Monday, January 9, 2012

ဗိုလ်ချုပ်ကျော်သောင်း ဘဝအစိတ်အပိုင်းများ (၁၅)

မြင်မြင်သမျှ အကုန်ပိုး

အဖိုး ငယ်ငယ်က မိန်းမနောက်ပိုး သိပ်သန်တယ်။ ကိုယ့်အမျိုးထဲက မဟုတ်တဲ့လူတွေဆို အကုန်ပိုးတာပဲ။ ဆယ့်ခြောက်၊ ဆယ့်ခွန်အရွယ်ဆိုတော့လည်း ပျော်လည်း သိပ်ပျော်တတ်တယ်။ အဖိုးအကို မောင်သန်းအောင်က သူတို့ရွာမှာ ရှင်ပြုရှိတော့ အဖိုးကို လှမ်းမှာတယ်။

သွားဦးမှပဲဆိုပြီး အဖိုးသွားတယ်။ ရှင်လောင်းတွေ အများကြီးပဲ။ အပျိုတွေဆိုလည်း အများကြီးပဲ။ ရှင်လောင်းတပါးဆိုရင် မိန်းကလေးက နှစ်ယောက်သုံးယောက်။ ရှင်လောင်းတွေဆိုရင်လည်း သူ့ထက်ငါလှအောင် ပြိုင်ဆင်ကြတာ။ လက်စွပ်၊ နားကပ်၊ ဆွဲကြိုးတွေရော သူတို့ဆင်တာ။ ရှင်လောင်းလှည့်တော့ အိုးစည်၊ ဒိုးပတ်။ ဗျောတို့ ပါတာပေါ့။

အဲဒီပွဲမှာ အဖိုးက စိမ်ရည်သောက်တယ်။

စိမ်ရည်ဆိုတာက ကောက်ညှင်းနဲ့စိမ်ထားတာ အရက်တော့ မဟုတ်ဘူး။

အဲဒါကို နှစ်ခွက်သုံးခွက် သောက်လိုက်ရင် ရီတီရီတီလေး။

ရှင်လောင်းလှည့်တာကလည်း တရွာနဲ့တရွာ အဝေးကြီးသွားရတယ်။

အဖိုးအကို မောင်သန်းအောင်က အဖိုးကို မြှောက်ပေးတယ်။ “ငါ့ညီ အပျိုတွေအများကြီး မင်း တယောက်လောက် စွံအောင်ပိုးကွာ။ အဖိုးကလည်း စိမ်ရည်လေးလောက်ပြီး မြောက်ကြွ မြောက်ကြွနဲ့ ရှင်လောင်းအတန်းရှည်ကြီးထဲက ကွမ်းတောင်းကိုင်၊ ပန်းတောင်းကိုင်တွေကို စပြီးပိုးတာပေါ့။

တယောက်မျက်နှာပုပ်သွားတာနဲ့ နောက်တယောက်ပေါ့။ တချို့ကျတော့ နှုတ်ခမ်းကို ဖိကိုက်ထားတယ်။ အပျိုတွေက အဖိုးတို့ရွာကရော တခြားရွာတွေကရော ပါတယ်။

ရည်းစားစကားပြောတာ ဟိုဘက်ထိပ် ဒီဘက်ထိပ် တယောက်ပြီးတယောက်ပြောတာ။

တယောက်မှ မကြည်ဖြူဘူး။ ဘယ်ကြည်ဖြူမလဲ။ အဖိုးတို့က စိမ်ရည်လေးတွေ ဆွတ်ဆွတ်ပြီး သွားတာဆိုတော့ အပျိုမတွေ နှာခေါင်းတွေ ရှုံ့ရှုံ့သွားကြတာပေါ့။

တခေါက်နဲ့ မရတော့ နောက်ကပြန်ပြီး ထိပ်အထိ ပြန်စတယ်။ တယောက်မှ မရဘူး။

မိန်းကလေးတွေက ဒေါပွတယ်။ တချို့မိန်းကလေးတွေက လက်ဝါးပြတယ်။

အဖိုးကလည်း လက်သီးပြန်ပြတာပေါ့။ အဖိုးက ပျော်လို့စတာ။

ရွာရောက်တော့ ရေမိုးချိုးကြတာပေါ့။ ငှက်ကျရွာက ချောင်းကျဉ်းလေးတခုပဲရှိတယ်။ အဖိုးတို့ ရေချိုးဆင်းတော့ မိန်းကလေးတွေက ရေချိုးပြီး ကြက်သွန်တွေ ဂျင်းတွေ လှီးနေတယ်။

ရေချိုးမလို့ ဆပ်ပြာခွက်လေးကိုင်ပြီးတော့ ရေချိုးဆိပ်ဆင်းတော့

“ဟေ့ ကျော်သောင်း ခဏလာခဲ့ဦး”

ခေါ်တာက အမျိုးသမီးခေါင်း အဖိုးထက် အသက်အများကြီး ကြီးတယ်။

သူခေါ်တော့ အဖိုးသွားတာပေါ့။

“နင်ဟာ တယ်ဆိုးပါလား”

“ငါ ဘာဆိုးလို့လဲ”

“နင် ဆိုးတာ နင် မသိဘူးလား”

“ငါ ဘာမှမဆိုးဘဲ။ ငါ ဘယ်သိမှာလဲ”

“ရှင်လောင်းလှည့်တုန်းက နင်အပျိုပိုးတာ ရှေ့ကနေ နောက်၊ နောက်ကနေပြီး ဟိုးအရှေ့ရောက်အထိ ခေါက်တုံ့ခေါက်ပြန် ပိုးတယ်ဆို”

အဖိုးက ...

“အဲ့ဒီလောက်ပိုးတာတောင် တယောက်မှ မရဘူး”

သူတို့ တခါတည်း ဒေါပွပြီးတော့ သူတို့လှီးထားတဲ့ ဂျင်းတွေ ကြက်သွန်တွေနဲ့ အဖိုးမျက်စိကို ဝိုင်းပြီး သုတ်ကြတာ၊ စပ်တာ မခံနိုင်ဘူး။

“နောက်တခါ လုပ်ဦးမလား” မေးတော့ အဖိုးက ဘာမှပြန်မဖြေဘူး။ မဖြေလေ သူတို့က သုတ်လေပဲ။

“ဟာ သေပြီ။ မလုပ်တော့ပါဘူး။ နောက် မလုပ်တော့ပါဘူး” အဖိုး အော်တာပေါ့။

တချို့ကလည်း ကျောကုန်းကို ထုတယ်။ “နောက်တခါ ဒီလိုလုပ်ဦးမလား” သူတို့က မေးတယ်။ အဲဒီမိန်းကလေးအဖွဲ့က ဘယ်သူမှန်းတော့ မသိတော့ဘူး။

အဖိုးက ...

“ဟဲ့ နောက်တခါဆိုတာ ဘယ်ပြောတတ်မလဲ”။

“ငါ မိန်းမ မပိုးရဘူးဆိုရင် ငါ မိန်းမရဦးမလား”

အဖိုးက ပြောတော့ သူတို့က ထုတာပဲဟေ့။

အိမ်ရောက်တော့ အဒေါ်က ...

“နင် ဘာဖြစ်လာတာလဲ”

“မျက်လုံး နာတယ်”

“ဘာဖြစ်လို့ နာတာလဲ”

“သူများတွေ ဂျင်းတွေနဲ့ ကြက်သွန်ကိုင်တဲ့ လက်တွေနဲ့ သုတ်လွှတ်လိုက်တာ”

“နင်က ဒီလို ထိတာတောင် နည်းသေးတယ်”

အဖိုး မျက်လုံးကြီးရောင်လာတာ ကြက်ဥလုံးလောက်ရှိမယ် ထင်တယ်။

နောက်တော့ သူတို့ပြောတယ်။ နို့ရည် သွားညှစ်ခိုင်းတယ်။

နို့ရည်ညှစ်ပြီး မျက်စင်းခတ်ပေးတယ်။ နို့ရည်က အေးတယ်။ နို့ရည်ခပ်ပေးပြီးတော့ သူတို့က
အဖိုးကို မေးတယ်။

“ဘယ့်နှယ့်လဲ သက်သာလား”

“အေး နည်းနည်းသက်သာလာတယ်”

“နင်တို့ ငါကို လာကြည့်တာ ကျေးဇူးတင်တယ်ဟာ”

သူတို့က ...

“မလိုပါဘူး။ ငါတို့ကလည်း စတာ နည်းနည်းများသွားတယ်”

သူတို့ စတာသိတော့ အဖိုးက ဘာပြောသလဲ မှတ်လဲ။

“အေးဟာ အအိုမ နို့ရည်က ဒီလောက်အေးရင် အပျိုမနို့ရည်ဆို ပိုအေးမယ်နော်”

အဲဒီတော့ သူတို့ အဖိုးကို ဝိုင်းချတော့တာပဲ။ ထုတဲ့ကောင်က ထု။ ဆိတ်တဲ့ကောင်က ဆိတ်။ နောက်တခါ ပြောဦးမလား။ နောက်တခါ ပြောဦးမလား။ တဘုန်းဘုန်းနဲ့ ထုတာပဲ။

“တော်ကြပါတော့။ ငါ မပြောတော့ဘူး။ မပြောတော့ပါဘူး”

အဖိုးက အဲဒီလို ပျော်တတ်တယ်။ အပျိုမတွေကလည်း အဖိုးကို ခင်တယ်။ အဖိုး အမတွေဆိုရင်လည်း အဖိုးကို တော်တော်ချစ်တယ်။ အမေလိုပဲ။ သူတို့မောင်လေးကို အရိပ်တကြည့်ကြည့်နဲ့။

အဲဒီညနေမှာ အဖိုး ရေမိုးချိုးပြီး ပုဆိုးသစ် အင်္ကျီသစ်လဲပြီး ခေါင်းဖြီး၊ အစ်မ သနပ်ခါးတွေလိမ်းပြီး ဆင်းသွားတာ။ အဖိုးအစ်မက ...

“မောင်လေး နင်က တယ်ဟုတ်တယ်ပါလား”

“ဘယ်သွားမလို့လဲ”

“ကျနော် အပျိုမ သွားပိုးမလို့”

“ဘယ်မှာ သွားပိုးမှာလဲ”

“ရွာထဲမှာ ဘယ်သူ့ကို ပိုးရမလဲ မသိသေးဘူး”

အဖိုးသွားတာ။ မာဂရက် ဆိုတဲ့ အမျိုးသမီးအိမ်ရှေ့ရောက်တော့ သူက အဖိုးကို လှမ်းမေးတယ်။

“ဟေ့ ကျော်သောင်း အခု နင်မိန်းမ ပိုးတော့မှာပေါ့လေ”

“ဒါပေါ့။ ဒါပေါ့”

“ဒီလိုဆိုရင် နင် ငါ့ကိုရော ပိုးမလား”

“ဟာ ပိုးမယ်”

အဖိုး မာဂရက်တို့ အိမ်ထဲဝင်သွားတယ်။ အိမ်မှာ အဖိုးနဲ့ သူ နှစ်ယောက်ထဲရှိတယ်။ သူ့အမေ အဖေ ညီအစ်ကိုမောင်နှမတွေ တယောက်မှ မရှိဘူး။

သူက အဖိုးကို စပြောတယ်။

“ကဲ နင် ဘယ်လိုလုပ် ပိုးမလဲ”

“ဟာ ပိုးတာက လွယ်လွယ်လေး။ ငါ နင့်ကို ချစ်တယ်။ ကြိုက်တယ်”

သူက ...

“နင့်ဟာက တယ်လွယ်ပါလား”

“သမီးရည်းစားစကားပြောတာ အဲဒီလို မပြောရင် ဘယ်လိုပြောမလဲ။ ငါ နင့်ကိုချစ်တယ် တကယ် ငါပြောတာ” အဖိုးကလည်း သူ့ကိုကြိုက်တာကိုး။

အဲဒါနဲ့ သူက “နင် ငါ့ကိုကြိုက်ရင် နင် အရက်ဖြတ်၊ ကြက်တိုက် ဖဲရိုက်ဖြတ်၊ လှေပွဲတွေ နွားပွဲတွေလောင်းတာ အကုန်ဖြတ်တဲ့။ ဖြတ်ရင်တော့ ငါနင့်ကို လက်ခံမယ်။ ငါ နင့်ကို ကြိုက်မယ်။ နင် မဖြတ်ရင် ငါနင့်ကို မကြိုက်ဘူး” တဲ့။

“ဟာ နင်ကလည်း အခုမဖြတ်ရင် နောက်တော့ တဖြည်းဖြည်း ဖြတ်မှာပေါ့။ အရက်က ငါ အမြဲသောက်တာ မဟုတ်ဘူး” လို့ အဖိုးက ပြောတယ်။

သူက သူ ဖြတ်ခိုင်းတာတွေ မဖြတ်ရင် လက်မခံဘူးတဲ့။ ဒါနဲ့ အဖိုးလည်း သူ့အိမ်ပေါ်ကဆင်းပြီး ဘုန်းကြီးကျောင်းဘက်ကို သွားတာပေါ့။ လမ်းမှာတွေ့တဲ့ သူငယ်ချင်းတွေက “ဟေ့ ကျော်သောင်း အိမ်လာလည်လေ” ခေါ်တော့ အဖိုး သွားလည်တာပေါ့။ စကား အေးအေးဆေးဆေးပဲ ပြောတယ်။ သူ့အမေ အဖေ သူ့မောင်တွေ ရှိတာကိုး။ သူတို့ လစ်တာနဲ့ “ငါ နင့်ကိုကြိုက်တယ်”။

“နင် ဘာပြောတာလဲ။ နင့်အကျင့်ကိုက မကောင်းဘူး။ နင် အရက်သောက် ဖဲရိုက်၊ ကြက်တိုက် နင့်ကို ဘယ်သူက ကြိုက်မှာလဲ”

“ဟာ ငါတသက်လုံး လုပ်မှာမှ မဟုတ်တာ”

ဘယ်လိုမှ ပြောလို့ မရဘူး။ သူငယ်ချင်းလိုပဲ ခင်မယ်တဲ့။

မရတော့ နောက်တအိမ်သွားတာပေါ့။ အမျိုးလွတ်တဲ့အိမ်တွေ ကုန်သလောက်ပဲ။ အကုန်လိုက်ပြောတာ။ ခင်လည်းခင်တာကိုး။ အဖိုးက တော်တော် အပိုးသန်တယ်။ အဖိုးက ပျော်တတ်လို့ ဒီလို စတာ နောက်တာ။ သူများသားသမီးတွေကို စော်ကားမော်ကားလုပ်တာတော့ အဖိုး သဘောမကျဘူး။

ဆက်လက်ဖော်ပြပါမယ်။ 


 

No comments: