၂ဝ၁၁ ခုနှစ်ကို အာရပ်နွေဦးနှင့် ဥရောပနွေဥတုတို့ကြောင့် စိတ်ဝင်စားစရာတွေ ပြည့်နှက်နေတယ်လို့ ဆိုနေကြတုန်းမှာပဲ အမေရိကန်နိုင်ငံမှာ တကမ္ဘာလုံးက အာရုံစိုက်ရတဲ့ “ဝေါလမ်းမကို သိမ်းပိုက်ကြ” ဆိုတဲ့ ဆန္ဒပြပွဲကြီးတွေ ခြိမ့်ခြိမ့်သဲ ပေါ်ထွက်လာခဲ့ပါတယ်။ စက်တင်ဘာလ ၁၇ ရက်နေ့က စတင်ခဲ့တဲ့ ဒီလှုပ်ရှားမှုကြီးဟာ အမေရိကန်က မြို့ကြီး အများအပြားကိုသာမက ကမ္ဘာ့နေရာအနှံ့ရှိ ရာနဲ့ချီတဲ့ မြို့ကြီးတွေဆီကိုပါ ပြန့်ထွက်သွားပါပြီ။ ဒီဆောင်းပါးကို ရေးနေချိန်မှာပဲ တောင်အမေရိကတိုက်ကို မီးညွန့်တွေပျံ့လွင့်နေတာ တွေ့ရသလို ဥရောပတိုက်မှာလည်း အရှိန်ပြင်းတဲ့ မီးတောက်ကြီးတွေဖြစ်နေတာ တွေ့ရပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့တုန်းကတော့ ကမ္ဘာအနှံ့၊ တိုက်ကြီး ၅ တိုက်၊ မြို့ပေါင်း ၁၀၀၀ ကျော် (အမေရိကန်မှာတင် ၁ဝဝ ကျော်) မှာ ဆန္ဒပြလှုပ်ရှားကြတယ်လို့ ဆိုပါတယ်။
ဒီလှုပ်ရှားမှုကို ဖော်ထုတ်သူတွေက သူတို့ဟာ လူဦးရေရဲ့ ၉၉ ရာခိုင်နှုန်းကို ကိုယ်စားပြုတာမို့ “၉၉ ရာခိုင်နှုန်း” လှုပ်ရှားမှုလို့လည်း သူတို့က ပြောတတ်ကြပါတယ်။ နောက်ပြီး ဒီတိုက်ပွဲဟာ အမေရိကန်နိုင်ငံက စီးပွားရေး အခွင့်ထူးခံ အထက်လွှာနဲ့ အမေရိကန် ပြည်သူတွေရဲ့အကြားက တိုက်ပွဲဖြစ်တယ်လို့လည်း ဆိုကြပါတယ်။
ဆင်းရဲမွဲတေမှုကို ဘဝရေစက်လို ပွေ့ဖက်အသက်ရှင်နေရတဲ့ ဗမာပြည် ပြည်သူတွေအနေနဲ့ ချမ်းသာလှပါတယ်ဆိုတဲ့ အမေရိကန်နိုင်ငံမှာ ကလေးပေါင်း ၁၇ သန်းဟာ ပုံမှန်အစားအသောက်ရဖို့ အကန့်အသတ်တွေ ရှိနေတယ်ဆိုတာကို သိရရင် အံ့သြကောင်း အံ့သြပါလိမ့်မယ်။ တကယ်က ၁၉၂၉ ခုနှစ် ကမ္ဘာ့စီးပွားရေးကပ်ကြီးရဲ့နောက်ပိုင်းမှာ အမေရိကန်နိုင်ငံအဖို့ အဆိုးဝါးဆုံး ဘဏ္ဍာရေးကပ်ကြီးနဲ့ ရင်ဆိုင်နေရပါတယ်လို့ သမ္မတကိုယ်တိုင် ဝန်ခံထားရတဲ့ အခြေအနေမှာ အလုပ်လက်မဲ့ ဦးရေ၊ စားဝတ်နေမှု လူတန်းမစေ့သူ ဦးရေ၊ ဆေးဝါးကုသမှုလုံလောက်စွာ မခံစားရသူ ဦးရေ စတာတို့ဟာ တိုးသထက် တိုးလာနေပါတယ်။
တက္ကသိုလ်ဘွဲ့ရပြီးလို့ အလုပ်ရှာမရတဲ့ပြဿနာဟာ ဗမာပြည်မှာသာ ရှိတာ မဟုတ်ပါဘူး။ အမေရိကန်မှာလည်း ဘွဲ့ရအများအပြားတို့ ကြုံတွေ့နေကြရပါတယ်။ ဒါတွေအားလုံးဟာ အမေရိကန်အိပ်မက် (Ameran Dream) ဆိုတာကို လှောင်ပြောင်နေတာပဲလို့ သူတို့က ဆိုကြပါတယ်။
ဒီလှုပ်ရှားမှုကြီးရဲ့ ထူးခြားချက်တခုက ဘယ်နိုင်ငံရေးပါတီ၊ ဘယ်နိုင်ငံရေးသမားကမှ ဦးဆောင်တာမဟုတ်ဘဲ သာမန်ပြည်သူတွေ ကိုယ့်ဘာသာစုစည်းပြီး ပေါင်းစည်း အားကြီးလာကြတာ ဖြစ်ပါတယ်။ သူတို့ကိုယ်သူတို့ ခေါင်းဆောင် မရှိတဲ့ လှုပ်ရှားမှုလို့ ဆိုကြပါသေးတယ်။ ဒီလှုပ်ရှားမှုထဲမှာပါဝင်သူ အမျိုးအမယ်တွေ ကွဲပြားများပြားလှသလို အသက်အရွယ်တွေကလည်း လူငယ်တွေချည့်မဟုတ်ဘဲ အမျိုးမျိုးပါ။ မှန်ပါတယ်။ သူတို့တောင်းဆိုချက်ဟာ နည်းနည်း မရှင်းလင်းသလိုတော့ ဖြစ်နေနိုင်ပါတယ်။ ဒါပေမယ့် သေချာတာက သူတို့တောင်းဆိုနေတာက အပြောင်းအလဲ ဖြစ်ပါတယ်။ ဒါဖြင့် သူတို့ရည်မှန်းချက်ဟာ အလှမ်းမဝေးလွန်းဘူးလားလို့ မေးကောင်း မေးလာနိုင်ပါတယ်။ ဒါဆိုရင် သူတို့က ဒါဟာ ခရီးရှည်ကြီးအတွက် ပထမခြေလှမ်း လှမ်းတာလို့ ပြောကြပါလိမ့်မယ်။ နောက် တဆက်တည်း ပြောတတ်တာကတော့ ဒီခြေလှမ်းကို ဒီနေ့မှ မလှမ်းရင် မဖြစ်တော့ဘူးလို့ ဆိုတာပါပဲ။
ဒီလှုပ်ရှားမှုတွေဟာ အားကောင်းလာတာနဲ့အမျှ အနေရာရာမှာ ရဲအကြမ်းဖက်မှုတွေ ဆိုးဆိုးဝါးဝါး ကြုံတွေ့လာကြရပြီး တချို့တော့လည်း ဒါကြောင့်ပဲ ဆန္ဒပြပွဲထဲပါဝင်သူတွေ ပိုများလာတယ်လို့ ဆိုကြပါတယ်။ သူတို့ဆီမှာက လူထုဆန္ဒပြပွဲကို ဗမာပြည်မှာလို စစ်တပ်နဲ့ နှိမ်လေ့မရှိပါဘူး။ ဒီလို “ဥပဒေအရ” နှိပ်ကွပ်နေတဲ့ကြားထဲက သေဆုံးတာတွေ၊ အနာတရဖြစ်တာတွေ များလာတော့ ဒါဟာ နိုင်ငံတော်က ကျူးလွန်တဲ့ ဥပဒေပြင်ပက လူသတ်မှု (extrajudicial state murder) လို့ တချို့က ပြောလာကြပါတယ်။
အောက်တိုဘာလ ပထမနှစ်ဝက်ထဲမှာ ထွက်လာတဲ့ ဒီလှုပ်ရှားမှုရဲ့ ပထမဦးဆုံး တရားဝင်ကြေညာစာတမ်းထဲမှာ စီးပွားရေး အင်အားဖြင့် အဆုံးအဖြတ်ပေးနေသရွေ့ မည်သည့်ဒီမိုကရေစီကိုမှ ရမှာမဟုတ်” လို့ ဆိုထားပါတယ်။ “ပြည်သူလူထုထက် အမြတ်အစွန်းကို အဓိကထားသည့်၊ အမှန်တရားအထက်မှာ ကိုယ်ကျိုးကိုထားသည့်၊ တန်းတူမှု အထက်မှာ ဖိနှိပ်မှုကိုထားသည့် ကော်ပိုရေးရှင်းကြီးတွေက အစိုးရတွေကို ချုပ်ကိုင်လည်ပတ်နေသည့် ဤအချိန်တွင် ကျွန်ုပ်တို့ ဤနေရာသို့ စုရုံးရောက်ရှိလာကြခြင်း ဖြစ်သည်” လို့လည်း အဲဒီစာတမ်းမှာ ကြေညာထားပါတယ်။ စပိန်က လှုပ်ရှားမှုရဲ့ အဓိကကြွေးကြော်သံတခုကတော့ “စစ်မှန်သော ဒီမိုကရေစီ အခုရရမည်” (“Democraacia real Ya”) ရယ်လို့ ဖြစ်ပါတယ်။
သူတို့ဒီနေ့လှုပ်ရှားမှုကြီးကို မြင်ရတော့ အသက်အရွယ်ကြီး မြင့်ပြီဖြစ်တဲ့ အမေရိကန် လူအိုပိုင်းကလူတွေဟာ သူတို့ငယ်စဉ်က တွေ့ကြုံဖူးတဲ့ အဘိဓမ္မာဆရာကြီး ဘက်ထရန်ရပ်ဆဲလ်ကအစ အဆိုတော် ဘော့ဘ်ဒိုင်လန်နဲ့ မင်းသမီး ဂျိန်းဖောင်ဒါအဆုံး ပါဝင်ခဲ့ကြတဲ့ အမေရိကန်ပြည်သူတွေရဲ့ ဗီယက်နမ်စစ် ဆန့်ကျင်ရေးလှုပ်ရှားမှုကြီးတွေကို သတိရမိကြပါတယ်။ ရေရှည်တိုက်ပွဲလို့ ကြေညာထားတဲ့ ဒီလှုပ်ရှားဆန္ဒပြမှုကို လမ်းမပေါ်မှာ ကြွေးကြော်သံတွေ ဟစ်အော်၊ လမ်းလျှောက်ကြတဲ့ အသွင်နဲ့သာ တွေ့ရတာမဟုတ်ပါဘူး။ တချို့က ပလက်ဖောင်းပေါ်မှာတင် ဖြစ်သလို အိပ်ရာခင်းအိပ်နေကြတာ။ တွေ့ရာကွက်လပ်မှာ သင်တန်းလို ပို့ချနေတာ၊ အဆိုအတီး အကတွေနဲ့ ဆန္ဒဖော်ပြနေတာ၊ အစားအသောက် ဝေနေတာ၊ ဆေးကုပေးနေတာ စသဖြင့် ပုံစံမျိုးစုံနဲ့ တွေ့ကြရတာပါ။ အခုအခါ တိုက်ပွဲဝင် လူထုအနေနဲ့ အလှူငွေတွေနဲ့ ဂုဏ်ပြုအားပေးစာတွေ တဖွဲဖွဲရရှိနေပြီး ရဲရဲ့မျက်ရည်ယိုဗုံးနဲ့ ငရုတ်ငွေ့ကို ကာကွယ်ဖို့ မျက်နှာဖုံးတွေ၊ စောင်တွေ၊ အစားအသောက်တွေ၊ ဆေးဝါးတွေကိုလည်း တပုံတခေါင်း မပြတ်လက်ခံရရှိနေတယ်လို့ သိရပါတယ်။
ဒီလှုပ်ရှားမှုဟာ ဘယ်အချိန်မှာ ဘယ်အခြေအနေအထိ ရောက်မယ်ဆိုတာ မပြောနိုင်သေးပေမယ့် ကနေ့အထိတော့ အရှိန်အဟုန်ကောင်းစွာနဲ့ နိုင်ငံတကာကို ပျံ့သွားနေလို့ ဆင်နွှဲသူတွေဟာ အားတက်နေကြပါတယ်။ ဒါဟာ ရေရှည် တိုက်ပွဲဖြစ်တယ်၊ အဲဒီအတွက် ပြင်ဆင်ထားကြရမယ်လို့ လှုံ့ဆော်နေကြပါတယ်။ နောက် ထူးခြားချက်တခုက ဒီလှုပ်ရှားမှုကြီးဟာ နိုင်ငံအများအပြားကို ပြန့်သွားတာနဲ့အမျှ တိုက်ပွဲဝင်သူတွေဟာ သူတို့ဒေသက နစ်နာချက်တွေပါ ထည့်သွင်း တောင်းဆိုလာကြတာပါ။ တနည်းပြောရရင် နိုင်ငံတကာ လက္ခဏာသာမက ဒေသလက္ခဏာပါ ဆောင်လာတယ် ဆိုတာပါပဲ။ ဥပမာဆိုရင် မက္ကဆီကိုမှာ လှုပ်ရှားကြသူတွေဟာ သူတို့ပြည်သူတွေ ထိတ်လန့် ကြောက်ရွံ့နေရတဲ့ မူးယစ်ဆေးဝါးဂိုဏ်းကြီးတွေရဲ့ကိစ္စကိုလည်း ဖော်ထုတ်ကြပါတယ်။
အစကတော့ ဒါဟာ နောင်နှစ်မှာကျင်းပမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲကျရင် ပြီးသွားမှာပဲလို့ တချို့က ပြောကြပါတယ်။ ဒါပေမယ့် အခုတော့ ဒါဟာ အမေရိကန်တနိုင်ငံတည်းက လှုပ်ရှားမှုမဟုတ်တော့ဘဲ နိုင်ငံတကာလက္ခဏာ ဆောင်လာတော့ ထည့်သွင်းစဉ်းစားစရာတွေ အများကြီးဖြစ်နေပါတယ်။ သေချာတာတခုကတော့ ဒီတခါ ပေါ်ထွက်လာတဲ့ လှုပ်ရှားမှုကြီးဟာ ၁၉၂၉ ခုနှစ်ဆီတုန်းက ကမ္ဘာ့စီးပွားရေးကပ်ကြီးတုန်းက ပေါ်ထွက်ခဲ့တဲ့ အလုပ်သမားတိုက်ပွဲတွေထက် ကြီးမားကျယ်ပြန့်ပြီး နိုင်ငံရေးလက္ခဏာလည်း ပိုဆောင်ပါတယ်။ အခုတိုက်ပွဲတွေက လက်ရှိစနစ်ကြီးအထိ ဦးတည်တိုက်ခိုက်တာ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို ဒီမိုကရက်လည်း မဟုတ်၊ ရီပတ်ဗလစ်ကင်လည်း မဟုတ်၊ ဒီလိုပါတီနှစ်ခု အားပြိုင်တဲ့စနစ်နဲ့ လူတွေကို ညာနေ၊ ဆင်းရဲအောင်လုပ်နေတာကို ဆန့်ကျင်နေတာဖြစ်တယ်လို့ ဗြောင်ကြေညာပြီး တိုက်ပွဲဝင်ကြတာ ဖြစ်ပါတယ်။
၂ဝဝ၈ ခုနှစ်တုန်းက ဘဏ်ကြီးတွေကြောင့်ပေါ်ခဲ့တဲ့ စီးပွားရေးအကျပ်အတည်းမှာ အစိုးရက ကယ်တင်လို့ ဘဏ်ကြီးတွေ ထွက်ပေါက်ရခဲ့ပါတယ်။ အခုတခါမှာတော့ အစိုးရတွေကိုယ်တိုင် စီးပွားရေး အကျပ်အတည်းဆိုက်လာတာမို့ ဘဏ်ကြီးတွေကလည်း မကယ်နိုင်၊ သူတို့ကိုယ်သူတို့လည်း မကယ်နိုင်နဲ့ ပြည်သူလူထုအပေါ် ဝန်တွေပိလာရာကနေ ပေါ်ပေါက်လာတဲ့ အုံကြွမှုတွေ ဖြစ်ပါတယ်။ သူတို့ အသုံးအနှုန်းအတိုင်းပြောရရင် အမေရိကန်ပြည်ထောင်စုကြီး ဒေါသထွက်နေပါပြီ။
အရေးတော်ပုံဂျာနယ် အတွဲ ၁၊ အမှတ် ၇ မှ ပြန်လည်ကူးယူ ဖော်ပြပါတယ်။
No comments:
Post a Comment