ဓားပြတိုက်ပြီးတော့ စားဖို့သောက်ဖို့ဆိုပြီး ပိုက်ဆံနှစ်ထောင်လား မသိဘူး ရတယ်။ ပိုက်ဆံရတော့ လှဝင်းစိန်တို့ လူငယ်တွေ ၄-၅ ယောက် ဟိုတယ်သွားမယ်ဆိုပြီး အဖိုးကို ခေါ်တယ်။
အဖိုးက တခါမှ ဟိုတယ်မတက်ဖူးဘူး။ ဟိုတယ်က နှစ်ထပ်။ အပေါ်ထပ် တက်သွားတော့ အမျိုးသမီး ချောချောလှလှတွေ ထွက်လာတယ်။ ဘာ သောက်မလဲ။ ဘာ စားမလဲ။
ဘရန်ဒီတို့၊ ဝီစကီတို့ နိုင်ငံခြားအရက်တွေ တို့ကို လာချပေးတာပေါ့။
ကြက်ကင်တွေ၊ ဘဲကင်တွေ ချပေးတယ်။
အရက်တွေငှဲ့ပေးတော့ အဖိုးတို့ သောက်တာပေါ့။
အရက်သောက်လိုက်၊ ကြက်ကင်ဘဲကင်တွေ စားလိုက်။ နောက်တော့ အဖိုးကောင်တွေက မိန်းကလေးတွေကို ပေါင်ပေါ် တင်တင်ပြီး နမ်းတော့တာပဲ။
“ဟေ့ကောင်တွေ ဒါ ဘာလုပ်တာလဲ”
“မမြင်ဘူးလား။ နမ်းတာပေါ့”
ဒီလိုပြောပြီး အဖိုးက ဘဲကင်တကောင်နဲ့ ဝီစကီတပုလင်းဆွဲချလာပြီး ဂျစ်ကားပေါ်မှာ ပြန်သောက်တယ်။ ဟိုကောင်တွေ ပြန်မလိုက်လာဘူး။ မလာတော့ အဖိုးက မော်တော်ကားဟွန်းကို တီးတော့တာပဲ။
“တတီတီနဲ့”
ဟိုကောင်တွေ မလာမချင်း ငါ နှိပ်တော့ ဒေါပွပွနဲ့ အဖိုးကောင်တွေ ဆင်းချလာတယ်။
“မင်း ဘာလုပ်တာလဲကွ”
“ဘာလုပ်ရမှာလဲ။ မင်းတို့ စားနေတာ သောက်နေတာ မပြီးသေးဘူးလား”
“စားလို့ သောက်လို့ကတော့ ပြီးပြီပေါ့ကွ။ ဒါပေမယ့် အီစီကလီလေးတွေ ရှိသေးတယ်”
“မင်းတို့ သောက်ကျင့် တော်တော်ယုတ်တဲ့ကောင်တွေ လာပြန်မယ်။ ကားပေါ်တက်” အဖိုး ဒေါသထွက်တော့ ဒီကောင်တွေ နည်းနည်းလန့်တယ်။ အဖိုးတို့ အားလုံး ပြန်လာတယ်။
“တော်ပြီကွာ တဲ့။ နောက်ဆို မင်းကို မခေါ်တော့ဘူး”
“မင်းတို့ခေါ်လည်း ငါ မလိုက်ဘူး”
“မင်းတို့ကောင်တွေ အသုံးကျတဲ့ကောင်တွေ မဟုတ်ဘူး။ အမေချင်း မစာနာ နှမချင်း မစာနာ” လို့ အဖိုးပြောတော့ ဒီကောင်တွေ အသံတိတ်နေတယ်။ အဲဒီတခါပဲ ဟိုတယ်ကို အဖိုးသွားဖူးတယ်။ နောက် ဘယ်တော့မှ အဖိုး မသွားတော့ဘူး။
ပထမဆုံး တိုက်ပွဲ
အဖိုး တပ်စိပ်မှူးဖြစ်ပြီးတော့ ဘာကြာမှာလဲ။
ဖဆပလ အစိုးရ ကေအဲန်ယူကို မတရားအသင်းကြေညာပြီး တိုက်တော့တာပဲ။
အဖိုးတို့က အင်းစိန်မှာပေါ့။
အဲဒီတုန်းက ကေအဲန်ယူနဲ့ မွန်ပြည်သစ်ပါတီကို သူတို့ မတရားအသင်း ကြေညာခဲ့တာ။ တို့ခေါင်းဆောင်တွေကလည်း ဒါကို ကြိုသိနေတယ်။ ဥပဒေဘောင်ထဲက တောင်းဆိုနေတာတွေ ရချင်မှရလိမ့်မယ်။ မရရင်တော့ ကရင်တွေ မလွဲမသွေ လက်နက်ကိုင်ရတော့မှာပဲ။
ဒီလို ခေါင်းဆောင်တွေက ပြောကြတယ်။ စောဘဦးကြီးတို့ခေါင်းဆောင်ပြီး ဆွေးနွေးနေကြတာပေါ့။ အဖိုးတို့က ဒါတွေ ဘယ်သိဦးမလဲ။ ခေါင်းဆောင်တွေ ပြန်ပြောပြတော့ သတိအနေအထားနဲ့ နေရတာပေါ့။
လက်ထဲ သေနတ်ရောက်လာတော့ စစ်ပြန်တွေကို မေးရတာပေါ့။ ဘယ်လို ကျည်ထိုးရလဲ။ ဘယ်လို ပစ်ရလဲ။ သူတို့က ပြပေးတာပေါ့။ ဘယ်လောက် အကွာအဝေးဆိုရင် ပစ်။ ဘယ်လောက်ဆို မပစ်နဲ့။
အဲဒီအချိန်က တပွဲထိုးပေါ့။ အတွေ့အကြုံလည်း ဘာမှမရှိသေးဘူး။ စစ်သင်တန်းလည်းမတက်ရဘူး။ သူတို့လည်း စတိုက်ရော။ အဖိုးတို့ကလည်း ပြန်တိုက်ရတာပေါ့။
အဖိုးမှတ်မိတာက အဖိုးတို့တိုက်ကြတာ ၁၉၄၉ ခု နှစ်ဦးမှာ။ ဇန်နဝါရီလမှာပဲ။
ဒို့နေရာတွေ ခွဲကြတယ်။ အဖိုးတို့အဖွဲ့က ခဝဲခြံဘက် ကျတယ်။
နှစ်ဖက် အပြန်အလှန်ပစ်ကြတာပေါ့။ ဒို့ကလည်း ပစ်။ သူတို့ဘက်လည်း ပစ်ပေါ့။
အဖိုးက ကိုက် ၂ဝဝ လောက်အကွာက တက်လာတဲ့ လူတွေကို ပစ်ချတာပဲ။
ဘယ်ထိမလဲ။ ပထမဆုံး သေနတ်ပစ်ရတာကိုး။ ထင်သလောက်တော့ ဘယ်လွယ်မလဲ။
ဒို့ဘက်မှာ အတွေ့အကြုံရှိသူတွေလည်း ပါတယ်။ သူတို့ တက်လာလိုက်။ ပစ်လိုက်နဲ့။
တိုက်ပွဲဖြစ်တာ ၂ နာရီလောက် ကြာတယ်။
အင်းစိန်တိုက်ပွဲက ၁၁၁ ရက် ကြာတယ်။
တိုက်-တိုက်-တိုက်ပေါ့။ နေ့တိုင်းပဲ။
နေ့ရော ညရော ပစ်တာ။ ပထမက အဖိုးတို့ဘက်က သာတယ်။ ဖဆပလအစိုးရကို အဲဒီတုန်းက ၇ မိုင် အစိုးရလို့တောင် ပြောကြတယ်။ ရန်ကုန်မှာဆို ၇ မိုင်ပတ်လည်လောက်ပဲ ထိန်းထားနိုင်တော့တာကိုး။ ၇ မိုင်ပတ်လည် အစိုးရဆိုတဲ့ စကားက အဲဒီတိုက်ပွဲမှာ စတာ။
နောက်တော့ ကွန်မြူနစ်တွေ ပြည်သူ့ရဲဘော်တွေနဲ့ ပေါင်းပြီးတော့ အဖိုးတို့ကို ချတာ။ နောက်ကျောက ဝင်ပြီးချတော့ အဖိုးတို့လည်း မတတ်နိုင်တော့ဘူးဟေ့။
မတတ်နိုင်တော့ အင်းစိန်ကို ပြန်ဆုတ်ရတာပေါ့။
အဖိုးတို့ အင်းစိန်မှာပဲ ပြန်နေတယ်။
သူတို့ တက်လာရင် အဖိုးတို့က တိုက်တာပဲ။
နောက်တော့ အဖိုးတို့ မြစ်ဝကျွန်းပေါ်ကို ဆုတ်ရပြီ။
ဘာဖြစ်လို့ ပြန်ဆုတ်ရသလဲဆိုတော့ ဒို့က အင်အားက သိပ်မရှိဘူး။ ခဲယမ်းမီးကျောက်ကလည်း နည်းတယ်။ ဆေးဝါးကလည်း နည်းလာတော့ မခံနိုင်တော့ဘူးလေ။ ရိက္ခာကလည်း နည်းလာပြီ။ မန်းဘဇန်တပ်ဆိုရင် ဆန်တမျိုးတည်းကို စားပြီးတော့ တိုက်နေရတာ။ ဒါလည်း ကုန်တော့မယ်၊ နောက်ထပ် ရှာလို့မရတော့ဘူး။
ဒါနဲ့ အဖိုးတို့ မြစ်ဝကျွန်းပေါ်ကို ပြန်ဆုတ်လာရတာပေါ့။ မြစ်ဝကျွန်းပေါ် ပြန်တဲ့ အဖွဲ့တွေကလည်း နယ်မြေသိမ်း၊ မြို့တွေသိမ်း။
တောင်ငူကို ပြန်တဲ့အဖွဲ့တွေလည့်း  နယ်မြေသိမ်း၊ မြို့တွေသိမ်းပေါ့။
မြစ်ဝကျွန်းပေါ် ပြန်ရောက်တာက ၁၉၄၉ ခုနှစ်မှာ။
အင်းစိန်တိုက်ပွဲက ၁၁၁ ရက် ကြာတယ်။ မသေလို့ ကျန်ရစ်ခဲ့တာ။
တိုက်ပွဲတွေက အနီးကပ် တိုက်ပွဲတွေ။ အဖိုးအတွက်တော့ ပထမဆုံး တိုက်ပွဲအတွေ့အကြုံပဲ။
နှစ်ဖက်စလုံးလည်း အကျအဆုံးများတယ်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment