Friday, January 13, 2012

၁၃ ဂဏန်းနဲ့ ကျွန်တော် (မောင်ဝံသ)

ယခု ဒီစာရေးနေချိန်မှာ ဘယ်သူတွေ တကယ်တမ်း လွတ်လာပြီဆိုတာ မသိရသေးပေမယ့် ဇန်နဝါရီ ၁၂ ရက်နေ့ ညနေ ၆ နာရီ သတင်းကြေညာချက်ကြောင့် ပြည်သူအများစုကြီးဟာ စိတ်လက်ချမ်းသာ ရွှင်လန်းချမ်းမြေ့စွာနဲ့ အကျဉ်းထောင် အသီးသီးကနေ လွတ်မြောက်လာမည့်သူတွေကို ကြိုဆိုနေကြမယ်လို့ ယုံကြည်တယ်ဗျာ။

ဝမ်းသာနေတဲ့ လူငယ်တစ်ယောက်က ကျွန်တော့် facebook ကို ရေးပို့လိုက်တဲ့ စာလေးကို ဖတ်ပြီး ပီတိ ဖြစ်မိပါတယ်။ 

ဆရာ ခင်ဗျာ ...


(၁၃) ရက် (၁၃) ဂဏန်းက ကံမကောင်းခြင်းသဘောကို ဆောင်တယ်လို့ လူအများက သတ်မှတ်ထားကြပေမယ့် ... ဒီနေ့ ဇန်နဝါရီလ (၁၃) ရက်နေ့ကတော့ မြန်မာပြည်သူတွေ အတွက် ကံကောင်းခြင်းတွေ ယူဆောင်လာတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့ပြီ .. ဆရာ ... လွတ်မြောက်လာတဲ့သူတွေအတွက် ထပ်တူထပ်မျှ ဝမ်းသာရပါတယ် .. မနေ့ကလည်း KNU နဲ့ အပစ်အခတ်ရပ်စဲတဲ့ ငြိမ်းချမ်းရေးစာချုပ်ကို လက်မှတ်ထိုးနိုင်ခဲ့တယ် ... ဆရာ .. ဒီလိုဆို ဆရာ့ မြန်မာ့ဒီမိုကရေစီ ဘတ်ဂျတ်စာရင်းမှာ ဝင်ငွေတွေ အလုံးအရင်းနဲ့ ထပ်တိုးပြန်ပြီပေါ့ ... ဆရာ ... ... ဝမ်းသာလိုက်တာဗျာ ... ဒီနေ့ မနက် သတင်းတွေဖတ်ရင်း ကြည်နူးမိလွန်းလို့ မျက်ရည်တောင်လည်မိပါတယ် ... ... ဒီနေ့လို့ ကံကောင်းခြင်းတွေ ယူဆောင်လာတဲ့ မင်္ဂလာနေ့ရက်သစ်တွေ ဆက်လက်ပေါ်ထွန်းနိုင်စေလို့ ဆက်လက်ဆုတောင်းပါတယ် ခင်ဗျာ။ 

လေးစားစွာဖြင့်
ဝိုင်အောင်မျိုးမော် 

တကယ်ကတော့ ၁၃ ဂဏန်းကို အများက ကံမကောင်းခြင်းလို့ယူဆကြပေမယ့် ကျွန်တော့်အတွက်ကတော့ ၁၃ ဂဏန်းနဲ့ အကျိုးပေးတာတွေ ရှိခဲ့တယ်။ အဲဒီအကြောင်း ‘နံပါတ်မှာ ၁၃’ ဆိုတဲ့ ဝတ္ထုတိုတစ်ပုဒ် ကျွန်တော် ရေးခဲ့ဖူးပါတယ်။

ကျွန်တော် ၁၀ တန်းအောင်တုန်းက ခုံနံပါတ်က ၈၃၂၊ ပေါင်းလိုက်ရင် ၁၃။

အခုကျွန်တော့်အိမ်နံပါတ်က ၁၁၃ ဆိုတော့ ၁၃ တော့ပါတာပဲ။

ရှားရှားပါးပါး တယ်လီဖုန်းရတဲ့ခေတ်ကရခဲ့တဲ့ ကြိုးဖုန်းနံပါတ်က ၇၃၂၁၀၊ ပေါင်းလိုက်ရင် ၁၃။

နောက် ဒစ်ဂျစ်တယ်ပြောင်းတော့မှ ရှေ့က ၃ တိုးပြီး အခု ၃၇၃၂၁၀ ဖြစ်သွားတာပါ။

၁၉၆၇ မှာ ပထမပတ် သတင်းစာသင်တန်းတက်ရတော့ အက္ခရာစဉ်အလိုက် ခုံနံပါတ်ပေးတာ ရလိုက်တဲ့နံပါတ်က ၁၃ပါ။

၁၉၇၀ လုပ်သားပြည်သူ့နေ့စဉ်မှာ သတင်းထောက်ကနေ အယ်ဒီတာ ရာထူးတိုးစာမေးပွဲဖြေတော့ ကျွန်တော့် ခုံနံပါတ်က ၁၃ ပါ။ ကျွန်တော် အရွေးခံရပြီး ရာထူးတိုးခဲ့ပါတယ်။

၁၉၇၇ မှာ မစ်ရှီဂန် တက္ကသိုလ် သတင်းစာပညာ ဖဲလိုရှစ်တက်တော့ ဖဲလိုး နံပါတ် ၁၃ ပါ။

ပထမဆုံး နိုင်ငံခြားဆိုတာသွားရတဲ့ ဂျပန်ခရီးကို စထွက်တဲ့နေ့က ၁၉၇၆ မေလ ၁၃ ရက်ပါ။

၈ လေးလုံး အရေးတော်ပုံကြီးမှာ ကာယကံမြောက် စတင်ပါဝင်ခဲ့တာ ၁၉၈၈ သြဂုတ်လ ၁၃ နေ့မှာပါ။
NLD စည်းရုံးရေးမှူးတစ်ယောက်အနေနဲ့ ပထမဆုံး ပဲခူးတိုင်းအရှေ့ခြမ်းကို စည်းရုံးရေးခရီး စထွက်တဲ့နေ့က ၁၉၈၈ အောက်တိုဘာလ ၁၃ ရက်နေ့ပါ။

၁၉၉၀ ဧပြီ ၂၄ ပထမအကြိမ် ထောင်ကလွတ်ပြီး ကျွန်တော့် မဲဆန္ဒနယ် ဝေါမြို့နယ်ကို သွားတယ်။ ကျွန်တော့် မွေးရပ်ဇာတိ မြစ်ကျိုးရွာက လူထုကို မဲဆွယ်တရားစဟောတဲ့နေ့က မေလ ၁၃ ရက်ဖြစ်ပါတယ်။
ဟော ... နောက်ဆုံးအကြိမ် ထောင်ကလွတ်တဲ့နေ့ (ရန်ကုန်ဆေးရုံကြီးအချုပ်က လွတ်တဲ့နေ့) ကလဲ ၂၀၀၁ ခု ဇွန်လ ၁၃ ရက်နေ့ဖြစ်ပါတယ် ခင်ဗျာ။

သို့မို့ကြောင့် ယနေ့ ဇန်နဝါရီ ၁၃ မှာ လွတ်လာသူတွေလိုပဲ ကျွန်တော်လည်း ၁၃ ဂဏန်း အကျိုးပေးခဲ့တာလေးတွေကို ပြန်လည် သတိရနေမိကြောင်းပါဗျာ။

maungwuntha@gmail.com


 

No comments: