Wednesday, February 1, 2012

ဗိုလ်ဉာဏလမ်းမှ တော်ဝင်စင်တာသို့ (မောင်ဝံသ)

“၈ လေးလုံး အရေးတော်ပုံအကြောင်းပြောရင် သူတို့က ၈ လေးလုံး ဆူပူမှုလို့ ပါးစပ်က ထွက်တယ်။ နိုင်ငံရေးသမားတွေကို ကလေကချေတွေလို့ မြင်တယ်။ နိုင်ငံရေးသမားတွေ ထောင်ချခံရတာကို ရာဇဝတ်ပြစ်မှု ကျူးလွန်လို့ ပြစ်ဒဏ်ကျခံရတာလို့ ယုံယုံကြည်ကြည် ပြောတယ်။ အစိုးရမင်းများကို ရာရာစစ အန်တုချင်တဲ့ကောင်တွေ ခံရတာတောင်နည်းသေးလို့ ပြောဝံ့တယ် …”

ဇန်နဝါရီလ ၁၈ ရက်နေ့ မနက်ပိုင်းမှာ ဗဟန်း ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗိုလ်ဉာဏလမ်းက စာရေးဆရာမ ခင်လှိုင်ကြူ အိမ်မှာ ပြုလုပ်တဲ့ သူ့ခင်ပွန်း ခရမ်း ဦးတင်မောင်ဝင်း နှစ်ပတ်လည် ဆွမ်းကျွေးပွဲကို ကျွန်တော် သွားရောက်ခဲ့ပါတယ်။ ၁၉၉၁ခု ဇန်နဝါရီလမှာ နိုင်ငံရေးအကျဉ်းသားဘဝနဲ့ အင်းစိန်ထောင်တွင်း သူ ကွယ်လွန်ခဲ့ပါတယ်။ ထောင်ကို မရောက်ခင် ရေကြည်အိုင်မှာ ကိုတင်မောင်ဝင်းရယ်၊ ကျွန်တော်ရယ်၊ မြန်မာ့အသံ ဦးကျော်ဦးရယ် အတူတူနေခဲ့ရတယ်။ အင်းစိန် သီးသန့်ထောင်ကျတော့ ကိုတင်မောင်ဝင်း၊ ဗိသုကာ ဦးကျော်မင်းနဲ့ ကျွန်တော် တစ်ခန်းတည်း သုံးယောက်နေရတယ်။ နောက်လူချင်းခွဲပစ်ပြီး မကြာခင် ကိုတင်မောင်ဝင်း ဆုံးသွားတာပါ။ ရန်ကုန်တက္ကသိုလ်မှာကတည်းက သမဂ္ဂနဲ့ ကျောင်းသားညီညွတ်ရေးတပ်ဦးမှာ အတူလက်တွဲလုပ်ခဲ့ကြလို့ ညီအစ်ကိုလို သံယောဇဉ်ကြီးခဲ့တဲ့ ကိုတင်မောင်ဝင်း ဆုံးပြီ ဆိုတာကြားတော့ ကျွန်တော် အရမ်း စိတ်ထိခိုက်ခဲ့ရတယ်။ ရှေ့ဆင့်နောက်ဆင့်ဆိုသလို ကျွန်တော့် ဘေးအခန်းက သုံးခွ ကိုစိန်ဝင်း (ရန်ကြီးအောင်) ဆုံးပြန်တယ်။ ရန်ကြီးအောင် ကိုစိန်ဝင်းကလည်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှာ ကျွန်တော်တို့ရဲ့ နောင်တော်ကြီးတစ်ယောက်ပါ။

ဒီမိုကရေစီကို မြင်သွားချင်ပါသေးတယ်

အခုဆိုရင် ဗိသုကာ ဦးကျော်မင်းလည်း ထောင်တွင်းပါ ရောဂါလက်စနဲ့ ကွယ်လွန်သွားပါပြီ။ မြန်မာ့အသံဦးကျော်ဦးကတော့ အခု လေဖြတ်ပြီး စကားမပြောနိုင်တော့ပါ။ ကျွန်တော်တစ်ယောက်ကတော့ ကံကောင်း ထောက်မလို့ ကြွင်းကျန်ရှင်သန်ပြီး ကျွန်တော့်စာတွေနဲ့ စာဖတ်သူပြည်သူများကို ဆက်သွယ်ခွင့်ရနေပါသေးတယ်။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံတော်ကို မျက်ဝါးထင်ထင် တွေ့မြင်ပြီးချိန်အထိတော့ ကျွန်တော် အသက်ရှည်ချင်သေးတယ်ဗျာ။

ဒဂုန်တာရာမွေးနေ့
လူလတ်ပိုင်းအရွယ်မှာ ကျဆုံးခဲ့သူတွေအကြောင်း ပြောပြီးတော့ အသက် ၉၀ ကျော်အထိ ကျက်သရေရှိရှိနေပြနေသူ ဆရာဒဂုန်တာရာအကြောင်း ပြောရပါဦးမယ်။ ဇန်နဝါရီ ၁၈ ရက်မှာပဲကျင်းပတဲ့ တာမွေ မဟာသန္တိသုခ ကျောင်းတိုက်က ဆရာ ဒဂုန်တာရာရဲ့ အသက် ၉၄ နှစ် မွေးနေ့အကြိုဂုဏ်ပြုပွဲ အခမ်းအနားကို ကျွန်တော် သွားရောက်ခဲ့တယ်ဗျ။ အားလုံးသိကြတဲ့အတိုင်း ဆရာဟာ အရွယ်ရောက်လူလားမြောက်ချိန်ကစလို့ အခုအထိ ပြည်သူဘက်က တစ်သမတ်တည်း ရပ်တည်ခဲ့ပြီး ခေတ်အဆက်ဆက်ရဲ့ စာပေစာမျက်နှာမှာ ပြည်သူတွေကို ဦးဆောင်မှုပေးခဲ့သူ ဖြစ်တာကြောင့် ဆရာ့ရဲ့မွေးနေ့ကြိုဧည့်ခံပွဲ အခမ်းအနားဟာ တက်ရောက် ဂါရဝပြုသူ ဧည့်ပရိသတ်တွေ ပျားပန်းခတ်မျှ ကြက်ပျံမကျလို့ ဆိုရလောက်အောင် အထူးကို စည်ကားသိုက်မြိုက်လှတယ်ဗျ။

ဆရာဒဂုန်တာရာထက် လလောက်ကြီးတဲ့ ဝါးခယ်မ သခင်သိန်းမောင်နဲ့ ဆရာတာအောက် ၁၁ နှစ်ငယ်တဲ့ ဆရာ ဟံသာဝတီ ဦးဝင်းတင်ကိုလည်း ဇရာကို အန်တုပြီး ရှင်သန်နေတဲ့ လက္ခဏာနဲ့ တွေ့ရတယ်ဗျာ။ အငြိမ်းစားသံအမတ်ကြီး ဦးသက်ထွန်း လမ်းလျှောက်တုတ်အားပြုပြီး တရွေ့ရွေ့လှမ်းကာ အရောက်လာတာ တွေ့ရတယ်။ တော်ဘုရားကလေးရဲ့ ကျန်ရစ်သူ ဇနီး ဒေါ်ခင်မေကိုလည်း ပြုံးနေကျ အပြုံးလေးနဲ့ တွေ့ရ နှုတ်ဆက်လိုက်ရတယ်။ အခမ်းအနား အစီအစဉ်မှူး လုပ်တဲ့ မုံရွာ ဦးအံ့မောင်သည်ပင် အသက် ၈၀ ရှိပါပြီ။ ဆရာအံ့ဟာ ဆရာဒဂုန်တာရာရဲ့ အတွင်းရေးမှူးတာဝန်ကိုယူပြီး ငြိမ်းချမ်းရေး ပန်ကြားချက်တွေကို မပြတ်မလပ် ထုတ်ပြန်နေပါတယ်။

၈၈ သတင်းစာရှင်းလင်းပွဲ

ကျက်သရေရှိလှတဲ့ ဆရာအိုကြီးတွေကို ဂါရဝပြုပြီးတဲ့နောက် ဇန်နဝါရီ ၂၁ ရက်ကျတော့ ပြည်လမ်းက တော်ဝင်စင်တာမှာ ကျွန်တော်တို့ရဲ့နောက် မျိုးဆက်နှစ်ဆက်က လူငယ်တွေကို အလေးပြုရပြန်ပါတယ်။ ဆရာ ဒဂုန်တာရာက သခင်အောင်ဆန်း၊ သခင်နုနဲ့ သူတို့ခေတ် (၁၃၀၀ ပြည့်အရေးတော်ပုံခေတ်) က အမျိုးသားလွတ်လပ်ရေး ကြိုးပမ်းမှုမှာ ပါဝင်ခဲ့တဲ့လူငယ်တွေကို ပထမမျိုးဆက်လို့ သတ်မှတ်တယ်။ ၁၉၆၂ ခုနှစ်က လူငယ်တွေကို ဒုတိယ မျိုးဆက်လို့ သတ်မှတ်ပါတယ်။ ကျွန်တော့်ရဲဘော်ကြီး ဗကသ ကိုလှရွှေကတော့ ၁၉၈၈ မင်းကိုနိုင်၊ ကိုကိုကြီးတို့မျိုးဆက်ကို တတိယ မျိုးဆက်၊ သူတို့နောက် ကျော်ကိုကို၊ စည်သူမောင်၊ ဖြိုးဖြိုးအောင်တို့ မျိုးဆက်ကို စတုတ္တမျိုးဆက်လို့ တင်စားပါတယ်။

ဝမ်းနည်းဝမ်းသာ ခံစားမိ

တော်ဝင်စင်တာ ခန်းမကြီးထဲက ၈၈ မျိုးဆက် ကျောင်းသားများရဲ့ သတင်းစာရှင်းလင်းပွဲမြင်ကွင်းကို ကျွန်တော် ထိုင်ကြည့်ရင်း စိတ်ထဲ ဝမ်းနည်း ဝမ်းသာကြီး ဖြစ်နေမိပါတယ်။ လွန်ခဲ့တဲ့ တစ်နှစ်လောက်အထိ ဘယ်လိုမှ စိတ်ကူးထဲတောင်ထည့်လို့မရတဲ့ မြင်ကွင်းလို့ပဲ ပြောရမယ်ဗျာ။ မင်းကိုနိုင်၊ မင်းဇေယျာ၊ ကိုမြအေး၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ဂျင်မီ၊ ပြုံးချို၊ လှမျိုးနောင်၊ အောင်သူ၊ အံ့ဘွယ်ကျော်၊ နီလာသိန်း၊ မီးမီး။ ဇန်နဝါရီ ၁၃ ရက်နေ့ကမှ ထောင်အသီးသီးက လွတ်လာကြသူတွေ ရာဂဏန်းလောက်ရှိမယ်ထင်ပါ့။ သူတို့တွေ ထောင်ထဲရောက်နေတုန်း အပြင်မှာ လုပ်နိုင်သလောက် ဆက်လုပ်ခဲ့ကြတဲ့ စိုးထွန်းနဲ့ ထွန်းမြင့်အောင်ကိုလည်း ပရိသတ်နဲ့ မိတ်ဆက်ပေးပါတယ်။

နိုင်ငံရေးခေါင်းဆောင်လောင်းတွေ

၈၈ တွေကို ကျွန်တော်က တိုင်းပြည်ရဲ့ နိုင်ငံရေး ခေါင်းဆောင်လောင်းများအဖြစ် ထိုင်ကြည့်ပြီး အကဲခတ်ရင်း ပီတိဖြစ်နေတာပါ။ သူတို့ထဲက အများစုဟာ ကျွန်တော်တို့နိုင်ငံမှာ အလွန်လိုအပ်နေတဲ့ အရည်အချင်းပြည့် စံမီတန်းမီ နိုင်ငံရေးသမားများအဖြစ် နေရာယူကြတော့မှာ ဖြစ်ပါတယ်။ သူတို့ ရှောင်လွှဲချင်ရင်တောင်မှ ရှောင်လွှဲလို့ မရနိုင်တော့ပါဘူး။ တိုင်းပြည်က သူတို့ကို တောင်းဆိုနေပါပြီ။

တိုင်းပြည်က မျှော်လင့်နေပါတယ်

ကျွန်တော်တို့နိုင်ငံမှာ စံမီတန်းမီ နိုင်ငံရေးသမားတွေ အရေးတကြီး လိုအပ်နေပါတယ်။ ဆရာဒဂုန်တာရာရဲ့ စံနှုန်းအရ ပြောရရင် သူတို့ခေတ် ပထမမျိုးဆက်က ကုန်လုပါပြီ။ သက်ရှိထင်ရှားကျန်သူတွေကလည်း အသက် ၉၀ တစ်ဝိုက်တွေ ဖြစ်နေကြပြီ။ ဒုတိယမျိုးဆက်ကျတော့ အသက် ၇၀ တစ်ဝိုက်ရောက်ကုန်ကြပြီ။ ဒါကြောင့် တတိယမျိုးဆက်နဲ့ စတုတ္ထမျိုးဆက်ကို တိုင်းပြည်က မျှော်လင့်နေတာပါ။

ရှေ့လူတွေထက် တော်ရမယ်

လက်ရှိနိုင်ငံရေးပါတီတွေက နိုင်ငံရေးသမားတွေနဲ့ လွှတ်တော်ထဲရောက် ရွေးကောက်ခံ ကိုယ်စားလှယ်တွေရဲ့နေရာကို မျိုးဆက်သစ်တွေက မလွှဲမသွေ ဝင်ယူကြရမယ့် အချိန်တစ်ချိန် ရောက်လာမှာဖြစ်တယ်။ မျိုးဆက်သစ် နိုင်ငံရေးသမားတွေဟာ ရှေ့ကလူတွေထက် တော်မှ ဖြစ်မယ်။ ကိုယ်ကျိုးစွန့်အနစ်နာခံရာမှာ တော်ရုံမျှမက တိုင်းပြည်ရဲ့ အရေးအရာတွေမှာ အမြော်အမြင်ကြီးသူတွေ၊ စိတ်ကူးစိတ်သန်းကောင်း ထုတ်လုပ်နိုင်သူတွေ၊ တိုင်ပြည်ကို ဖွံ့ဖြိုးတိုးတက်အောင် ဦးဆောင်နိုင်သူတွေဖြစ်ဖို့ ပြင်ဆင်ထားကြရပါမယ်။

ဗျူရိုကရက်အမြင်

တော်ဝင်စင်တာ ခုနစ်ထပ်က ဆင်းအလာမှာ ကျွန်တော်နဲ့သိကျွမ်းတဲ့ ဗျူရိုကရက် အငြိမ်းစားတစ်ယောက်နဲ့ အောက်ထပ် တစ်နေရာမှာ တွေ့ပါတယ်။ သူ့ဇနီးနဲ့ဈေးလာဝယ်တယ်လို့ ဆိုပါတယ်။ သူက ကျွန်တော့်ကို ဘယ်ကလာတာလဲ မေးလို့ မင်းကိုနိုင်တို့ ၈၈ မျိုးဆက်တွေရဲ့ သတင်းစာရှင်းလင်းပွဲက ပြန်လာတာ ပြောတော့ “တယ်ဟုတ်ပါလား။ သူတို့က ဘာတွေ ပြောလဲ၊ ပါတီတွေဘာတွေ ထောင်ဦးမတဲ့လား၊ ရွေးကောက်ပွဲဝင်ပြီး တိုင်းပြည် ခေါင်းဆောင် လုပ်ကြဦးမတဲ့လား” စတဲ့ ခပ်ရင့်ရင့် မေးခွန်းတွေ မေးတယ်။ ကျွန်တော်က အဲသလိုလူမျိုးတွေအကြောင်း ကောင်းကောင်းနားလည်တယ်။ သူတို့ဟာ တစ်သက်လုံး ဗျူရိုကရက်စိတ်နဲ့ နေခဲ့ကြတာ။ လုပ်သက်လေးရလာတဲ့အခါ တာဝန်ကျတဲ့ နိုင်ငံခြားတိုင်းပြည်တွေမှာ လှည့်နေကြတယ်။ ၈၈ မျိုးဆက်တွေ ထောင်ကျခံနေကြတဲ့အချိန်မှာ သူတို့က သားသမီးတွေကို နိုင်ငံခြားကျောင်းတွေမှာ ထားပြီး ပညာထူးချွန်အောင် တွန်းအားပေးတယ်။ နိုင်ငံရေးနဲ့ကင်းကင်းနေဖို့ အထူးသွန်သင် ဆုံးမတယ်။ သားသမီးတွေ အလုပ်အကိုင် ကောင်းကောင်းရအောင်၊ သူတို့အတွက် စားသာမယ့် တိုင်းပြည်မျိုးကိုရောက်အောင် မစမယ့်လူတွေကို ဆည်းကပ်တယ်။ ဖားရမယ့်လူတွေကို ဖားတယ်။ နိုင်ငံရေးသမားတွေကို အထင်မကြီးရုံမက အထင်သေးတယ်။ စစ်ဗိုလ်တွေကိုလည်း ကွယ်ရာမှာ အတင်းချတယ်။ ရှေ့တင်ကျတော့ ခါးကို ၄၅ ဒီဂရီစောင်းအောင် ညွတ်ပြီး အရိုအသေ ပေးတယ်။
၈ လေးလုံး အရေးတော်ပုံအကြောင်းပြောရင် သူတို့က ၈ လေးလုံး ဆူပူမှုလို့ ပါးစပ်က ထွက်တယ်။ နိုင်ငံရေးသမားတွေကို ကလေကချေတွေလို့ မြင်တယ်။ နိုင်ငံရေးသမားတွေ ထောင်ချခံရတာကို ရာဇဝတ်ပြစ်မှု ကျူးလွန်လို့ ပြစ်ဒဏ်ကျခံရတာလို့ ယုံယုံကြည်ကြည် ပြောတယ်။ အစိုးရမင်းများကို ရာရာစစ အန်တုချင်တဲ့ကောင်တွေ ခံရတာတောင်နည်းသေးလို့ ပြောဝံ့တယ်။

သူတို့ခေါင်းဆောင်ဖြစ်လာရင် 

အဲသလိုလူတွေကို ကျွန်တော်က တကယ် ရွံတယ်။ သူတို့ အင်္ဂလိပ်လို၊ ပြင်သစ်လို မွှတ်နေအောင်ပြောပြီး ခေတ်ဆန်ဆန်နေတာကို တချို့က အထင်ကြီးပေမယ့် ကျွန်တော်က လုံးဝ အထင်သေးတယ်။ သူတို့ စိတ်ဓာတ်ကို အထင်သေးတာပါ။ သူတို့ကျွမ်းကျင်တဲ့ ဗျူရိုကရေစီ စီမံခန့်ခွဲရေးမှာတော့ တော်ကြပေမှာပေါ့။

ကျွန်တော်က ခပ်ချဉ်ချဉ်နဲ့ သူ့ကို ရယ်ရွှန်းဖတ်ရွှန်း ပြောခဲ့ပါတယ်။

“ဟုတ်တယ်ဗျို့၊ သူတို့ဟာ တစ်နေ့မှာ တိုင်းပြည်ခေါင်းဆောင်တွေဖြစ်လာဖို့ များတယ်။ အဲဒီအခါကျရင် ခင်ဗျား ဒီနိုင်ငံမှာ နေဦးမလား”

သူက အမ်းတန်းတန်း ဖြစ်သွားပြီးမှ “ဟာ ခင်ဗျားကလဲ ကျုပ်က ဘယ်သွားရမှာလဲ။ အသက်ကြီးပြီလေ။ သူတို့တွေ တက်လာတော့လဲ အလိုက်အထိုက်ပေါ့ဗျာ”

ကျွန်တော်က မြန်မြန် နှုတ်ဆက်ပြီး သူ့ကို ကျောခိုင်းထွက်လာခဲ့ပါတယ်။

၂၄၊ ၀၁၊ ၂၀၁၂
maungwuntha@gmail.com

ယနေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်ပါ မောင်ဝံသရဲ့ ပြောချင်လွန်းလို့ ဆောင်းပါး။


 

No comments: