“ဥပဒေဆိုတာ တိုင်းသူပြည်သားများကို ကာကွယ်စောင့်ရှောက်ဖို့ ပြဌာန်းထားတာ ဖြစ်တယ်။ ငါးထောင်တန်ဖုန်း လုပ်ခွင့်ပေးတာက ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာသွားစေတဲ့ကိစ္စမှ မဟုတ်တာ။ ပြည်သူ့အကျိုးအတွက်လုပ်တာပဲ တည်ဆဲဥပဒေအရ မဖြစ်နိုင်ဘူးဆိုရင် အဲဒီဥပဒေကို ပြင်ပစ်၊ ဒါမှမဟုတ် လိုအပ်ရင် အဲဒီဥပဒေကို ရုတ်သိမ်းပစ်ရမှာပေါ့။ လုပ်ချင်တဲ့ဆန္ဒရှိရင် မဖြစ်နိုင်ဘူးဆိုတဲ့အရာ ဘာမှမရှိပါဘူး …”
အခုရက်ပိုင်းအတွင်း ဖုန်းဆက်သူတွေ အထူးများတယ်။ ဆက်သမျှတွေရဲ့အများစုက လူပြောသိပ်များနေတဲ့ ငါးထောင်တန်ဖုန်းကိစ္စချည်းဖြစ်နေတယ်။ ဆယ်ယောက်ဖုန်းဆက်ရင် ခုနှစ်ယောက်က ဖုန်းကိစ္စပဲ။ သူတို့အတွက် ရေးပေးပါဦး။ ပြောပေးပါဦးလို့ အားလုံးက တိုက်တွန်းကြတယ်။
ဆန္ဒမှန်တွေ တင်ပြဖို့
အများက တောင်းဆိုနေတာကို လျစ်လျူရှုလို့ မဖြစ်ဘူး။ သတင်းသမားဆိုတာ ပြည်သူလူထုရဲ့ ခံစားချက်အမှန်တွေ၊ ဆန္ဒအမှန်တွေကို တင်ပြပေးရမှာ မဟုတ်လား။ ဒါကြောင့် သေသေချာချာ လေ့လာရတယ်။ ပြည်သူလူထုကတော့ ငွေငါးထောင်နဲ့ တယ်လီဖုန်းရမယ်ဆိုတာ ဝမ်းသာကြတာပေါ့။ ကုမ္ပဏီဘက်ကလည်း သေချာပေါက် အခိုင်အမာ ပြောဆိုနေတာကိုး။ နိုင်ငံတော်သမ္မတကြီးဆီ တင်ပြထားတယ်။ သမ္မတကြီးဆီက ခွင့်ပြုချက်ရတာနဲ့ ချက်ချင်း အကောင်အထည်ဖော်နိုင်တယ်လို့ စာနယ်ဇင်းရှင်းလင်းပွဲတွေ ဘာတွေလုပ်ပြီးတောင် အတိအလင်းပြောထားတာမို့ သေချာလောက်တယ်လို့ ထင်ကြတယ်။
ကလေးမုန့်ဖိုးနဲ့
တယ်လီဖုန်းဆိုတာ ဒီခေတ်လူ့အဖွဲ့အစည်းမှာ မရှိမဖြစ်လိုအပ်တဲ့ ပစ္စည်းတစ်ခု ဖြစ်နေပါပြီ။ သူဌေးသုံး ဇိမ်ခံပစ္စည်း မဟုတ်တော့ဘူး။ ကမ္ဘာပေါ်က ဘယ်နိုင်ငံမဆို၊ ကလေးတွေတောင် သူတို့ရတဲ့ မုန့်ဖိုးနဲ့ဝယ်သုံးနိုင်ကြတယ်။ လမ်းဘေးဈေးသည်လည်း ဖုန်းနဲ့ အော်ဒါလက်ခံပြီး ဝယ်သူဆီ အရောက်သွားပို့ပေးနိုင်ကြတယ်။ ဒါတွေကိုသိနေတော့ မြန်မာတွေလည်း သုံးချင်ကြတာပေါ့။ ဒါပေမယ့် မကပ်နိုင်ကြဘူး။ ဆယ်လူလာဖုန်းဆိုပြီး စပေါ်လာတော့ အပြင်ဈေးက သိန်းသုံးဆယ် လေးဆယ်ထိ ရှိတယ်။ မူလတန်းဆရာမလေးတစ်ယောက်ရဲ့ အနှစ် နှစ်ဆယ်လောက် လုပ်စာပါ။ အခု ငါးထောင်နဲ့ရမယ်ဆိုတော့ အပျော်ကြီးပျော်ကြတာပေါ့။
မဖြစ်နိုင်ဘူးတဲ့
အဲဒီလို အမျှော်ကြီးမျှော်ပြီး အပျော်ကြီးပျော်နေဆဲမှာ ငါးထောင်တန်ဖုန်းကိစ္စ လုံးဝမဖြစ်နိုင်ဘူးလို့ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ တာဝန်ရှိသူတွေက ပြောကြားတဲ့အကြောင်း သတင်းစာတွေထဲဖတ်လိုက်ရတော့ “ဟင် ဘယ်လိုဖြစ်ရတာလဲ” ဆိုပြီး စိတ်ပျက်လက်ပျက်ဖြစ်သွားရှာကြတယ်။ ဒီကိစ္စဟာ နည်းပညာအရရော၊ တည်ဆဲ ဥပဒေအရရော ဖြစ်နိုင်ချေမရှိဘူးလို့ ဆက်သွယ်ရေးကပြောပေမယ့် အသေးစိတ် တိတိကျကျတော့ မပြောဘူး။ အားလုံးကို ခြုံပြီးပဲပြောသွားတယ်။ ဆက်သွယ်ရေးရဲ့ပြောကြားချက် သတင်းစာထဲပါလာပြီး နောက်တစ်ရက်ကျတော့ ဖုန်းရောင်းမယ် ဆိုတဲ့ကုမ္ပဏီက စာနယ်ဇင်းတွေနဲ့ တွေ့ဆုံပြီး ရှင်းလင်းပွဲလုပ်ပြန်တယ်။
စေတနာပေါ် မူတည်
ကုမ္ပဏီဘက်ကတော့ သူတို့အနေနဲ့ အားလုံးပြင်ဆင်တွက်ချက်ပြီး လုပ်နိုင်တယ်သေချာလို့ လူသိရှင်ကြား ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ကြောင်း၊ ဆိုင်ရာက ခွင့်ပြုချက်ရတာနဲ့ ချက်ချက်လုပ်ငန်း စနိုင်ကြောင်း၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းကိုလည်း တင်ပြထားကြောင်း၊ လုပ်နိုင် မလုပ်နိုင်ဆိုတာက ဆက်သွယ်ရေးနဲ့ ပြည်သူလူထုအပေါ်ထားရှိတဲ့ စေတနာပေါ်မှာ မူတည်ကြောင်း ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ ဒီကိစ္စမှာ ကိုယ်နားမလည်တဲ့ နည်းပညာကိစ္စတွေ ပါဝင်နေတာကြောင့် ဝင်မပြောချင်ဘူး။ ဒါပေမယ့် ပြည်သူအများက ပြောပေးစေချင်တဲ့အတွက် တာဝန်အရ ပြောမှဖြစ်ပါတော့မယ်။
စမ်းသပ် လုပ်ပိုင်ခွင့်
လုပ်ချင်တဲ့ ဆန္ဒရှိရင်
ဥပဒေအရ မဖြစ်နိုင်ဘူးဆိုတဲ့အချက်ကလည်း သဘာဝ မကျပါဘူး။ ဥပဒေဆိုတာ တိုင်းသူပြည်သားများကို ကာကွယ်စောင့်ရှောက်ဖို့ ပြဌာန်းထားတာ ဖြစ်တယ်။ ငါးထောင်တန်ဖုန်း လုပ်ခွင့်ပေးတာက ပြည်သူတွေရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာသွားစေတဲ့ကိစ္စမှ မဟုတ်တာ။ ပြည်သူ့အကျိုးအတွက်လုပ်တာပဲ တည်ဆဲဥပဒေအရ မဖြစ်နိုင်ဘူးဆိုရင် အဲဒီဥပဒေကို ပြင်ပစ်၊ ဒါမှမဟုတ် လိုအပ်ရင် အဲဒီဥပဒေကို ရုတ်သိမ်းပစ်ရမှာပေါ့။ လုပ်ချင်တဲ့ဆန္ဒရှိရင် မဖြစ်နိုင်ဘူးဆိုတဲ့အရာ ဘာမှမရှိပါဘူး။ အရေးကြီးဆုံးက ပြည်သူတွေ စိတ်ချမ်းသာဖို့ပဲ မဟုတ်လား။
ယခုတစ်ပတ် True News Journal မှာပါတဲ့ ဆောင်းပါးဖြစ်ပါတယ်။
No comments:
Post a Comment