တရားဥပဒေကို ကျုံ့လို့ ဆန့်လို့မရဘူး
မည်သည့်နိုင်ငံမှာမဆို အုပ်ချုပ်ရေးပိုင်းက ခေါင်းဆောင်တွေက ဒီမိုကရေစီကျင့်စဉ်ကို ရိုသေလေးစား လိုက်နာမယ့်အကြောင်း ဘယ်လောက်ပဲ အပ်ကြောင်းထပ်အောင် ပြောဆိုနေကြပါစေ၊ အခြေခံဥပဒေထဲမှာ ဒီမိုကရေစီကို အမွှမ်းတင်တဲ့ အသုံးအနှုန်းတွေ မစားရ ဝခမန်း ဘယ်လောက်ပဲ ရေးသားဖော်ပြထားပါစေ၊ တကယ့်လက်တွေ့မှာ တရားဥပဒေရဲ့ အာဏာစက်ဟာ နိုင်ငံသားတိုင်း (နိုင်ငံသားတိုင်း) အပေါ် သက်ရောက်မှုရှိရဲ့လား။ တရားဥပဒေရဲ့ အထက်မှာ ဘယ်သူမှမရှိဘူးဆိုတဲ့အချက် တကယ်သေချာရဲ့လား။ ဟိုတစ်ခေတ်တုန်းကလို “တရားဥပဒေက မည်သို့ပင်ဆိုစေကာမူ” ဆိုတဲ့ အင်မတန် စော်ကားတဲ့စကားလုံးတွေနဲ့ ချွင်းချက်တွေထားပြီး လုပ်ချင်တာလုပ်ခဲ့တာမျိုး ရှိနေသေးသလား ဆန်းစစ်ကြရမှာဖြစ်တယ်ဗျ။
တရားဥပဒေ ဆိုတာ အခြေအနေ အကြောင်းကြောင်းအပေါ် မူတည်ပြီး လိုသလို ကျုံ့လို့ ဆန့်လို့မရတဲ့ အရာမျိုးအဖြစ်သို့ အမှန်တကယ် ရောက်ရှိနေပြီလားဆိုတဲ့ အချက်တစ်ခုတည်းကိုသာ ကြည့်ပြီး နိုင်ငံတစ်နိုင်ငံမှာ ဒီမိုကရေစီစနစ် ရှင်သန်ဖွံ့ဖြိုးနေခြင်း ရှိ မရှိ ဆုံးဖြတ်ကြရမှာ ဖြစ်တယ်ဗျာ။
ဥရောပနဲ့ အာဖရိက
အခုအချိန်မှာ ဒီမိုကရေစီစနစ်ရဲ့ ပင်မရေစီးဖြစ်တဲ့ တရားဥပဒေ စိုးမိုးရေးဟာ လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ ဖွံ့ဖြိုးတိုးတက်မှုတို့ရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်ဆိုတဲ့ အချက်အပေါ် အငြင်းပွားသူ မရှိသလောက်ဖြစ်နေပြီဗျ။ ဒီမိုကရေစီ သို့မဟုတ် တရားဥပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံတွေဟာ ငြိမ်းငြိမ်းချမ်းချမ်း တည်တည်ငြိမ်ငြိမ် လုံလုံခြုံခြုံနဲ့ ဖွံ့ဖြိုးတိုးတက် စည်ပင်ဝပြောနေကြပြီး မရှိတဲ့နိုင်ငံတွေကတော့ အခုအထိ ဓားတောင်တွေကို ကျော်နေကြရတုန်း မီးပင်လယ်တွေထဲမှာ ကူးခတ်နေကြရတုန်းဖြစ်တဲ့ မြင်ကွင်းတွေက အဲဒီအချက်ကို မီးမောင်းထိုးပြနေတယ်ဗျ။
ဒုတိယကမ္ဘာစစ် ပြာပုံထဲက လူးလဲရုန်းထလာခဲ့ကြပြီး လက်ရှိမှာ တည်ငြိမ်ဖွံ့ဖြိုးတိုးတက်နေကြပြီဖြစ်တဲ့ ဥရောပဒေသနဲ့ လွတ်လပ်ရေးရပြီးနောက် ရာစုတစ်ဝက်ကျော်ကြာလာတဲ့အထိ ယမ်းနံ့တွေ မိုးမွှန်နေဆဲဖြစ်တဲ့ အာဖရိကဒေသကို နှိုင်းယှဉ်ကြည့်လိုက်ရင် တရားဥပဒေစိုးမိုးမှုဆိုတဲ့ စကားလုံးရဲ့ အနက်အဓိပ္ပာယ်ကို လေးလေးနက်နက် သဘောပေါက်နိုင်ကြမှာ ဖြစ်တယ်ဗျ။
နတ်ဆိုးတွေလို သဘောထားတယ်
ဒီနေရာမှာ မှတ်သားထားသင့်တဲ့ အချက်တစ်ချက်ကတော့ တရားဥပဒေ စိုးမိုးမှုရှိတဲ့နိုင်ငံတွေမှာ ရှေ့နေ တရားသူကြီး စတဲ့ တရားဥပဒေနဲ့ ဆက်နွှယ်နေတဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်ကိုင်သူတွေဟာ လူ့အဖွဲ့အစည်းအတွင်း အလွန်တရာ လေးစားအားကျ နေရာပေးခြင်းခံကြရလေ့ရှိပါတယ်။ ဥပဒေသမားတွေကို သာမန်အရပ်သူ အရပ်သားတွေက အားကိုးအားထားပြုကြပါတယ်။ တရားဥပဒေစိုးမိုးမှုမရှိတဲ့ နိုင်ငံတွေမှာတော့ အဲဒီပုဂ္ဂိုလ်တွေဟာ ပြည်သူတွေရဲ့ ရွံကြောက်ခြင်းကိုသာခံကြရတဲ့ (တစ်နည်း) ပြည်သူတွေက ချစ်ခင်ကြည်ညိုလေးစားလို့မဟုတ်ဘဲ ဖမ်းစားမှာ ကြောက်တဲ့အတွက် ကိုးကွယ်ပသနေကြရတဲ့ ‘နတ်ဆိုး’ များအဖြစ်သာ သဘောထားခြင်းခံကြရတာ ဖြစ်တယ်ဗျ။
တရားဥပဒေစိုးမိုးမှုမရှိတဲ့နိုင်ငံဆိုတာ အုပ်ချုပ်သူ လူတန်းစားက သူတို့ကိုယ်တိုင်ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေတွေကိုတောင် သူတို့ကိုယ်တိုင် လေးစားလိုက်နာခြင်းမရှိတဲ့ နိုင်ငံမျိုးကို ခေါ်ဆိုတာ ဖြစ်တယ်ဗျ။ ဒါမှမဟုတ် အုပ်ချုပ်သူလူတန်းစား အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ဖို့ သက်သက်အတွက်သာရည်ရွယ်ပြီး ဥပဒေတွေ ထုတ်ပြန်ပြဋ္ဌာန်းထားတဲ့ နိုင်ငံမျိုးကို ဆိုလိုတာ ဖြစ်တယ်ဗျ။ အဲဒီလိုနိုင်ငံတွေမှာ တရားသူကြီးတွေကြည့်တဲ့မျက်နှာဟာ ‘ငို၍ ရယ်၍ မရတဲ့’ တရားဥပဒေမျက်နှာ မဟုတ်ဘူးဗျ။ ‘ငို၍ ရယ်၍ ရတဲ့’ အာဏာမျက်နှာနဲ့ ငွေမျက်နှာတို့ဖြစ်တယ်ဗျာ။
ဒါကြောင့် အဲဒီလိုနိုင်ငံမျိုးတွေမှာ ပြည်သူတွေက ‘တရားသူကြီး’ လို့မခေါ်ဘဲ ‘မတရားသူကြီးတွေ’ လို့ တိုးတိုးတိတ်တိတ် ကျိတ်ပြီး ခေါ်လေ့ရှိကြတယ်ဗျ။ အဲဒီ နိုင်ငံတွေမှာ ရှေ့နေတွေကိုလည်း ပြည်သူတွေက ‘အမှုပွဲစား’ တွေ၊ ‘ငိုစား ရယ်စား’ တွေအဖြစ်သာ သဘောထားကြတယ်ဗျ။ ဒါကြောင့် အဲဒီလို နိုင်ငံမျိုးတွေမှာ တရားသူကြီးနဲ့ ရှေ့နေအများစုဟာ (ကိုယ်ကိုင်တွယ်ရတဲ့အမှုတွေအပေါ် မူတည်ပြီး) ဝင်ငွေကောင်းချင်ကောင်းကြမှာဖြစ်ပေမယ့် ကွယ်ရာမှာ လူတွေရဲ့ နှာခေါင်းရှုံ့ခြင်းခံရသူတွေ ဖြစ်တယ်ဗျ။
သူတို့ကိုယ်တိုင် အသိဆုံးပါ
လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်အတွင်း အထူးသဖြင့် ဒီဘက်နှစ်အစိတ်လောက်အတွင်း ကျွန်တော်တို့နိုင်ငံမှာရော တရားဥပဒေနဲ့ အသက်မွေးဝမ်းကျောင်းခြင်းပြုကြတဲ့သူတွေ အထူးသဖြင့် တရားသူကြီးတွေဟာ သူတို့ အသက်မွေးဝမ်းကျောင်းလုပ်ငန်းရဲ့ အမည်နာမအတိုင်း ရပ်တည်ခဲ့ကြရဲ့လား။ ဒါမှမဟုတ် သာမန်ရာဇဝတ်မှု တရားမမှုတွေမှာ ငွေသြဇာကို နာခံခဲ့ကြပြီး နိုင်ငံလုံခြုံတည်ငြိမ်ရေးလို့ တစ်လျှောက်လုံး ခေါ်ဝေါ်သုံးစွဲခဲ့ကြတဲ့ နိုင်ငံရေးနဲ့ ဆက်နွှယ်နေတဲ့အမှုတွေမှာ ဘယ်လိုစီရင်ချက်တွေ ဖတ်ကြားခဲ့ကြတယ်ဆိုတာကတော့ သူတို့ကိုယ်တိုင်နဲ့ ‘မိုးနတ်မင်း’ကသာ အသိဆုံးဖြစ်လိမ့်မယ်ဗျာ။ ဘယ်သူ သိသိ မသိသိ ကာယကံရှင်ပြည်သူတွေကတော့ ကောင်းကောင်းကြီး သိခဲ့ကြပါတယ်ဗျ။
အိန္ဒိယက သတင်းတစ်ပုဒ်
တရားဥပဒေစိုးမိုးမှုဆိုတဲ့ စကားရပ်နဲ့ပတ်သက်ပြီး ကျွန်တော် မကြာသေးခင်တစ်ရက်က ဖတ်ခဲ့ရတဲ့ အင်တာနက် သတင်းတစ်ပုဒ်အကြောင်း ဖောက်သည်ချချင်တယ်ဗျာ။
အဲဒီသတင်းဟာ အိန္ဒိယကလာတဲ့ သတင်းဖြစ်ပါတယ်။ သတင်းအပြည့်အစုံက ဒီလိုဗျ။ မနှစ်က ဇွန်လထဲမှာ ဘာဘာရမ်ဒက်လို့ခေါ်တဲ့ ယောဂီကြီးတစ်ဦး ဦးဆောင်ပြီး မြို့တော်ဒေလီက ရမ်လီလာနယ်မြေမှာ အကျင့်ပျက်ခြစားမှု ဆန့်ကျင်ရေးဆန္ဒပြပွဲကြီးတစ်ခု ပြုလုပ်ခဲ့တယ်။ အစိုးရ အရာရှိကြီးငယ်တွေရဲ့ အကျင့်ပျက်ခြစားမှုတွေ ဆိုးဆိုးရွားရွား ဖြစ်ပေါ်နေတဲ့ အိန္ဒိယနိုင်ငံမှာ လူထောင်ပေါင်းများစွာတို့က ယောဂီကြီးရဲ့ဆန္ဒပြပွဲမှာ ပူးပေါင်းပါဝင်ခဲ့ကြတယ်။
တစ်ညမှာတော့ ညသန်းခေါင်အချိန်မှာ ရဲတွေ အလုံးအရင်းနဲ့ ဝင်ရောက်လာပြီး အဲဒီဆန္ဒပြပွဲကို ဖြိုခွဲခဲ့တယ်ဗျ။ ရဲတွေဟာ အိပ်ပျော်နေတဲ့ဆန္ဒပြသူတွေကို နံပါတ်တုတ်တွေနဲ့ ရိုက်၊ ထွက်ပြေးတဲ့သူတွေကို မျက်ရည်ယိုဗုံးတွေနဲ့ လိုက်ပစ်ခဲ့ကြတယ်ဗျာ။ အဲဒီဖြစ်ရပ်မှာ လူ ၃၀ လောက် ဒဏ်ရာရသွားပြီး အဲဒီထဲက အမျိုးသမီးကြီးတစ်ယောက်ကတော့ ရတဲ့ဒဏ်ရာတွေကြောင့် စက်တင်ဘာလထဲမှာ ကွယ်လွန်သွားခဲ့တယ်ဗျ။
အဲဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယတရားရုံးချုပ်က ဖေဖော်ဝါရီလထဲမှာ ဆုံးဖြတ်ချက်တစ်ခု ချလိုက်ပါတယ်။ အဲဒါကတော့ အဲဒီဖြိုခွင်းမှုမှာ ပါဝင်ခဲ့ကြတဲ့ ရဲတွေကို တရားရုံးတင်စစ်ဆေးဖို့ ဖြစ်တယ်ဗျ။ နောက်ပြီး သေဆုံးသွားတဲ့ အမျိုးသမီးကြီးအတွက်လည်း အသက်ဖိုး လျော်ကြေးငွေ ရူပီး ငါးသိန်း အစိုးရကပေးရမယ်လို့ စီရင်ချက်ချမှတ်ခဲ့တယ်ဗျာ။
အားလုံးသိကြတဲ့အတိုင်း အိန္ဒိယဟာ လူဦးရေသန်းပေါင်း တစ်ထောင်ကျော်ရှိပြီး မတူကွဲပြားတဲ့ လူမျိုးများစွာတို့ မတူကွဲပြားတဲ့ ပထဝီဒေသအသီးသီးမှာ ပေါင်းစည်းနေထိုင်နေကြတဲ့ ဧရာမနိုင်ငံကြီးတစ်ခုဖြစ်တယ်ဗျ။ ၁၉၄၇ ခု လွတ်လပ်ရေးရအံ့ဆဲဆဲမှာ အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ လုပ်ကြံသတ်ဖြတ်ခံရပြီး ပါကစ္စတန်နိုင်ငံ ခွဲထွက်သွားမှုနဲ့လည်း ကြုံတွေ့ခဲ့ရတယ်ဗျ။
ဒါ့အပြင် ပါကစ္စတန်နဲ့ရော တရုတ်နဲ့ပါ စစ်ပွဲတွေ အကြိမ်ကြိမ်ဆင်နွှဲခဲ့ရပြီး ပြည်တွင်းမှာလည်း ဟိန္ဒူ-မူစလင် ပဋိပက္ခ၊ ကက်ရှ်မီးယားပြဿနာ၊ မော်ဝါဒီသူပုန်၊ နာဂသူပုန်တွေနဲ့ လုံးထွေးနေခဲ့ရတဲ့ နိုင်ငံဖြစ်တယ်ဗျ။ ဒါပေမယ့် အိန္ဒိယတပ်မတော်ဟာ နိုင်ငံရေးထဲ ဘယ်တုန်းကမှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိဘဲ နိုင်ငံ့လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင်ကြီးတွေ ရေးဆွဲပြုစုပြဋ္ဌာန်းခဲ့ကြတဲ့ အခြေခံဥပဒေကို တစ်သမတ်တည်း ကာကွယ်စောင့်ရှောက်ခဲ့တယ်ဗျ။ တပ်မတော်က စစ်ဘောင် ပါလီမန်ဘောင် သတ်သတ်မှတ်မှတ် ခွဲခွဲခြားခြား နေထိုင်ခဲ့တဲ့အတွက် နိုင်ငံရေးသမားတွေကလည်း စစ်တပ်က အာဏာသိမ်းမယ့် အန္တရာယ်ကို စိုးရိမ်ပူပန်ခြင်းမရှိကြဘဲ ကိုယ့်အလုပ်ကိုယ် စိတ်အေးအေးထား လုပ်နိုင်ခဲ့ကြတယ်။
ဒါကြောင့်မို့လည်း အိန္ဒိယနိုင်ငံမှာ တရားဥပဒေစိုးမိုးမှုဟာ အခြေခံအားဖြင့် ခိုင်ခိုင်မာမာ တည်ရှိနေခဲ့တယ်ဗျ။ လွတ်လပ်စွာ ပြောခွင့်ဆိုခွင့်ပေးထားတဲ့ ဒီမိုကရေစီထုံးစံတိုင်း ပူညံ ပူညံတွေ မပြတ်ရှိခဲ့ပေမယ့် တရားဥပဒေစိုးမိုးမှုရှိတဲ့အချက်ကြောင့် အိပဲ့ အိပဲ့လျှောက်လှမ်းရင်းနဲ့ပဲ အခုအချိန်မှာတော့ အိန္ဒိယဟာ ထွန်းသစ်စ စီးပွားအင်အားရှင် နိုင်ငံကြီးတစ်ခုအဖြစ်သို့ တရွေ့ရွေ့ရောက်ရှိလာခဲ့ပြီ ဖြစ်တယ်ဗျာ။
အိန္ဒိယဖွဲ့စည်းပုံရဲ့ အားသာချက်
ကျွန်တော်ကတော့ အိမ်နီးချင်းနိုင်ငံတွေထဲမှာ အိန္ဒိယရဲ့ နိုင်ငံရေးဖွဲ့စည်းမှု ပုံစံကို အတော်ကလေး နှစ်သက်မိတယ်ဗျ။
(၁) အင်္ဂလန်ကို ပါလီမန် မိခင်နိုင်ငံလို့ခေါ်တွင်သလို အိန္ဒိယကို ဒီမိုကရေစီမိခင်နိုင်ငံလို့တောင် တင်စားခေါ်ဝေါ်ခဲ့ကြတာ ဘာကြောင့်လဲ။
(၂) အိန္ဒိယက ပြည်နယ်အစိုးရတွေနဲ့ ဗဟိုအစိုးရအကြား အာဏာခွဲဝေမှုစနစ် ဘယ်လိုအားသာချက်တွေရှိလို့ ပြည်နယ်တွေအားလုံးလိုလိုက ကျေနပ်နေကြတာလဲ။
(၃) ဆိုရှယ်လစ်စနစ်ကို (မြန်မာများနည်းတူ) မူလပန်းတိုင်ထားခဲ့တဲ့ နေရူး၊ အင်ဒီရာဂန္ဒီ၊ ရာဂျစ်ဂန္ဒီ မျိုးဆက်နောက်ပိုင်း ဘယ်လို စီးပွားရေးမူဝါဒတွေ ပြောင်းလဲချမှတ် အကောင်အထည်ဖော်ခဲ့လို့ အိန္ဒိယဟာ တရုတ်နဲ့ နင်လား ငါလား ရှေ့တန်းရောက်လာတာလဲ။
အိန္ဒိယနိုင်ငံဆီက စိတ်ဝင်စားဖွယ် လေ့လာစရာတွေ အများကြီးရှိပါတယ်။ ပေါ်လစီမိတ်ကာများလည်း လေ့လာမိကြမယ် ထင်ပါတယ်။
လောလောဆယ် ကျွန်တော်တို့ ဆွေးနွေးနေတဲ့ တရားဥပဒေစိုးမိုးရေး တည်ဆောက်မှုကိစ္စနဲ့ ဆက်စပ်တာကို ပြောရရင်ဖြင့် အိန္ဒိယနိုင်ငံကြီးမှာ နိုင်ငံရေးတည်ငြိမ်မှု (နှိုင်းယှဉ်သောအားဖြင့်) ရှိနေတာ၊ စီးပွားရေး တိုးတက်နှုန်း မြန်ဆန်လာတာတွေဟာ တရားရေးမဏ္ဍိုင် အံ့သြလောက်အောင် လွတ်လပ်ကြံ့ခိုင်ခဲ့လို့ပဲ ဖြစ်ကြောင်းပါဗျာ။
၂၉၊ ၀၂၊ ၂၀၁၂
maungwuntha@gmail.com
ယခုအပတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသ ပြောချင်လွန်းလို့ဆောင်းပါး။
No comments:
Post a Comment