ရူပဗေဒ ပညာရပ်မှာ ‘အင်နားရှား’ ဆိုတဲ့ သဘောတရား တစ်ခုရှိပါတယ်။ အဲဒါကတော့ အရာဝတ္ထုတွေရဲ့ နေမြဲနေလိုတဲ့သဘောကို ဖော်ပြချက်ဖြစ်ပါတယ်။ အရှိန်တစ်ခုနဲ့ သွားနေတဲ့ ကားကို စီးလာတုန်း ရုတ်တရက် ဘရိတ်အုပ်လိုက်တဲ့အခါ ကားက ရပ်သွားပေမယ့် လူက ရှေ့ကိုငိုက်ကျသွားတဲ့ သဘောပါ။ အဲဒီလိုပဲ ကျနော်တို့အနေနဲ့ အချိန်ကြာမြင့်စွာ လုပ်ဆောင်ခဲ့တဲ့အရာတွေ၊ အချိန်ကြာမြင့်စွာ ဖြတ်သန်းခဲ့ရမှုတွေက နောက်ပိုင်းကာလတွေအထိ သက်ရောက်မှုရှိနေတတ်တာကို ကြုံတွေ့တတ်ကြပါတယ်။
ဆိုကြပါစို့။ ခရီးဝေးတစ်ခုကို မီးရထားစီးပြီး သွားရတဲ့အခါမျိုးမှာ ခရီးဆုံးလို့ အေးအေးလူလူနေရပေမယ့် ရထားပေါ်မှာ ထိုင်ပြီး လိုက်ရတဲ့သဘောမျိုး၊ သင်္ဘောစီးပြီး သွားရတဲ့အခါမှာလည်း ခရီးဆုံးပေမယ့် လှိုင်းပုတ်လို့ သင်္ဘောယိမ်းထိုးတဲ့အခါ ခံစားရပုံမျိုးတွေကို ဆက်လက် ခံစားကြရတယ် မဟုတ်ပါလား။ ဒါဟာ သက်ရောက်မှုများကို ခံစားရပါများလို့ အရှိန်မသေခြင်း ဖြစ်ပါလိမ့်မယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးယုံကြည်ချက်ကြောင့် နှစ်ရှည်အကျဉ်းကျခဲ့ရသူတွေ များစွာရှိပါတယ်။ တချို့ဆိုရင် စစ်အစိုးရ လက်ထက်မှာတင် ၂ ကြိမ် ၃ ကြိမ် အဖမ်းခံရ၊ အကျဉ်းချခံရသူတွေဖြစ်ပါတယ်။ အဲဒီလို နိုင်ငံရေး အကျဉ်းသားဟောင်းများရဲ့ အရေအတွက်က လက်ရှိအကျဉ်းထောင်ထဲမှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားများရဲ့ အရေအတွက်ထက် များပါတယ်။ သူတို့အနေနဲ့ လူ့အခွင့်အရေးကင်းမဲ့လှတဲ့ စစ်အစိုးရလက်အောက်မှာ လူ့ဂုဏ်သိက္ခာများကို ခဝါချပြီး အကျဉ်းသားအဖြစ် နေထိုင်ရင်း စိတ်ရောကိုယ်ပါ အချိန်ကြာမြင့်စွာ နှိပ်စက်ခံခဲ့ကြရတာ ဖြစ်ပါတယ်။ အကျဉ်းသားဆိုတဲ့ ဘဝဟာ ဆိုးရွားတဲ့ အနေအထားဖြစ်ပေမယ့် အကျဉ်းထောင်ကို မရောက်ခင်မှာ ဒီထက်ဆိုးဝါးတဲ့ ဖြတ်သန်းမှုတွေကို ရင်ဆိုင်ခဲ့ကြရပါသေးတယ်။ အဲဒါကတော့ ထောက်လှမ်းရေး စခန်းများပဲ ဖြစ်ပါတယ်။
ထောက်လှမ်းရေးကို အားပြုပြီး အုပ်ချုပ်တဲ့ မြန်မာစစ်အစိုးရလက်ထက်မှာ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးခံရသူတိုင်း စစ်ထောက်လှမ်းရေး စခန်းများကို ဖြတ်သန်းခဲ့ရတာချည်းပါပဲ။ မြန်မာနိုင်ငံရဲ့ စစ်ထောက်လှမ်းရေးစခန်းများဟာ အတိုက်အခံ အင်အားစုများကို ချေမှုန်းဖို့ တည်ထောင်ထားတဲ့ အရာများသာဖြစ်ပါတယ်။ ကမ္ဘာပေါ်က ညှဉ်းပန်းနှိပ်စက်မှုမျိုးစုံကို အသုံးပြုလေ့ကျင့်ထားတယ်လို့ ထင်မှတ်ရလောက်အောင်ပဲ မြန်မာစစ်ထောက်လှမ်းရေးရဲ့ စစ်ကြောရေးစခန်းများက အတွေ့အကြုံများဟာ ခါးသီးလှပါတယ်။ “မင်းတို့ကို ဒီမှာတင် အသက်ပျောက်သွားအောင် လုပ်လို့ရတယ်”ဆိုတဲ့ စကားက စစ်ကြောရေးစခန်း တော်တော်များများက စစ်ထောက်လှမ်းရေးတွေရဲ့ လက်သုံးစကားပါ။
အမှတ်မဲ့ဆိုရင် ဒီစကားဟာ ခြိမ်းခြောက်တဲ့စကားသာ ဖြစ်တယ်လို့ထင်ရပါတယ်။ ဒါပေမယ့်လည်း လက်တွေ့ခံစားခဲ့ရသူတွေရှိနေပြီး တချို့ဆိုရင် စစ်ကြောရေးကာလမှာတင် အသက်ဆုံးပါးခဲ့ရတာတွေ ရှိပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ခဲ့သူတွေထဲက တစ်ဦးဖြစ်တဲ့ ဦးမောင်ကိုဟာ ၁၉၉ဝ ပြည့်နှစ် နှစ်ကုန်ပိုင်းမှာ စစ်ထောက်လှမ်းရေးစခန်းမှာတင် ကွယ်လွန်ခဲ့ရပါတယ်။ ဒါဟာ ထင်ရှားတဲ့ သာဓကတစ်ခုသာ ဖြစ်ပါတယ်။
ထောက်လှမ်းရေးစခန်းများကို ရောက်ရှိသူများကို ထောက်လှမ်းရေးအဖွဲ့ဝင်တွေက ရန်သူလို သဘောထားပြီး ဒေါသတကြီး ဆက်ဆံတတ်ကြပါတယ်။ အသက်အရွယ်ကြီးရင့်သူတွေ၊ သာသနာ့ဝန်ထမ်းပုဂ္ဂိုလ်တွေကအစ ရိုသေသမှုမရှိကြဘဲ ရန်ငြိုးရန်စရှိသလို ဆက်ဆံတတ်ကြပါတယ်။ အဲဒီလို ကြမ်းကြမ်းတမ်းတမ်းဆက်ဆံတဲ့ နေရာတွေကို ကျော်ဖြတ်ပြီး နောက်ဆုံးမှ နိုင်ငံရေးအကျဉ်းသားအဖြစ် ထောင်ကို အပို့ခံရတာဖြစ်ပါတယ်။
အကျဉ်းထောင်ထဲကို ရောက်ပြန်တော့လည်း သန့်ရှင်းမှုမရှိခြင်း၊ ကူးစက်ရောဂါ ပေါများခြင်း၊ အစာအာဟာရ ချို့တဲ့ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု ညံ့ဖျင်းခြင်း စတဲ့အရာတွေကြောင့် ယခင်က မဖြစ်ဖူးတဲ့ ရောဂါဘယတွေ ကပ်ငြိလာတတ်သလို၊ ပြင်ပမှာကတည်းက ရှိထားတဲ့ ရောဂါဘယတွေလည်း ပိုမိုဆိုးဝါးလာတဲ့ အနေအထားတွေကို တွေ့ကြုံရတတ်ပါတယ်။ ဒီကြားထဲမှာ ကိုယ့်ရပိုင်ခွင့်အတွက် တောင်းဆိုတာကို အပြစ်လို့ သတ်မှတ်ပြီး ထောင်အာဏာပိုင်တွေရဲ့ နိုင်ထက်စီးနင်း ရိုက်နှက်မှုတွေ၊ တိုက်ပိတ်ပြစ်ဒဏ်ပေးမှုတွေကိုလည်း ရင်ဆိုင်ကြရပါသေးတယ်။ နောက်တစ်ခုကတော့ စိတ်ဓာတ်စစ်ဆင်ရေးပါ။
စစ်ထောက်လှမ်းရေးများအနေနဲ့ စစ်အာဏာရှင်စနစ် တည်မြဲစေဖို့ ကြိုးပမ်းတဲ့နေရာမှာ စိတ်ဓာတ်စစ်ဆင်ရေးကို လက်နက်တစ်ခုအဖြစ် သုံးပါတယ်။ အထူးသဖြင့် အတိုက်အခံအင်အားစုများက တော်လှန်ဆိုတဲ့အရာကို ကြောက်လန့်သွားအောင်၊ စိတ်ပျက်ရွံရှာသွားအောင်လုပ်ဆောင်တာ ဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်တဲ့နေရာမှာ အမနာပ စကားများကိုအသုံးပြုပြီး အများကြည်ညိုနေတဲ့ အတိုက်အခံခေါင်းဆောင်တွေကို အပုပ်ချတာတွေ၊ အချင်းချင်း သွေးခွဲတာတွေ၊ အခွင့်အရေးပြပြီး မြှူဆွယ်တာတွေ ပါဝင်ပါတယ်။ တခါတရံမှာတော့ သက်ဆိုင်ရာမိသားစု၊ ဆွေမျိုးစုတွေရဲ့ အကျိုးစီးပွားတွေနဲ့ အကျပ်ကိုင်တာတွေ၊ ခြောက်လှန့်တာတွေ ပြုလုပ်ပါတယ်။ အနိမ့်ဆုံးတော့ နောက်တစ်ကြိမ် အဖမ်းခံရရင် ဒါမျိုးတွေထပ်ကြုံရဦးမယ်ဆိုတဲ့ အသိကို စွဲမြဲနေအောင် လုပ်ဆောင်လိုက်တာပါပဲ။
အဲဒီအဖြစ်အပျက်တွေ၊ အတွေ့အကြုံတွေက ဘယ်လိုမှ မမေ့နိုင်တဲ့အရာတွေ ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားဟောင်းများအနေနဲ့ ပြစ်ဒဏ်စေ့လို့ ပြင်ပပြန်ရောက်လာပြန်တော့လည်း အဆင်မပြေမှုတွေ ထပ်မံ ရင်ဆိုင်ကြရပြန်ပါတယ်။ အဆင်မပြေမှုက ပညာရေး၊ လူမှုရေး၊ စီးပွားရေး စတဲ့နယ်ပယ်စုံမှာ ဖြစ်ပါတယ်။ ပညာရေးအနေနဲ့ ထောင်ကပြန်ထွက်လာတဲ့ ကျောင်းသားတွေဟာ ယခင်အတိုင်း ကျောင်းပြန်တက်ခွင့်မရကြပါဘူး။ စီးပွားရေးကို ဝင်ရောက် လုပ်ကိုင်တဲ့အခါမှာလည်း ထောင်ထွက်ဆိုတဲ့အမြင်နဲ့ မခန့်ရဲ၊ မခေါ်ရဲတာတွေကြုံရသလို လူမှုရေးနယ်ပယ်မှာပါ သီးခြားဆန်လာတဲ့ သဘောမျိုးတွေ ဖြစ်လာပါတယ်။ တချို့ဆိုရင် ကိုယ့်ဆွေမျိုးသားချင်းများကတောင် ခပ်ရှောင်ရှောင်နေတာကို ကြုံကြရပါတယ်။ ဒီအနေအထားဟာ နိုင်ငံရေးအကျဉ်းသားဟောင်း အားလုံး မဟုတ်ရင်တောင် အများစု ရင်ဆိုင်ကြရတဲ့ အနေအထားဖြစ်ပါတယ်။
ကိုယ့်အဝန်းအဝိုင်းပြင်ပက ခပ်စိမ်းစိမ်းနေတဲ့အခါ နိုင်ငံရေးအကျဉ်းသားဟောင်း အချင်းချင်း၊ နိုင်ငံရေးလှုပ်ရှားသူ အချင်းချင်း ပေါင်းကြဖို့ပဲ ရှိပါတော့တယ်။ အဲဒီအခါကျပြန်တော့လည်း စစ်ထောက်လှမ်းရေးများရဲ့ စောင့်ကြည့်ခြင်းကို ခံရပြန်ပါတယ်။ ဒါထက်မက မကြာခဏ ခေါ်ယူမေးမြန်းမှုတွေကိုတောင် ခံရတတ်ပါသေးတယ်။ ဒီကြားထဲမှာ ထောင်တွင်းက ပါလာတဲ့ ခန္ဓွာကိုယ်ပိုင်းဆိုင်ရာရောဂါတွေ၊ စိတ်ပိုင်းဆိုင်ရာရောဂါဘယတွေကို ခံစားကြရပါသေးတယ်။ တချို့ဆိုရင် စိတ်ရောဂါကု ဆေးရုံကို သွားရောက်ကုသနေကြရပါတယ်။ နိုင်ငံရေးအကျဉ်းသားဟောင်း အများစုဟာ ခန္ဓွာကိုယ် ကိုက်ခဲတဲ့ရောဂါ၊ အစာအိမ် လမ်းကြောင်းဆိုင်ရာရောဂါတွေကို နောက်ပိုင်းနှစ်တွေတလျှောက်လုံး ခံစားကြရပါတယ်။ နာတာရှည်လိုဖြစ်တဲ့ အဲဒီရောဂါတွေက သေရာပါလိမ့်မယ်လို့ သူတို့က ဆိုပါတယ်။ ဒါဟာ အိပ်မက်တွေ မဟုတ်ပါဘူး။
တကယ်တော့ မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအကျဉ်းသားဟောင်းများရဲ့ဘဝဟာ အမြဲတမ်း ထောင်ကျနေသလိုပါပဲ။ မလွတ်လပ်တဲ့ ပြည်သူများထဲက မလွတ်လပ်ဆုံးသော ပုဂ္ဂိုလ်များလည်း ဖြစ်ပါတယ်။ ။
ထိန်လင်း
၂၁၊ ၁၂၊ ၂ဝဝ၂
No comments:
Post a Comment