Monday, January 9, 2012

ပညာရေးမှာ ဘာတွေမှားခဲ့သလဲ (မောင်ဝံသ)

“ဆရာက သင်၊ ကျောင်းသားက ထိုင်နားထောင်ပြီးတော့ တကယ် ဘာမှ နားမလည်ဘဲ အလွတ်ကျက် ပြန်ဖြေတဲ့ တစ်လမ်းသွား ပညာရေးစနစ်ကို ဘယ်လိုပြုပြင်ပြောင်းလဲမလဲ။ အရွယ်မတိုင်ခင် စီးပွားရေးလုပ်ငန်းထဲ ရောက်နေကြတဲ့ ကလေးသူငယ်အားလုံး မဟုတ်တောင် အများစုကြီး စာသင်ခန်းထဲ ရောက်လာအောင် ဘယ်လိုလုပ်မလဲ။ တစ်နေ့ကို သုံးလေးနာရီလောက် ဘတ်စ်ကားပေါ်မှာ အလဟဿ အချိန်ဖြုန်းပြီးမှရောက်နိုင်တဲ့ မြို့စွန်မြို့ဖျားက နေရာတွေမှာ တက္ကသိုလ်တွေ ရောက်နေတာ ဘာကြောင့်လဲ …”

၂၀၁၂ ခုနှစ်ဟာ နှစ်ပေါင်းငါးဆယ်ကြာကာလအတွင်း ကျွန်တော်တို့ မြန်မာပြည်သူတွေအတွက် လွတ်လပ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ ကမ္ဘာ့လူသားအားလုံး ရရှိခံစား ပိုင်ဆိုင်နိုင်ခွင့်ရှိတဲ့ ကောင်းမြတ်ခြင်းတရားတွေနဲ့ ပတ်သက်တဲ့ မျှော်လင့်ချက် ရောင်ခြည်တွေ အပြိုးပြက်ဆုံး လင်းလက်တောက်ပမယ့် နှစ်တစ်နှစ်ဖြစ်ဖွယ် ရှိနေတာကြောင့် ဒီနှစ်အတွက် ကျွန်တော့်ရဲ့ ပထမဆုံးဆောင်းပါးကို လောကမှာ အမြင့်မြတ်ဆုံးဖြစ်တဲ့ ပညာအကြောင်းနဲ့ ဖွင့်လိုက်ချင်တယ်ဗျာ။

ပညာသည် တန်ခိုးအာနိသင်

‘ပညာသည် တန်ခိုးအာနိသင်’ (Knowledge is power) လို့ အလယ်ခေတ် ဗြိတိသျှလူမှုဗေဒပညာရှင်ကြီး ဆာဖရန်စစ်ဘေကွန် က ဆိုခဲ့ဖူးတယ်ဗျ။

ဝင်လာခဲ့တဲ့အချိန်အထိ လူသားရဲ့အရေးအရာတွေမှာ ဘယ်တုန်းကမှ အောက်တန်းနောက်တန်း တစ်နေရာမှာ အထားခံခဲ့ရဖူးတာ မဟုတ်ဘူးဆိုပေမယ့် ဒီကနေ့ခေတ်လောက် ပညာကို လူ့အရေးကိစ္စအားလုံးရဲ့ ထိပ်ဆုံးမှာ အထူးဦးစားပေး အလေးထား အာရုံစိုက်နေကြတာမျိုးကတော့ လူ့သမိုင်းတစ်ခုလုံးအနေနဲ့ ပြောရရင် ဒါ ပထမဆုံးဖြစ်တယ်လို့ ဆိုရလိမ့်မယ် ထင်တယ်ဗျ။

၂၀၁၁ ခုမှာ အထူးခြားဆုံး အာရပ်နွေဦး

နှစ်ဟောင်းအကုန် နှစ်သစ်အကူးကာလထုတ်ဝေတဲ့ ပြည်တွင်းပြည်ပဟာ စာနယ်ဇင်းအားလုံးလိုလိုမှာ ကုန်လွန်သွားခဲ့ပြီဖြစ်တဲ့ ၂၀၁၁ ခုနှစ်ရဲ့ အထူးခြားဆုံး အခြင်းအရာတစ်ခုကို ဆန်းစစ်သုံးသပ်ခဲ့ကြရာမှာ အားလုံးဟာ အာရပ်ကမ္ဘာမှာ ရာစုနှစ်နဲ့ချီ အိပ်ပျော်နေခဲ့ကြတဲ့ ပြည်သူတွေ နိုးထလာကြပြီး ပြည်သူ့စွမ်းပကား (people's power) နဲ့ အာဏာရှင် အစိုးရတွေကို တွန်းလှဲဖြိုချ ဖယ်ရှားပစ်ခဲ့ကြမှုကို တင်စား သုံးနှုန်းတဲ့ ‘အာရပ်နွေဦး’ ကို တစ်ညီတစ်ညွှတ်တည်း ရွေးချယ်ခဲ့ကြတယ်ဗျ။ တစ်ဆက်တည်းမှာ အဲဒီအာရပ်ကမ္ဘာက လူထုလှုပ်ရှားမှုတွေရဲ့ ဝင်ရိုးဟာ တွစ်တာ၊ ဖေ့စ်ဘွတ်၊ ဂူဂဲလ်၊ ယူကျု၊ အိုင်ပက်၊ အိုင်ဖုန်း စတဲ့ ခေတ်မီဆက်သွယ်ရေးနည်းပညာနဲ့ နည်းပညာပစ္စည်းတွေ ဖြစ်တယ်။ တစ်နည်းပြောရရင် ပညာပဲဖြစ်တယ်လို့ ခွဲခြမ်းစိတ်ဖြာသုံးသပ်သူ အားလုံးက မီးမောင်းထိုးပြခဲ့ကြတယ်ဗျာ။

ဗုဒ္ဓသည် ပညာအဓိက ဘုရား

ကျွန်တော်တို့နိုင်ငံမှာ လူများစုကြီးကိုးကွယ်ရာ ဗုဒ္ဓသာသနာကို ထူထောင်ခဲ့တဲ့ ဂေါတမမြတ်စွာဗုဒ္ဓဟာလည်း သဒ္ဓါ အဓိက၊ ဝိရိယ အဓိက၊ ပညာ အဓိကဆိုတဲ့ ဘုရားတွေအနက် ပညာအဓိက ဘုရားဖြစ်တယ်ဆိုတာ ဗုဒ္ဓ ဘာသာဝင်တိုင်း အသိဖြစ်တယ်ဗျ။ အဲဒါရဲ့ အကျိုးဆက်အဖြစ် ကျွန်တော်တို့ နိုင်ငံဟာလည်း ပညာကို အထူးအလေးအမြတ်ထား ဦးစားပေးတဲ့ နိုင်ငံတစ်ခုဖြစ်ခဲ့တယ်ဆိုတာ ကျွန်တော်တို့ နိုင်ငံရဲ့ နိုင်ငံရေးသမိုင်း၊ လူမှုရေးသမိုင်း၊ ယဉ်ကျေးမှု သမိုင်းတွေကိုလေ့လာကြည့်ရင် အထင်အရှား မြင်တွေ့နိုင်တယ်ဗျ။ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်အားလုံးကို လူတစ်ဦးတည်းက ပိုင်ဆိုင်တဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်မှာတောင် ပညာရှင်တွေ လူ့အဖွဲ့အစည်းရဲ့ ရှေ့ဆုံးတန်း ထိပ်ဆုံးတန်းမှာ နေရာပေးခြင်းခံခဲ့ကြရတဲ့ အဖြစ်အပျက်တွေ ကျွန်တော်တို့ နိုင်ငံသမိုင်းမှာ အများအပြားရှိခဲ့တာ သမိုင်း လေ့လာသူအားလုံး အသိဖြစ်တယ်ဗျ။ 

ပညာရဲ့နေရာ လျှောကျခဲ့ရ

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ပေါင်းငါးဆယ်ကာလအတွင်း အဲဒီအခြေအနေဟာ ယိုယွင်းယိမ်းယိုင်ခဲ့ရတယ်ဗျာ။ ‘ပညာအခြေခံ လူ့အဖွဲ့အစည်း’ ဆိုတဲ့ သဘောတရား အဲဒီကာလအတွင်း တရားဝင် ဖျက်သိမ်းခြင်းခံခဲ့ရတာ မဟုတ်ပေမယ့် လက်တွေ့အနှစ်သာရအရတော့ ပညာဟာ ဦးစားပေးအဆင့်ကနေ လျှောကျခဲ့ရ (ဒါထက် ပိုပြီး ပီပီပြင်ပြင် ရှင်းရှင်းလင်းလင်း ဖြစ်သွားအောင် ပြောရရင်) ပညာဟာ သစ္စာခံမှုရဲ့နောက်ကို ပို့ပစ်လိုက်ခြင်းခဲ့ရတာ ဖြစ်တယ်ဗျ။ အကျိုးဆက်ကတော့ အားလုံးသိကြတဲ့အတိုင်းပါပဲ။ အဲဒီခေတ်ရဲ့ ပထမမျိုးဆက်ကာလမှာ နိုင်ငံဟာ ‘ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံ’ (LDC) ဖြစ်သွားခဲ့ပြီ၊ ဒုတိယမျိုးဆက်ကာလမှာ ‘ရှုံးနိမ့်သော နိုင်ငံ’ (Failed State) တစ်ခုအဖြစ်ဆီသို့ တရွေ့ရွေ့လျှောကျနေတဲ့ နိုင်ငံတစ်ခုအဖြစ် ကျရောက်သွားခဲ့တာပဲ ဖြစ်တယ်ဗျ။ 

သင်္ဘောကြီး ပြန်ပေါ်လာသလို

အခုတော့ တဖြည်းဖြည်းချင်းနစ်နေတဲ့ သင်္ဘောကြီးဟာ တစ်ချိန်က အတိုက်အခံဖြစ်သူတွေ အပါအဝင် ပြည်သူတစ်ရပ်လုံး အားကြိုးမာန်တက် ခပ်ထုတ်နေတဲ့ရေတွေကြောင့် တဖြည်းဖြည်းချင်း ရေပေါ်ကို ပြန်ပေါ်စပြုနေပြီဗျာ။ အဲဒီဖြစ်စဉ်ရဲ့ အစမှတ်တစ်ခုကတော့ ‘စတုတ္ထမဏ္ဍိုင်ကို အလေးထား ကြရမယ်’ ဆိုတဲ့ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်ရဲ့စကား ဖြစ်တယ်လို့ ကျွန်တော်ကတော့ ယူဆတယ်ဗျ။ သမ္မတကြီးရဲ့ အဲဒီစကားက လက်တွေ့အနှစ်သာရအရ ပြောရရင် ရာစုတစ်ဝက်လောက် အမှိုက်ပုံးထဲရောက်နေခဲ့တဲ့ ‘ပညာ’ကို ဆွဲထုတ် ဆေးကြောသန့်စင်တိုက်ချွတ်ပြီး သူ့ရဲ့နေရာမှန်ဖြစ်တဲ့ နဝရတ်ကိုးပါး စီခြယ်ထားတဲ့ ကလပ်ပေါ် ပြန်တင်ပေးလိုက်တာဖြစ်တယ်ဗျာ။ ပညာလောကသားတစ်စုရဲ့အခန်းကဏ္ဍကို လေးစားအသိအမှတ်ပြုကြဖို့ အုပ်ချုပ်ရေးယန္တရားအဆင့်ဆင့်ကို ညွှန်ကြားလိုက်တာဖြစ်တယ်ဗျ။

ပုဂ္ဂလိကကျောင်းများ ထူထောင်ခွင့်

အဲဒီနောက်ပိုင်း ပညာရေးနဲ့ပတ်သက်ပြီး နောက်ထပ်ပြုပြင် ပြောင်းလဲမှုတွေ အစိုးရက ဦးဆောင်ပြုလုပ်လာတာကို မြင်တွေ့ခဲ့ကြရတယ်ဗျ။ အဲဒီထဲမှာ အထင်ရှားဆုံးကတော့ ပုဂ္ဂလိကကျောင်းများ တည်ထောင်ခွင့် ဥပဒေ ထွက်ပေါ်လာခြင်းနဲ့ ၂၀၁၂ ပညာသစ်နှစ်က စပြီး တက္ကသိုလ်ပညာသင်နှစ်ကို တစ်နှစ်တိုးလိုက်တဲ့ အစီအစဉ်တို့ပဲ ဖြစ်တယ်ဗျ။

ကျွန်တော်က လွတ်လပ်ငြိမ်းချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ရေးအတွက် ပညာရေးဟာ အခရာဖြစ်တယ်ဆိုတဲ့ သဘောတရားကို နက်နက်ရှိုင်းရှိုင်း နှစ်နှစ်ကာကာ ယုံကြည်ထားသူဖြစ်တာမို့ ပညာရေးတိုးတက်ဖို့ အမှန်တကယ် ရည်ရွယ်တဲ့ ဘယ်လိုကြိုးပမ်းမှုမျိုးကိုမဆို ယေဘုယျအားဖြင့် ကြိုဆိုချင်ပါတယ်ဗျ။ ဒါကြောင့် နိုင်ငံတော်အစိုးရရဲ့ အဲဒီကြိုးပမ်းမှုတွေကိုလည်း ကြိုဆိုတယ်ဗျာ။

ဘာတွေမှားခဲ့သလဲ

ဒါပေမယ့် နှစ်ပေါင်း ၅၀ လောက် ယိုယွင်းယိုင်နဲ့နေခဲ့တဲ့ ပညာရေး ယန္တရားကြီးတစ်ခုလုံး အားကောင်းမောင်းသန် ဖြစ်လာဖို့ဆိုရင် အဲဒီကာလမှာ ဘာတွေမှားခဲ့တာလဲဆိုတာတွေကို အစွဲကင်းကင်းနဲ့ ဆန်းစစ်လေ့လာ ဖော်ထုတ်ပြီး အမှန်ရောက်အောင် အမှားပြင် ပြောင်းလဲလာတဲ့ခေတ်စနစ်နဲ့အညီ အသစ်ထပ်မံဖြည့်စွက်တာမျိုးတွေ မလုပ်ဘဲနဲ့ကတော့ မဖြစ်နိုင်ဘူးလို့ ကျွန်တော် ယူဆတယ်ဗျ။

ဥပမာ ဒီမိုကရေစီပညာရေးစနစ်မှာ အဓိကအခန်းကဏ္ဍက ပါဝင်သူ (Stake holder) တစ်ဦးဖြစ်တဲ့ ကျောင်းသားတွေရဲ့ တကယ့်ရင်ထဲက အသံတွေ ကြားနိုင်ဖို့အရေးမှာ ပင်မအခြေခံဖြစ်တဲ့ စစ်မှန်တဲ့ ကျောင်းသား ကိုယ်စားလှယ်တွေ ထွက်ပေါ်လာအောင် ဘယ်လိုလုပ်မလဲ။ ဆရာက သင်၊ ကျောင်းသားက ထိုင်နားထောင်ပြီးတော့ တကယ် ဘာမှ နားမလည်ဘဲ အလွတ်ကျက် ပြန်ဖြေတဲ့ တစ်လမ်းသွား ပညာရေးစနစ်ကို ဘယ်လိုပြုပြင်ပြောင်းလဲမလဲ။ အရွယ်မတိုင်ခင် စီးပွားရေးလုပ်ငန်းထဲ ရောက်နေကြတဲ့ ကလေးသူငယ်အားလုံး မဟုတ်တောင် အများစုကြီး စာသင်ခန်းထဲ ရောက်လာအောင် ဘယ်လိုလုပ်မလဲ။ တစ်နေ့ကို သုံးလေးနာရီလောက် ဘတ်စ်ကားပေါ်မှာ အလဟဿ အချိန်ဖြုန်းပြီးမှရောက်နိုင်တဲ့ မြို့စွန်မြို့ဖျားက နေရာတွေမှာ တက္ကသိုလ်တွေ ရောက်နေတာ ဘာကြောင့်လဲ။ အဲဒီလိုဖြစ်နေတာ သဘာဝကျရဲ့လား။ နိုင်ငံအတွက် အကျိုးဖြစ်ထွန်းရဲ့လား။ အကျိုးထက် အပြစ်က ပိုများနေသလား။ တက္ကသိုလ်ကြီးတွေဟာ ခမ်းနားကြီးကျယ်သလောက် ပညာရေးအနှစ်သာရ မယ်မယ်ရရမရှိတဲ့ ‘အဆင်းလှဆန်း လူ့ပေါက်ပန်း’ တွေလို ဖြစ်နေသလား။ ‘တက္ကသိုလ်ရဲ့အသက်ဟာ သုတေသန’ ဆိုတဲ့စကားနဲ့ မြန်မာနိုင်ငံက တက္ကသိုလ်တွေ ကိုက်ညီရဲ့လား စတဲ့ စတဲ့ မေးခွန်းပေါင်းများစွာအတွက် အမြန်ဆုံး အဖြေရှာ လုပ်ဆောင်ခြင်း မရှိဘဲနဲ့တော့ ကျွန်တော်တို့နိုင်ငံ ကမ္ဘာကြီးမဆိုထားနဲ့ အိမ်နီးချင်းနိုင်ငံတချို့ကိုတောင် အမီလိုက်နိုင်ဖို့ မလွယ်သေးဘူးလို့ ကျွန်တော် ထင်တယ်ဗျာ။

၀၃၊ ၀၁၊ ၂၀၁၂

ယခုအပတ်ထုတ် True News သစ္စာ ဂျာနယ်ပါ မှန်တာပြော သစ္စာ/မောင်ဝံသ ဆောင်းပါး။ သူ့ဖေ့ဘွတ်က ကူးယူ ဖော်ပြပါတယ်။ 



No comments: