြိမ်းချမ်းတယ်။ သူ့ ဗိုလ်မှူးစံတင်အေးလည်း ရှိတယ်။ သူ့အစ်ကိုရော၊ သူ့ညီရော ပြောထားလိုက်ရင် ဘာမှမဖြစ်တော့ဘူး”
အဲဒါနဲ့ သူ့ဇနီးနဲ့ ကလေးခေါ်ပြီး သွားတွေ့တာပေါ့။
စံတင်အေးက ရတာပေါ့။ ကိုယ့်အမျိုးသားမှ မကြည့်ရင် ဘယ်သူကြည့်မလဲ တဲ့။
ဒါနဲ့ သူ့မိသားစုတွေကို တောကျောင်းမှာ ထားတာ။ မန်းဘဇန်ကလည်း စိတ်ချတယ်။
အဲဒါနဲ့ သူ ခရီးထွက်တာပေါ့။ သူ့နောက်ကို အဖိုး မပါသွားဘူး။
မန်းဘဇန်က အဖိုးရဲ့ပထမဦးဆုံးဆရာလို့ ပြောလို့လည်းရတယ်။ တော်လှန်ရေးမှာ အဖိုးကို နိုင်ငံရေးသဘောတရား သူပဲ ပို့ချပေးခဲ့တာကိုး။ အဖိုးက မန်းဘဇန်ကို လေးလည်း လေးစားတယ်။ ချစ်လည်း ချစ်တယ်။
သူက သူများလို မဟုတ်ဘူး။
သဘောတရားပေး ဆွေးနွေးတဲ့နေရာမှာ နားလည်အောင် ဆွေးနွေးတယ်။
နောက်ပြီး ရဲဘော်တွေနဲ့ အနေအထိုင် တန်းတူညီတူရှိတယ်။
အစားအသောက်လည်း အတူတူပဲ။
အဲဒါကြောင့် အဖိုး သူ့ကို အများကြီး လေးစားတယ်။
ဘဝမြင့်ရင် မကြိုက်ဘူး
အဖိုးတို့တပ်ရင်းမှာ ရူသော ဆိုတဲ့ ခေါင်းဆောင်တယောက်ရှိတယ်။
သူကလည်း ဘီအေဘွဲ့ရ ခေတ်ပညာတတ်တယောက်ပဲ။ ဘဝင်လည်း ခပ်မြင့်မြင့်။
သူ့ကိုဆို အဖိုးကြည့်လို့ မရဘူး။ သူနဲ့လည်း အဖိုးတခါမှ စကားမပြောဘူး။
အဖိုးတို့ ခရိုင်ဥက္ကဋ္ဌနဲ့ နိုင်ငံရေးအကြောင်းဆွေးနွေးရင်း ခေါင်းဆောင်တွေအပိုင်းဆီ ရောက်သွားတော့ ပြောကြတာပေါ့။ အဖိုးက“ခေါင်းဆောင်ထဲမှာတော့ မန်းဘဇန်ကို အကြိုက်ဆုံးပဲ။ ငါ မကြိုက်တာက ဗဟိုကော်မတီထဲက စောရူသော ဆိုတဲ့ကောင်ပဲ။ ဒီကောင်ကိုဆို ငါ ပိတ်ကန်ချင်တယ်”
အဲဒီအချိန် ရူသောက အဖိုးရဲ့ ညာဘက်ဒေါင့်မှာ ထိုင်နေတာ။
သူက အဖိုးကို တချက်လှည့်ကြည့်တယ်။
“မင်း ဘာဖြစ်လို့ ကိုယ့်ခေါင်းဆောင်ကို ကန်ချင်တာလဲ”
“ခေါင်းဆောင်ပေမယ့် သူက ခေါင်းဆောင်မပီသဘူး။ သူ ကြည့်တဲ့ပုံကိုက မင်းကြည့်လိုက်ပါလား။ မျက်နှာကိုက ပုပ်နေတာပဲ။ သူနဲ့ အလိုတူဆိုရင်တော့ ပြုံးလို့ ရွှင်လို့။ ခေါင်းဆောင်ဆိုတာ ကျောသားရင်သား မခွဲခြားရဘူးကွ”
ဒါနဲ့ အဖိုးတို့ တပ်ရင်းက ဆရာသာဖေက ...
“မင်းတော်တော် ဂွကျတဲ့ကောင်ပဲ” တဲ့။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment