Friday, December 9, 2011

မာယာကော့ဗ်စကီးနှင့် စကားပြောခြင်း (ကမာပုလဲ)


ကိုယ့်ကိုယ်ကိုယ် သစ္စာဖောက်သွားတဲ့
လမင်းကို
နက်နက်ရှိုင်းရှိုင်း မိုးတိမ်တွေကြား
ကြယ်စင်ကင်းစွာ
မြှုပ်နှံ သင်္ဂြိုလ်လိုက်ကြတယ် ...
ဖြစ်တတ်ပါတယ်။


ဒီမယ် ... မိတ်ဆွေကြီး
မိုးကောင်းကင်နဲ့ ကမ္ဘာမြေကြီးကြားမှာ
မဖြစ်နိုင်တာ ဘာတခုမျှ မရှိဘူးတဲ့ဗျ
ခု
ခင်ဗျား လှလှပပ အသည်းကွဲနေပြီမလား
ဖြစ်တတ်ပါတယ် ...။

ဒီမယ် ... မိတ်ဆွေကြီး
တဆိတ် ... မီးတတို့လောက်ဗျာ
ခင်ဗျား ရင်ဘတ်ထဲက အပူကို
ကျုပ်ဘဝထဲ ကူးစက်လောင်ကျွမ်းသွားအောင်လို့
အပြင်မှာ
နှင်းက
အပြင်းစားကြီး အေးခဲ မာကျောနေ
ဖြစ်တတ်ပါတယ် ...။

ဒီမယ် ... မိတ်ဆွေကြီး
ခေတ်က
ကွဲကွာသွားတဲ့ ငယ်ရည်းစားကို
မှတ်မထင် ...
ကြေကွဲလမ်းမ ...
ပြန်လည်ဆုံတွေ့ကြရသလိုမျိုး
မျက်နှာ မထားတတ်လောက်အောင်
(အဲလိုလည်း ... မဟုတ်သေးဘူးဗျ)
ဖြစ်တတ်ပါတယ်။

မာယာကော့ဗ်စကီး ခင်ဗျား ...
ခင်ဗျားရဲ့ မာရီယာ ဒေဝီခမျာ
သူ့ကို
အဓမ္မ ခိုးယူသွားခဲ့သူတွေကိုမှ
သူက
အချစ်ကြီး ချစ်သွားရှာသတဲ့ ...
အဲဒါ
သြဒက်ဆာမှာ
ဖြစ်ခဲ့ချင်မှ ဖြစ်ခဲ့မယ်
ဒီမှာတော့ အသေအချာကို
ဖြစ်ခဲ့ပြီ ...။

ဒီမယ် ... မိတ်ဆွေကြီး
ခင်ဗျားရဲ့အချစ်က
အောက်တိုဘာမှာ
လွတ်မြောက်တယ် ...
အောက်ခြေလွတ်ခဲ့လေတော့
၂၀ ရာစု နှောင်းပိုင်းမှာ
နှင်းတွေလို အရည်ပျော်သွားတယ် ...
ဒါပေမယ့်ပေါ့
မင့်ရဲ့ အချစ်သာ စစ်မှန်ခဲ့ရင်
ပြန်လည် ထမြောက် ရှင်သန်လာမယ် ...
သေချာတယ်။

ဒီမယ် ... မိတ်ဆွေကြီး
ခင်ဗျား ပြောခဲ့သလိုပါပဲ ...
ခင်ဗျားတို့ ကျုပ်တို့ရဲ့ အချစ်
လွတ်မြောက်မှု စစ်စစ်က
ကိုယ်စီ ပခုံးတွေပေါ်မှာ တည်ရှိတယ် ...။ ။

ကမာပုလဲ
၀၉၊ ၁၂၊ ၂၀၁၁။

No comments: