"လွတ်လပ်ရေးနဲ့ မရှေးမနှောင်း ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်ကြီးတိုက်ခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပြီ။ ဘယ်သူ့ဘယ်သူမှလည်း နိုင်အောင်တိုက်ပြီး ပြုတ်အောင် မဖြုတ်နိုင်ကြဘူး။ တိုင်းပြည်ကတော့ ထောင်းလမောင်းကျေနေပြီ။ ဓားမနောက်ပိတ်ခွေးဘဝလည်း ရောက်နေပြီ။ ပြည်သူတွေလည်း အလူးအလဲခံနေကြရတယ်။ ဒါကြောင့် စစ်ပွဲတွေ အမြန်ရပ်စေချင်ပါပြီ ... "
များသောအားဖြင့် မြန်မာလူမျိုးတွေဟာ ငယ်စဉ်အခါက ဘယ်လောက်ပဲ အငြိမ်မနေသူဖြစ်ဖြစ် အသက်ကလေးရလာရင် လူရောစိတ်ပါ တည်တည်ငြိမ်ငြိမ် ဖြစ်လာလေ့ရှိတယ်။ လောကဓံလှိုင်း ရိုက်ပုတ်မှုများကိုလည်း တရားသဘောနဲ့ ရှုမြင်ပြီး မတုန်မလှုပ် ရင်ဆိုင်နိုင်ကြတယ်။
တရားမပြည့်လို့
ဒေါသဖြစ်စရာရှိလည်း ချွန်းအုပ်ပြီး သည်းခံနိုင်တယ်။ ဝမ်းနည်းစရာကြုံလည်း မျိုသိပ်ထားနိုင်တယ်။ ကိုယ်တိုင်ကတော့ တရားမပြည့်ဝလို့ ထင်ပါရဲ့။ အသက်သာ ခုနစ်ဆယ်ကျော်လာတယ် ဒေါသတွေ လျော့မသွားဘူး။ တစ်ခါတလေများ အသားတွေ ဆတ်ဆတ်တုန်တဲ့အထိ ဒေါသဖြစ်မိတယ်။ အဆိုးဆုံးကတော့ ငယ်စဉ်ကထက် အဆပေါင်းများစွာ ပိုပြီး လွမ်းတတ်လာတာဖြစ်တယ်။ အသက်ကြီးလေ လွမ်းစရာတွေကလည်းများလေ ဖြစ်လာတယ်။ ငယ်စဉ်ကတော့ ကျောင်းတွေဖွင့်ချိန်မှာ မန္တလေးမှာကျန်ရစ်တဲ့ မိဘတွေကို လွမ်းတယ်။ ကျောင်းတွေပိတ်လို့ အိမ်ပြန်ရောက်ချိန်မှာ ကျောင်းက သူငယ်ချင်းတွေကို လွမ်းတယ်။ ဒီထက်ပိုပြီး လွမ်းစရာမရှိဘူး။
အလယ်ပေါက်က မြီးရှည်
အခုချိန်ပြန်တွေးလိုက်တော့ မရှိတော့ပြီဖြစ်တဲ့ မိဘတွေကို လွမ်းသလို၊ ဈေးချိုအလယ်ပေါက်က မြီးရှည်ကိုလည်း လွမ်းတယ်။ ဝင်းလိုက်ရုံထဲက အစ်မကြီးမမြရီရဲ့ မုန့်တီလက်ရာကိုလည်း လွမ်းတယ်။ မန္တလေးတက္ကသိုလ် အရှေ့ဘက်က လယ်ကွင်းစိမ်းစိမ်းတွေနဲ့ တောင်တန်းကြီးတွေကိုလည်း လွမ်းတယ်။ အလွမ်းတကာ့ အလွမ်းဆုံးကတော့ စစ်ကိုင်းတောင်ပေါ်က တန်ဆောင်တိုင်ညနဲ့ မန္တလေးသင်္ကြန်ရက်တွေပဲ။ ငယ်စဉ်က ဒီပွဲနှစ်ပွဲတော့ ဘယ်အကြောင်းနဲ့မှကို အလွတ်မခံဘူး။ ကျောင်းပိတ်ရက်နဲ့ဆုံလေ့မရှိတဲ့ တန်ဆောင်တိုင်ပွဲကိုတောင် နှစ်တိုင်း အရောက်ပြန်ဖြစ်အောင် ပြန်တယ်။
ဟိုချောင်ဝင် ဒီချောင်ကူး
အဖိတ်နေ့မတိုင်မီရက် ညရထားနဲ့လိုက်၊ အိမ်စတာဝင်ပြီးချက်ချင်း သူငယ်ချင်းတွေနဲ့ စစ်ကိုင်းဘက်ကူး၊ တစ်ညလုံး ဟိုချောင်ဝင်၊ ဒီချောင်ကူး ပျော်မြူးကြတယ်။ နောက်နေ့ အိမ်ပြန်၊ တရေးအိပ်ပြီးရထားနဲ့ပြန်လာ ကျောင်းတက် ပင်ပန်းတယ် မထင်ဘူး။ ရထားတွေက ခုခေတ်လို မြင်းရိုင်းက ဆုန်ပေါက်ပြေးသလို ဖြစ်နေတာမှ မဟုတ်တာ။ ထိုင်ခုံရှေ့ကစားပွဲလေးပေါ် လက်ဖက်ရည်အပြည့်နဲ့ ပန်းကန်တင်ထားပြီး အေးအေးဆေးဆေး စာဖတ်လိုက်၊ လက်ဖက်ရည်တစ်ကျိုက်မော့လိုက် လုပ်လို့ရတယ်။ အိပ်ချင်ရင် အိပ်စင်ချပြီးအိပ်၊ ညက်ညက်ညောညော ညင်ညင်သာသာနဲ့ သင်္ဘောပေါ်မှာ အိပ်နေရသလို သိပ်ဇိမ်ကျတယ်။
ဝမ်းနည်းစရာ၊ ရှက်စရာ
လွတ်လပ်ရေးနဲ့ မရှေးမနှောင်း ဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်ကြီးတိုက်ခဲ့ကြတာ နှစ်ပေါင်းခြောက်ဆယ် ကျော်ခဲ့ပြီ။ ဘယ်သူ့ဘယ်သူမှလည်း နိုင်အောင်တိုက်ပြီး ပြုတ်အောင် မဖြုတ်နိုင်ကြဘူး။ တိုင်းပြည်ကတော့ ထောင်းလမောင်းကျေနေပြီ။ ဓားမနောက်ပိတ်ခွေးဘဝလည်း ရောက်နေပြီ။ ပြည်သူတွေလည်း အလူးအလဲခံနေကြရတယ်။ ဒါကြောင့် စစ်ပွဲတွေ အမြန်ရပ်စေချင်ပါပြီ။ တိုင်းရင်းသားလက်နက်ကိုင်တွေ သေတာလည်း မြန်မာနိုင်ငံသားတွေပဲ။ အစိုးရစစ်တပ်က သေတာလည်း မြန်မာနိုင်ငံသားတွေပဲ။ ဘယ်သူ့ဘက်က ဘယ်လောက် ကျသွားတယ်လို့ ကြေညာရတာ ဝမ်းသာဂုဏ်ယူစရာ မဟုတ်ပါဘူး။ ဝမ်းနည်းစရာ၊ ရှက်စရာပါ။
၁၀ ဆနဲ့ မလုံလောက်ဘူး
နှစ်ပေါင်းငါးဆယ်လောက် နောက်ကျကျန်ရစ်တဲ့ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဖို့၊ အိမ်နီးချင်းနိုင်ငံတွေကို အမီလိုက်နိုင်ဖို့ဆိုရင် ငြိမ်းချမ်းရေး အမြန်ဆုံးရပြီး တိုင်းရင်းသားအားလုံး ဝိုင်းဝန်းကြိုးစားကြမှ ဖြစ်ပါမယ်။ ခုထက် ၁၀ ဆလောက်ပိုပြီး ကြိုးစားရင်တောင် မလုံလောက်ပါဘူး။ ရှေ့ကသွားနေတဲ့နိုင်ငံတွေက ရပ်စောင့်နေကြမှာ မဟုတ်ဘူး။ သူတို့အရှိန်နဲ့သူတို့ ရှေ့ဆက်သွားနေကြမှာဖြစ်တယ်။ သန်းပေါင်းခြောက်ဆယ်လောက်ရှိတဲ့ တိုင်းရင်းသားတွေရဲ့ အင်အားနဲ့ အခုထက် အဆတစ်ရာလောက်ကြိုးစားနိုင်ပါမှ တော်ကာကျပါမယ်။ ရှေ့တန်းစစ်နယ်မြေတွေမှာ သေဆုံးခဲ့ရတဲ့နှစ်ဖက်စလုံးက တပ်သားတွေဟာ လူငယ်လူရွယ်လေးတွေ ဖြစ်ကြတယ်။ တိုင်းပြည်တည်ဆောက်ရေးမှာ သူတို့လုပ်အားတွေ ဆုံးရှုံးလိုက်ရတဲ့အတွက် တိုင်းပြည်နစ်နာပါတယ်။
သေနတ်တွေ ဘေးချထား
သမ္မတဦးသိန်းစိန် အစိုးရက ဒီမိုကရေစီလမ်းကြောင်းပေါ်ကို နောက်ပြန်မဆုတ်တမ်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ အကြိမ်ကြိမ် ပြောကြားထားပြီးဖြစ်တယ်။ နိုင်ငံရေးပြဿနာကို လက်နက်ကိုင်ဖြေရှင်းခြင်းဟာ ဒီမိုကရေစီကျင့်စဉ် မဟုတ်ပါဘူး။ လက်နက်ကိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းများကလည်း ဒီမိုကရေစီတည်ဆောက်ရေးကို ကြွေးကြော်ထားကြတာ ဖြစ်တယ်။ အဲဒီတော့နှစ်ဖက်စလုံး သေနတ်တွေ ဘေးချထားပြီး စားပွဲဝိုင်းမှာ ဆွေးနွေးညှိနှိုင်း အဖြေရှာကြတာ အကောင်းဆုံးဖြစ်တယ်။ သေနတ်သံတွေ မြန်မြန်တိတ်လေ ကောင်းလေပါပဲ။
Eleven Media Group မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment