ထိုသူက …“ခင်ဗျား ဘယ်အရပ်က စောင် လာရောင်းတာလဲ” … စကားဆက်မေးနေပြန်သည်။
“ကျွန်တော် ရန်ကုန်ဘက်ကပါ အညာဖျင်ကြမ်းစောင်တွေ မှာယူပြီး နယ်အနှံ့ လိုက်ရောင်းသူပါ” … လို့ စောင်လိပ်တွေ ဖြန့်ပြလိုက်သည်။
“ခင်ဗျားစောင်ကလည်း အသားကျဲလိုက်တာ ဒါမျိုး ကျွန်တော် မကြိုက်ဘူး” … တဲ့။ နောက် … “ ခင်ဗျားက ရန်ကုန်ဘက်ကသာ ပြောနေတာ စကားပြောတဲ့ လေသံကလည်း မုံရွာက လေသံနဲ့တူလိုက်တာ” … တဲ့။
ဟိုက် - ကျွန်တော် ခေါင်းနပန်းကြီး တကိုယ်လုံး ပူထူသွားသည်။ ငါတို့လူတွေ မြို့ပေါ်မှာ ပြဿနာပေါ်နေပြီ ထင်တယ်။ ငါ ဒီဘက်မှာ လွတ်လွတ်ကင်းကင်း ပါတီထဲရောက်နေပြီထင်ပြီး သတင်းဖောက်လိုက်လို့များ လိုက်လာလေသလား။
စိတ်ထဲ မတည်မငြိမ်နှင့် အဆိုးဆုံးကို တွက်နေမိတော့သည်။ ထိုပုဂ္ဂိုလ်နှင့် ဘယ်လိုဆက် ရင်ဆိုင်ဖြေရှင်းရမလဲ။ သူကလည်း ထိုင်မလို ထမလိုနှင့် လာလမ်းဘက် ပြန်ကြည့်လိုက်၊ အိမ်ပတ်ဝန်းကျင် အကဲခတ်လိုက်နှင့် စူးစမ်းသည့် အကြည့်မျိုးများနှင့် ကျွန်တော့်ကို လေ့လာနေသည့်သဘောလို့ ကျွန်တော် ယူဆနေသည်။
“ထိုင်ပါခင်ဗျား … ရေသောက်ပါခင်ဗျား” နဲ့ ကျွန်တော်က သူ့ကို ဖော်ရွေဟန် ပြနေရသည်။ နေပူထဲက လာသူဖြစ်၍ ချွေးတွေသံတွေ သုတ်လိုက်၊ ကျွန်တော့်မျက်နှာ ကြည့်လိုက်နှင့် သူ့မျက်လုံးကြည့်ပုံတွေက ပြဿနာတော့ ရှိနေပြီဟု ကျွန်တော် စဉ်းစားနေသည်။ ထိုအခိုက် ရွာလမ်းမဘက်ဆီမှ ကျွန်တော်တို့ရှိနေသည့် အိမ်ဘက်သို့ စောင်အုပ်တွေပိုက်၊ ဦးရင်မောင် ပြန်လာနေသည်။
အိမ်တံခါးဖွင့်ဝင်လာသည်နှင့် ဦးရင်မောင်က … “ ဟာ ဆရာက အရင်ရောက်နေတာကိုး” … ဆိုလိုက်တော့မှ ကျွန်တော်တို့ချင်း ထိတွေ့နေသည့်ဖြစ်စဉ်ကြီး တမုဟုတ်ချင်း ပြောင်းပြန်ဖြစ်သွားသည်။ ထခုန်ချင်လောက်အောင် ဝမ်းသာအားရဖြစ်မိပါသည်။ ကျွန်တော့်ဘက် လက်ကမ်းလာသော ထိုပုဂ္ဂိုလ်ကြီးမှာ ဆရာအောင်ဝေ ခေါ် ရဲဘော် ရဲအောင် ဖြစ်နေပေတော့သည်။
နှစ်ပေါင်းများစွာ ကွဲကွာနေသော ဆွေမျိုးရင်းချာတွေ အခုမှ ပြန်ဆုံကြသည့်အလား တဦးကိုတဦး လက်ချင်းဆက် တဝါးဝါး တဟားဟားနှင့် တွေ့ဆုံပွဲလေး ဖြစ်သွားရသည်။ ရဲဘော် ရဲအောင်က သူ့အိတ်ထဲမှ ပစ္စတို သေနတ်ထုတ်ကိုင်၊ ခါးထိုးလိုက်ပြီး ရယ်လိုက် စကားပြောလိုက်နှင့် သူလည်း ဝမ်းသာလှိုက်လှဲဖြစ်နေပုံ သိသာသည်။
ဦးရင်မောင်က … “ လမ်းမှာ လက်နက်ကိုင်အဖွဲ့တွေ စောင့်နေတာ တွေ့တယ်။ မေးနေလို့ ကျွန်တော် ပြန်ဖြေနေရတယ်။ ကြည့်လုပ်ပါဦး” … တဲ့။
“ ဟာ- အဲဒါ ကော်သူ့လေ တပ်က။ ကျွန်တော်နဲ့သိတယ်သာ ပြောပြ၊ ကိစ္စမရှိပါဘူး” တဲ့။ ရဲဘော် ရဲအောင်က ကျွန်တော့်ဘက်လှည့်၍ …
“ဒါ ကျွန်တော်တို့ ပါတီနယ် မဟုတ်ဘူး။ လူပုဂ္ဂိုလ်ချင်း နားလည်မှုနဲ့ ကျွန်တော်တို့ ခဏဝင်နေတာ ကျွန်တော်တို့ ပါတီဧရိယာမှာ ရန်သူ အကြီးအကျယ် ထိုးစစ်ဆင်နေတယ်” … တဲ့။ “ကျွန်တော်တို့ အခုသွားရအောင်။ ပြင်တော့။ စခန်းရောက်မှပဲ ပြောကြတာပေါ့” … ဟုဆိုကာ ဦးရင်မောင်ဘက်လှည့်၍ … “ သူ့ ခေါ်သွားမယ်နော်” … ပြော၍ ဦးရင်မောင်အား ခွင့်တောင်းပြီး ရဲဘော် ရဲအောင်နှင့် ကျွန်တော်တို့ အိမ်မှ ထွက်ခွာရန် ပြင်ကြပါတော့သည်။
အပိုင်း (၂)
ရွာတွင်းမှ ထွက်၍ မုန်းချောင်းနားရောက်ချိန် မိုးချုပ်သွားပြီ။ ချောင်းရေကို ရေလွှဲနှင့် ဖောက်သွယ်တာလားမသိ။ ရေစီးရေကျသံတွေ တဝေါဝေါ ကြားနေရသည်။ ရဲဘော် ရဲအောင်က ခဏရပ်ပြီး …
“အဲဒါ ကွမ်းသီးပင်ခြံတွေထဲ ရေသွင်းပေးတဲ့ ရေမြောင်းတွေဆီက ရေစီးကျနေတဲ့အသံတွေ” … တဲ့။ ချောင်းဘေးနားဖြတ်၍ သွားကြသည်။ ရွာတရွာကျော်ပြီး နောက်တရွာမရောက်ခင် ယာတဲတခု …
“လူများတယ်။ ခင်ဗျားမျက်နှာ မမြင်အောင် နောက်ကရပ်နေ ကျွန်တော် သူတို့နဲ့ စကားပြောဦးမယ်” … ။ တဲရှေ့မှာ စုထိုင်နေသူများသို့ … “ဘာသတင်းထူးလဲ။ ဒီနေ့မနက် ရွာကန့်လန့်အထိ ရန်သူရောက်လာပြီး ပြန်ဆုတ်သွားတယ် ကြားတယ်” …
“ဟုတ်တယ်။ ကျွန်တော်တို့လည်း အဲဒီသတင်း ရတယ်၊ ၃၉ လား ၅၉ လား မသိဘူး။ ၃၉ နဲ့တူတယ်” … တဲ့ (ရန်သူ ခလရ နံပါတ်များကို ဆိုလိုခြင်းဖြစ်သည်) …
“ကျွန်တော်တို့ သွားတော့မယ်” … ရဲဘော် ရဲအောင်က နှုတ်ဆက်၍ ထွက်ခဲ့ကြသည်။ “အဲဒါ ကရင်လူမျိုးတွေ” (သူ့ အခေါ်) ကော်သူ့လေ တပ်က၊ တချို့တပ်ထွက်တွေ ရွာသားတွေလည်း ပါတယ်။ ခင်ဗျား သွားရလာရဦးမယ့် ကိစ္စတွေရှိနေတော့ ဒီအနီးအနားမြို့တွေမှာ ပြန်တွေ့နေရင် သူတို့အတွက်ရော ခင်ဗျားအတွက်ပါ မကောင်းဘူး။ မျက်နှာ မမှတ်မိတာ ကောင်းတယ်။ ဒါကြောင့် မျက်နှာ အကွယ်ခိုင်းတာပါ” … တဲ့။
ရွာတရွာအလွန် လမ်းမပေါ်ရောက်တော့ အတော်ကို မှောင်နေပြီ။ ရဲဘော်ရဲအောင်က “ဒီမှာ သတိထားသွားရမယ်၊ ရန်သူ ကင်းပုန်းဝပ်တတ်တယ်။ ခပ်ခွာခွာ ကျွန်တော့်နောက် တည့်တည့်ကနေ လိုက်။ ရန်သူနဲ့တိုးလို့ ပစ်ခဲ့ရင် တယောက် ထိသွားလည်း တယောက်ကျန်နေအောင်ပေါ့။ ဒါမှ ကျန်နေတဲ့လူက တော်လှန်ရေး ဆက်လုပ်လို့ ရနိုင်မှာ” … တဲ့ ။
အသဲယားစရာပင်။ ရင်တွင်းလှုပ်ရှားမှုနှင့်အတူ ကျွန်တော့်ခြေလှမ်းတွေ ပိုသွက်လာနေသည်။ တကယ်ကို သက်စွန့်ဆံဖျား လှုပ်ရှားနေကြရတာပါလား ဆိုသောအသိက တော်လှန်ရေးစိတ်ဓာတ်ကို စမ်းသပ်နေသလို ခံစားမိသည်။ ကျွန်တော်တို့ ရှေ့တည့်တည့်လောက်မှ စကားပြောသံ ကြားနေရသည်။ မလှမ်း မကမ်းမှနေ ရဲဘော် ရဲအောင်က … “ဘယ်သူတွေလဲ” … လှမ်းမေးစဉ် …
“ကျွန်တော်တို့ ရှေ့ရွာကပါ။ ဈေးပြန်နောက်ကျလို့ မီးအုပ်နဲ့သွားဖို့ မီးထွန်းရအောင် ပြင်နေတာပါ ဆရာတို့” … တဲ့။
လမ်းဘေးမှာ ဈေးခြင်းတွေချ မီးအိမ်မီးညှိနေကြသည်။ လင်မယားလား မသိ၊ အမျိုးသမီးတဦးနှင့် အမျိုးသားတဦး တွေ့ရသည်။
“အရပ်သားတွေ ညအချိန်မတော် လမ်းသွားလမ်းလာ မီးအိမ်ထွန်းသွားရတယ်။ အပြင်မှာ လက်နှိပ်ဓာတ်မီး မသုံးရဘူးလို့ ရန်သူက အမိန့်ထုတ်ထားတာ။ ညမှာ မီးအိမ်မပါဘဲ ဒီအတိုင်းသွားရင်လည်း သူပုန် လို့ သတ်မှတ်ပြီး ပစ်သတ်နိုင်တယ်” … တဲ့။ ကျွန်တော် ကျောချမ်းသွားသည်။ (မီးအိမ်၊ မီးပုံးများကို အဲဒီ ဒေသက မီးအုပ်ဟု ခေါ်ကြသည်။)
ညက သိပ်မှောင်လွန်း၍ ရဲဘော်ရဲအောင်ကတော့ တချက်တချက် လက်နှိပ်ဓာတ်မီးလေးထိုး ရှေ့က သွားသည်။ ကျွန်တော်က နောက်က လိုက်သည်။ နိုဝင်ဘာလား၊ ဒီဇင်ဘာလား အတိအကျ မမှတ်မိ။ ဆောင်းညတညဆိုတာတော့ သေချာသည်။ ပတ်ဝန်းကျင်တခုလုံး မည်းမှောင်နေ၏။ အကာလ ညအချိန်လက်နှိပ်မီးလေးဖြင့်သာ တချက်တချက် အလင်းရောင်ပေး ခေါ်ယူရာသို့ အားကြိုးမာန်တက် အဆက်မပြတ်လိုက်ပါခဲ့သော ကျွန်တော့်အတွက် အတွေ့အကြုံသစ်ဖြစ်၍ ထိတွေ့ရသမျှ စိတ်လှုပ်ရှားစရာ ဖြစ်နေ၏။ ည ၁ဝ နာရီလောက်မှာ လမ်းမဘေးဖဲ့ထွက်၍ တောအုပ်တခုဟုထင်ရသော နေရာဘက်သို့ ဦးတည်လျှောက်ရသည်။ ထင်ရှားသည့်လမ်းကြော မဟုတ်ပေ။ ဖြည်းဖြည်းချင်း တောတိုးသွားရသည်။
နာရီဝက်လောက်လျှောက်ပြီး ရဲဘော် ရဲအောင် ပါးစပ်မှ အသံတခုပြုပြီး ဝင်သွားကြသည်။ ရဲဘော်နှစ်ယောက် တွေ့ရသည်။ အိပ်ရာထဲမှာ စောင်တွေခြုံလို့။ ဘေးနားက မီးဖိုနှင့်အိပ်ယာဘေး G – ၃ ၊ G – ၄ သေနတ်များ။ G - ၄ က ဒေါက်နှင့် ထောက်ထားသည်ကို အထင်းသားမြင်နေရသည်။ ရဲဘော်ရဲအောင်က သူ့နေရာလေးဘေး ထိုင်သည်။ ကာဘိုင်သေနတ်လေးတလက် ဘေးကသစ်ပင်မှာ ချိတ်ဆွဲထားသည်။ လက်နက်တွေ အားလုံးက ရန်သူ့ဆီက လက်နက်တွေချည်းပဲ ဖြစ်သည်။ ပထမ ရဲဘော် နှစ်ယောက်နှင့် မိတ်ဆက်ပေးသည်။
တယောက်က ညောင်ပင်သာရွာ ပြည်သူ့စစ် ခေါင်းဆောင်တဲ့။ နောက်တယောက်ကလည်း ကျေးရွာခေါင်းဆောင်။ “အခုတော့ သူတို့တတွေက ရန်သူကို ရှေ့တန်းက ခံတိုက်နေတဲ့ အမာခံတွေဗျ” တဲ့။ နှစ်ယောက်စလုံးက ရဲဘော်ရဲဘက်ပီပီ နွေးထွေးစွာ နှုတ်ဆက်ကြိုဆိုမှု ခံစားရသည်။ ထမင်းစားရန် မီဖိုဘေးရှိ ငါးကင်ကြီးတကောင်ဖြုတ် စားဖို့ ပြင်ကြသည်။ ထမင်းက ဟန်းကောချိုင့်နှင့် အပြည့်။ ကျွန်တော်နှင့် ရဲဘော်ရဲအောင် ညစာစားကြသည်။ ဟန်းကောတလုံးနှင့် ရေနွေးကျိုထားသည်။ ရေနွေးသောက်စဉ် ငရုတ်သီးစပ်သည်။ ဟင်းချက်သည့် ဟန်းကောနှင့် ရေနွေးကျိုထားပုံရသည်။
ဆက်လက်ဖော်ပြပါမယ်။
No comments:
Post a Comment